ထိန်လင်း - နိုင်ငံသစ်သို့ အတွေးများ (၁) ရန်သူသတင်းကို ပေးကြလော့
ဖက်ဆစ်ဂျပန်တို့အား တိုက်ခိုက်နေသော ပြောက်ကျားတပ်ဖွဲ့ဝင်များ |
ထိန်လင်း - နိုင်ငံသစ်သို့ အတွေးများ (၁) ရန်သူသတင်းကို ပေးကြလော့
(မိုးမခ) နိုဝင်ဘာ ၃ ၊ ၂၀၂၃
ရှမ်းပြည်တဝိုက်မှာ စတင်လိုက်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ သီတင်းကျွတ်တပ်လှန့်သံဟာ မြန်မာပြည်အနှံ့ကို ကူးစက်ရုံသာမက ကမ္ဘာတဝန်းက မြန်မာတွေ၊ မြန်မာ့အရေးဆောင်ရွက်သူတွေအတွက်ပါ ခွန်အားတွေ၊ နိုးကြားမှု တက်ကြွမှုတွေ မြင့်တက်သွားပါတယ်။ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ဖို့ ကြွေးကြော်ထားတဲ့ ဒီနွေဦးတော်လှန်ရေးမှာ အချိန်တိုအတွင်း ထင်သာမြင်သာ ဖြစ်ပေါ်ပြောင်းလဲမှုတွေ တွေ့လိုက်ရတဲ့ အခိုက်အတန့်လည်း ဖြစ်ပါတယ်။
ဖိနှိပ်ရက်စက်မှုပေါင်းများစွာကြားက အာဏာရှင်နဲ့ အာဏာရှင်စနစ် မုန်းတီးနေကြတဲ့ပြည်သူတွေရဲ့ ကြိုဆိုမှုတွေ၊ ထောက်ခံအားပေးမှုတွေကိုလည်း တွေ့နေ ကြားနေရပါတယ်။ ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ ကို ထောက်ခံတဲ့အနေနဲ့ ပေါ်ပေါက်ခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့ အသံတိတ်လှုပ်ရှားမှုတွေက လွတ်လပ်လိုသူတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေကို မျက်ဝါးထင်ထင် တွေ့ရမှာဖြစ်ပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းတော်လှန်ရေးအင်အားစုတွေက ဒီကနေ့ဖက်ဆစ်စစ်တပ်ကို တရှိန်ထိုး စတင် စစ်ဆင်တာက အောက်တိုဘာ ၂၇ ရက်နေ့ဆိုတော့ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တဲ့ မတ်လ ၂၇ ရက်နေ့နဲ့ ရက်ချင်းတူနေပါတယ်။ ဖက်ဆစ်တော်လှန်ရေးနဲ့ နွေဦးတော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေးအလံ၊ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်) အလံနဲ့ ဒီကနေ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အလံ၊ တနိုင်ငံလုံး လက်နက်စွဲကိုင် တော်လှန်ပုံ တူညီမှုတွေဟာလည်း တိုက်ဆိုင်မှုတွေ ဖြစ်သလို ဒုတိယလွတ်လပ်ရေးအတွက် အောင်မြင်မယ့် အတိတ်နိမိတ်တွေလည်းဖြစ်ပါတယ်။
တော်လှန်ရေးဆိုတာ တိုက်ဆိုင်မှုတွေ ရှိသလို၊ ပုံသေတွက်ချက်လို့မရတဲ့ အလှည့်အပြောင်းတွေလည်း ရှိတတ်ပါတယ်။ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တဲ့ မတ်လ ၂၇ ရက် ဆိုတာလည်း အကြိမ်ကြိမ်ပြောင်းလဲပြီးမှ သတ်မှတ်ဖြစ်ခဲ့တဲ့ ရက်ဖြစ်ပါတယ်။ နောင်အခါ ဖဆပလ လို့ ပြောင်းလဲခေါ်တွင်မယ့် ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်) တော်လှန်ရေးဌာနချုပ်အစည်းအဝေးက ဂျပန်ကို တချိန်တည်းတော်လှန်မယ့်နေ့ရက်ကို ၁၉၄၅ ခုနှစ် မတ်လ ၂၅ ရက်နေ့ ည ၇ နာရီခွဲတိတိလို့ စတင်သတ်မှတ်ခဲ့တာပါ။ အဲဒီနောက် အခြေအနေအရ ၁၉၄၅ ခုနှစ် ဧပြီလ ၂ ရက်နေ့ ည ၇ နာရီခွဲတိတိကို ပြောင်းရွှေ့ခဲ့ပြီး နောက်ဆုံးမှ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက် ည ၇ နာရီတိတိကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ဖက်ဆစ်တော်လှန်ရေး အောင်မြင်ခဲ့ရခြင်းအကြောင်းတွေထဲမှာ ပြည်သူတရပ်လုံး နေရာအနှံ့ ပါဝင်ခဲ့ကြခြင်းဟာ အရေးအကြီးဆုံးအချက် ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ နိုင်ငံရေးအင်အားစု၊ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်တိုက်တွန်းတာ၊ အသိအမြင်ကျယ်ပြန့်အောင် ကြိုးစားအားထုတ်ခဲ့ရပါတယ်။ တခါတရံမှာ ရှင်းရှင်းလင်းလင်း သိမြင်ဖို့ ထိထိမိမိ ပြတ်ပြတ်သားသား ပြောရဆိုရပါတယ်။
ဖက်ဆစ်တော်လှန်ရေးကာလအတွင်း ပြည်သူ့လွတ်လပ်ရေးတပ်မတော် သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ထုတ်ပြန်ချက်ထဲမှာ လူထုကို ဘာတွေလုပ်ရမယ်၊ ဘယ်လိုနေထိုင်ရမယ်ဆိုတာတွေကို အခုလို ရှင်းရှင်းလင်းလင်း ညွှန်ကြားခဲ့ပါတယ်။
တိုင်းသူပြည်သားအပေါင်းတို့...
၁။ ငါတို့အား ရန်သူ၏သတင်းများကို ပေးကြလော့။ အစားအစာ၊ အဝတ်၊ ဆေး၊ လှေ၊ လှည်း၊ ယာဥ်၊ မြင်း၊ ကျွဲ၊ နွား၊ ဆင်၊ တိရစ္ဆာန်များ ပေးကြလော့။ ငွေများလှူကြလော့။
၂။ ပြည်သူ့လွတ်လပ်ရေးအဖွဲ့များ ဖွဲ့ကြလော့။ လက်နက်များစု၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖွဲ့ကြလော့။
၃။ အစိုးရအမှုထမ်းအားလုံး အထူးပညာသည်များ (ဆရာဝန်၊ အင်ဂျင်နီယာ၊ သူနာပြု အစရှိသည်တို့ဖြစ်သည်) ငါတို့တပ်များရှိရာသို့ ခိုဝင်ကြလော့။
၄။ ကိုယ်ပိုင်လက်နက်ရှိသူများသည် မိမိတို့ရှိလက်နက်များကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များသို့၎င်း၊ ငါတို့တပ်ဌာနများသို့၎င်း လာရောက်အပ်နှံကြရမည်။ မအပ်နှံသူများသည် အပြစ်ပေးခံရမည်။ ငါတို့ထံ၌ လက်နက်စာရင်းများ ပြုလုပ်ပြီးရှိသည်။
၅။ အားလုံးသော တိုင်းသူပြည်သားများသည် အောက်ပါအချက်များကို လုပ်နိုင်သမျှ နေရာများတွင် လုပ်ကြရမည်။
(က) ဂျပန်ထံမှာလုပ်သော အလုပ်သမားများ၊ လက်နက်ပစ္စည်းတွေ ရသမျှယူ ထွက်ပြေးခဲ့၊ သို့မဟုတ် တော်လှန်ပြီး ထွက်လာကြ။
(ခ) ဂျပန်သိမ်းသော ပစ္စည်းအရပ်ရပ် ပြန်လုယူ၊ မယူနိုင်က ဖျက်ပစ်။
(ဂ) ငါတို့ပစ္စည်း အရပ်ရပ် ဖြန့်ပြီးဖွက်ထား၊ မဖွက်နိုင်လျှင် ဖျက်ပစ်။
(ဃ) ဂျပန်၏ သွားလမ်း လာလမ်းများကို ပိတ်ပစ်၊ သို့မဟုတ် ဖျက်ပစ်။ ကြေးနန်းကြိုးတွေ ဖြတ်၊ ဝိုင်ယာလက်ရုံတွေ ဖျက်ပစ်၊ လုယူနိုင်သမျှ လုယူ၊ ဂျပန် ရေးမှတ်ထားတဲ့ လမ်းအမှတ်အသားတွေ ဖျက်ပစ်၊ တံတားတွေ ဖျက်၊ ဂျပန်ကုန်တင်ကားတွေ လှည်းတွေကို တိုက်ယူ၊ မယူနိုင်က ဖျက်ပစ်။
(င) ဂျပန်လက်နက်ရုံတွေ ဓာတ်ဆီရုံတွေ လေယာဉ်ပျံကွင်းတွေကို ဝင်စီးပြီး လုယူ၊ မယူနိုင်က မီးရှို့ ဖျက်ပစ်။
(စ) တွေ့သမျှ ဂျပန်တွေကို ဖမ်း၊ ဂျပန်တွေက ငါတို့တိုင်းသူပြည်သားများကို သတ်လျှင် ၎င်းတို့ကို သတ်ပစ်။
(ဆ) ဂျပန်က ပစ္စည်းသိမ်း၊ ကျွဲသိမ်း၊ နွားသိမ်း၊ လှည်းသိမ်းလုပ်လျှင် အလုပ်မခံနှင့် ပြန်ချ၊ မချနိုင်က ဖွက်ထား၊ ပြေးပုန်းကြ။
(ဇ) ပြေးလာသော ဂျပန်စစ်သား၊ အိန္ဒိယအမျိုးသား စစ်သားများကို ဖမ်းဆီး၍ ကောင်းမွန်စွာ လက်နက်များနှင့်တကွ ငါတို့တပ်တွေရှိရာ ပို့။
(စျ) လမ်းဘေးကျသော ရွာများ မြို့များမှ အားလုံး ရှောင်ရှားနေကြ။
တော်လှန်ရေးဆိုတာ တိုင်းပြည်ရဲ့အနာဂတ် အပြောင်းအလဲဖြစ်ဖို့ ပုံဖော်နေတဲ့ စီမံကိန်းတစ်ခုပါ။ ဒီစီမံကိန်း ပြီးဆုံးအောင်မြင်ဖို့ အဘက်ဘက် ကဏ္ဍအသီးသီးက နေရာစုံ၊ လူစုံ တာဝန်ကိုယ်စီ ထမ်းရွက်ကြဖို့ လိုအပ်ပါတယ်။ လုပ်နေတဲ့သူတွေ ရှိကြတာပဲ၊ သူတို့ပဲ လုပ်ပါစေ ဆိုတဲ့ အချောင်သမားစိတ်ထားတွေ မမွေးကြဘဲ ကိုယ်နိုင်တဲ့ဝန်ကို ဝိုင်းပြီး ထမ်းကြဖို့ လိုပါတယ်။ အာဏာရှင်နဲ့ သူတို့ဘက်တော်သားတွေကြောင့် ဒုက္ခရောက်နေရသူတွေကို ကိုယ်ချင်းစာစိတ် ထားနိုင်ရင်ပဲ အလကား အချိန်ဖြုန်း ပျော်ပါးနေတတ်တဲ့ အလေ့အထတွေ လျော့နည်းလာမှာ ဖြစ်ပါတယ်။ အဲဲဒီထက် တဆင့်တက်ရင်တော့ တော်လှန်ရေးထဲမှာ ပါဝင်လာပြီပေါ့။
ဒီကာလဟာ တိုက်ပွဲတွေ အချိန်မရွေး ကိုယ့်ရှေ့မှောက် ရောက်လာနိုင်တဲ့အချိန်ဖြစ်တာမို့ သတိရှိရှိ၊ အသိဉာဏ်ရှိရှိ နေထိုင် ရှင်သန်ရမယ့်အချိန်ဖြစ်ပါတယ်။ အနိမ့်ဆုံးတော့ မသိလိုက်မသိဘာသာ အာဏာရှင်အားပေး ဖြစ်မယ့် လုပ်ရပ်မျိုးတွေကို ရှောင်ရှားသင့်ပါတယ်။ အာဏာရှင်စနစ် ဆက်လက်ပြီး အမြစ်မတွယ်နိုင်ဖို့ တော်လှန်နိုင်ရင် တော်လှန်၊ ခုခံနိုင်ရင် ခုခံ၊ သတင်းပေးနိုင်ရင် ပေး စသဖြင့် ကိုယ်နိုင်တဲ့ဝန်ကို ထမ်းရင်း တော်လှန်ရေးခရီးကို အတူတကွ လျှောက်ကြရအောင်ပါ။ ။
၂၀၂၃ အောက်တိုဘာ ၃၁
ရည်ညွှန်း
ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့် ဗမာ့လွတ်လပ်ရေးတိုက်ပွဲ သမိုင်းဝင်စာတမ်းများ (ရဲဘော်တစု) စန်းမြင့်ထွန်းစာပေ ၁၉၇၈ မတ်လ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar