ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မအလမှ မရဏသို့
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မအလမှ မရဏသို့
(မိုးမခ) ဇန်နဝါရီ ၁၇ ၊ ၂၀၂၄
အင်း ပလက်ဝလဲ ဖလက်ပြပြီဆိုတော့ ပီဒက်တွေ ရခိုင်၊ ချင်း၊ စစ်ကိုင်းမှသည် တနိုင်ငံလုံးဆီ စိုင်းချင်တိုင်း စိုင်းကြပြီပေါ့လေ။ အနောက်ကြီးပွါးရေးဂိတ်ရော အရှေ့စီးပွားရေးဂိတ်ပါ ညီနောင်လာ တံခါးပိတ် ဂျိတ်ပြီး တောင်သမီးရည်းစားရေးဂိတ်လဲ ကျားဖြန့်ကြိတ်ရင် ပိတ်တော့မယ်ဆိုတော့ မအလခမျာ အလည်ချောင်မှာ မလွယ်ပေါင်ဗျာ အခြေအနေ။ ဗျူဟာတွေလဲ ချူချာ၊ ဌာနချုပ်တွေလဲ ဗာလငနုတ်ကို မသာချဖို့လုပ်တဲ့အနေနဲ့ လာဖြဲတဲ့တပ် အသာလွဲအပ်ကုန်ကြပြီဆိုတော့ကား မအလမှ-မရဏသို့ လမ်းကြောင်းလည်း ပေါ်ပြီဆိုပါတော့။
တပ်ဆိုတာကလဲ အငတ်နဲ့ ငတုံး လာစုနေတာဆိုတော့ တကယ်လည်း အသက်ရင်း မဗြင်း၊ ရင်းလောက်စရာ စောက်ကြောင်းကလည်း တကြောင်းမှ မတွေ့၊ တွေ့ပြန်တော့လည်း ဉာဏ်ချင်းက မမီ၊ ထီသလား ဆိုတော့လဲ ဗိန်းဗိန်းချည်းဆိုသလို အင်း ဟို ဗိုလ်လေး ချုံးပွဲချငိုဆို ငိုလောက်တာကိုး။ တကယ့် တိုက်ရမယ့်ကောင်တွေက အမှောင်စွန့်အလင်းဝင်၊ စစ်ဆင်ရမယ့်ဗိုလ်တွေက စာမလိပ်၊ အိတ်ဖောင်းတဲ့ကောင်တွေကလဲ အရိပ်ကောင်းရှာ၊ ဒေါ်လာသမားတွေကလဲ တော်ရာသွား၊ စစ်သားဘဲသေ မီးရှို့ကာ နေရစ်ပေတော့လုပ်လို့ မရတော့ဘူးလေ။ အင်း သတ္တိတို့ ဗျတ္တိတို့ဆိုတာလဲ ဉာဏ်နဲ့ နှလုံးသားရှိမှ ခတ်ကြည့်လို့ မီးပွင့်တာမျိုးမဟုတ်လား။
မအလကလည်း ဗိုလ်သန်းရွှေလို အိုမင်းမစွမ်းထိ စစ်ဗိုလ်ပဲ လုပ်နေချင်တာ။ ဒါမှ မဟုတ်ရင် အသက်က ဖက်နဲ့ထုပ်ထားရတဲ့ အခြေစိုက်မှာလေ။ သမ္မတလုပ်ရင် ICJ တုတ်နဲ့ နှက်ခံရမှာ သိတယ်။ သမ္မတဆို တခြားနိုင်ငံတွေ ဘာတွေ သွားရရင် ကားနိုင်တာကိုး။ ဗိုလ်ချုပ်မှူးကြီးဆိုတော့ ဒူးနံ့နှပ်နေရုံ။ ရွှေကြီးတုန်းကလည်း ဘယ်မှမထွက်၊ မထွက်လေ အသက်ရှည်။ အခက်ပွေလာရင် နိုင်ငံခြားရေးဝန်ကြီးလွတ်၊ တရာဖိုးသုံးပုဒ်တွေ အလွတ်ကျက်ပြောခိုင်း။
