ကိုအောင်မှိုင်း - မောင်းကွင်း စနက်တံ
မောင်းကွင်း စနက်တံ
ကိုအောင်မှိုင်း
(မိုးမခ) ဇန်နဝါရီ ၁၆ ၊ ၂၀၂၄
ရိုးမတို့ရဲ့
တောက်ခေါက်သံဟာ
မိုးကြိုးအစင်းတရာ ပစ်သလိုပဲ။
မေခ မေလိခ ဧရာဝတီတို့ရဲ့
ပေါင်းစည်းသံဟာ
အဏုမြူဗုံးထက် ပြင်းထန်တယ်။
ရိုးမမှာ ကျခဲ့တဲ့ သွေးဟာ
အညာမြေမှာ ကျဆဲသွေးလို
စေးပျစ်ပြီး နီရဲတယ်။
နှစ်ပေါင်း ၇၀ ကျော်
ကျခဲ့တဲ့ သွေးမြစ်ကြီးတွေမှာ
နွေဦးအိပ်မက်တွေ ကိုယ်စီနဲ့။
အနစ်နာခံပါ
ကိုယ်ကျိုးစွန့်ပါ
တော်လှန်ပုန်ကန်ကြပါ
သေမှာ မကြောက်ကြပါနဲ့
ဒါတွေက
တို့နိုင်ငံရဲ့ နေ့စဥ်သုံး စကားတွေပေါ့။
နှောင်ကြိုးအားလုံး
တပြိုင်နက်ရိုက်ချိုး
ကြယ်တွေကြွေတိုင်း
စိတ်ရိုင်းဝင်ကြ အံကြိတ်ကြ
ဒါတွေက
တို့နိုင်ငံရဲ့ မြင်နေကြ ဘဝတွေပေါ့။
လူလိမ်တယောက်ရဲ့
မျက်ရည်ချူသံဟာ
ကျားရိုင်းတကောင်ပြောတဲ့
မယုံရင်ပုံပြင်မှတ် ဆိုသလိုပဲ။
ဒေါ်မာမာအေးရဲ့
သက်တံပေါ်မှာ ကစားချင်တာလား
အောင်ပွဲ ဆက်ဆက်ခံချင်တာလား
ဒါမှမဟုတ်
ခွေးမြီးကောက်
ကျည်တောက်စွပ်ချင်ကြတာလား။
အမျိုးတို့
သူများကို လက်ညှိုးမထိုးကြနဲ့
ထိုးရမှာက ကိုယ့်ကိုယ်ကိုယ်ပဲ။
မာန်ဟုန်ပြင်းပြင်း
စစ်တလင်းမှာ စစ်ခင်းဖို့ပြင်
ကျားကုတ်ကျားခဲ ရဲရဲတိုက်ပွဲဝင်
တိုက်ခိုက်ချေမှုန်း အားကုန်သုံးကြ
အရှေ့မှာရောင်နီ ရေးရေးမြင်ပြီ
မောင်းကွင်းစနက်တံကို နာခံကြလော့။
-