စစ်အားကောင်းရင် ဂျစ်ကားမောင်း မပျက်ဘူး မဟုတ်လား။ တပ် မပိုင်ရင်တော့ ကျပ်တောင်ကိုင်ဘို့မလွယ်၊ ဒေါ်လာဆိုဝေး၊ ဒါကို ကလေးတောင် သိပေမယ့် ခုတော့ ပီဒက်တွေက တရက်ပြီးတရက် တချက်ပြီး တချက်နဲ့ တသက်ပြီး တသက် ရပ်တော့ တပ်ဟာ ကမ်းပါးရေလှီးသလို တဒီးဒီးပါကုန်လို့ ဘာလုပ်ရမယ် မသိ၊ တပ်ထုံးစံအတိုင်း တရုတ် သရဏံ ဂစ္ဆာမိရတာပ။ ကယ်ပါ ယူပါပေါ့လေ။ ကယ်လည်းကယ် ယူလည်းယူ။ မြေကို ယူသည်၊ ရေကို ယူသည်၊ ပြီးတော့ ပြည်ကိုပါ ယူသည် ဇာတ်ခင်းပြီးပေါ့။ အင်း သိတယ်ဟုတ်၊ ခွေးတပ်ရဲ့ ခွေးဇာတ်ဆိုတာလေ။
မအလ စိတ်ကူးနဲ့ ရူးသမျှ ဒူးမယ့်သူရှားလာ၊ ပါးလွှာ။ အသားနာရာက အသည်းပါ နာလာကြပြီလေ။ ခုက သူနဲ့ ဗိုလ်ချုပ်ထိ အဆင့်လောက်ကသာ ဗလာဗလာလုပ်နေကြတာ။ တကယ်တော့ အဲဒီအဆင့်တွေက တပ်ပိုင်တယောက်မှ မရှိ။ တကယ် တပ်ပိုင်တာက ဗိုလ်မှူးချုပ်အဆင့်တွေနဲ့ ဗိုလ်မှူးကြီးတွေ၊ တပ်ရင်းမှူးတွေ။ အဲဒီလူတွေက ကိုယ့်မြို့ ကိုယ့်ရွာ မီးပြန်ရှို့ရ၊ ကိုယ့်ဆွေကိုယ့်မျိုး ပြန်သတ်ရ၊ ကိုယ့်သားသမီး ကိုယ့်မိသားစု ကိုယ့်ဘာသာ တကျွန်းချ။ သက်သက် ကိုယ့်ပြည်သူကို ဒုက္ခမျိုးစုံပေး။ ကိုယ့်တိုင်းပြည် ကိုယ်ပြန်ဖျက်ဆီး။ ထမင်းစား ကြီးလာကြတာဘဲလေ။ ကိုယ်မဟုတ်တာလုပ်တာ ကိုယ်သာ အသိဆုံး၊ ကိုယ့်ရုပ်နဲ့ ကိုယ့်နာမ်ကို ရွံမုန်းစက်ဆုပ် တဖြည်းဖြည်းသေးနုတ်သိမ်ငယ်၊ လူရည် စိတ်ရည်မကွယ်ခင် လက်နက်ချကြပြီလေ။
၈၈ အရေးအခင်းတုန်းက တပ်မတော်ကို ခေါင်းဖယ်ပြီး ကိုယ်ပဲယူမယ် ပြောခဲ့ကြတယ်။ ခုတော့ အပေါ်ပိုင်းက ကိုယ်ရယ် ဇက်ရယ် ရင်ရယ်ပါဖယ်၊ အောက်ပိုင်းက ခြေဖယ်၊ ဘေးဘက်က လက်ဖယ်၊ ဗိုက်နဲ့ခါးလေးချန်၊ အဲဒါလည်း ကြာကြာတော့ မခံဘူးပေါ့လေ။ ဗိုက်နဲ့ခါးဖြစ်တဲ့ လက်နက်ချကြတဲ့ တကယ် တပ်ပိုင်ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်မှူးကြီးတွေ၊ တပ်ရင်းမှူးတွေကတော့ တပ်ကို တာဝန်ယူဇာတ်သိမ်းပေးဖို့ လိုသေးတာကိုး။
ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ချိန်စက်ကြည့်ရင် ဒီတပ်က ဆက်ရှိဖို့မှ မလိုတော့တာဘဲ။ အဲဒီတပ်မရှိရင် နောက်ထပ်လည်း တပ်မလိုတော့ဘူး မဟုတ်လား။ နိုင်ငံရေးအလံကို မြင့်မြင့်မားမား ထူကြပေါ့။ နိုင်ငံရေးအရည်အသွေး အစွမ်းကုန်မြှင့်ကြပေါ့။ တိုင်းပြည်ကလေး တပ်ဒဏ်က အနားရပါစေပေါ့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar