Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၅၇ )


အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၅၇ )

(မိုးမခ) ဇန်နဝါရီ  ၁၄၊ ၂၀၂၄

13/1/24

Diary in the darkness


မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီ အပစ် ရပ်လက်မှတ်ထိုးလိုက်ပြီ။ 

ရောက်တဲ့နေရာက ရှေ့ဆက်မတိုးဖို့၊ ညီနောင်သုံးဖွဲ့က မြို့သိမ်းတိုက်ပွဲတွေ ဆက်မလုပ်ဖို့၊ စစ်ကောင်စီက ညီနောင်သုံးဖွဲ့သိမ်းထားတဲ့ မြို့တွေကို စစ်ကောင်စီက ဗုံးမကြဲဖို့ အကြမ်းအားဖြင့် သဘောတူကြတယ်လို့ သူငယ်ချင်းတွေက ဖုန်းဆက်ကြတယ်။ နှစ်ဖက်စလုံးအတွက် အဆိုးအကောင်းတွဲလျှက် ပါဝင်တယ်လို့ လဲ ပြောပါတယ်။ တရုတ်က "ဦးဆောင်ညှိနှိုင်းပေးတယ်" လို့ ဆိုပါတယ်။ ဝေဖန်သူတွေက တရုတ်က "ဖိအားပေးတယ် " လို့ မှတ်ချက်ပေးပါတယ်။ အသေးစိပ်မညှိရသေးတာမို့ ညှိနှိုင်းရေး အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ မပြောနိုင်သေးပါဘူး။ 

လောက်ကိုင် ကိုဝိုင်းထားချိန်က ညှိနှုင်းရေးဟာ တခါတည်းနဲ့ မအောင်မြင်ခဲ့ပါဘူး။ စစ်ကောင်စီက လောက်ကိုင်မြို့ကို ဗုံးမကြဲ‌ရေး၊ ညီနောင်သုံးဖွဲ့က စစ်ကောင်စီတပ်တွေကို ထွက်ပေါက်ပေးရေး သဘောတူခဲ့ပေမယ့် လက်တွေ့မှာ စစ်ကောင်စီက လောက်ကိုင်မြို့ကို ဗုံးကြဲခဲ့ပါတယ်။ အဲဒါကြောင့် လောက်ကိုင်မှာ မြေပြင်တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ရတယ်။ နောက်ဆုံးတော့ စစ်ကောင်စီတပ်သား နှစ်ထောင်ကျော်၊ တပ်မိသားစု နှစ်ထောင်နီးပါး၊ စုစုပေါင်း အင်အား လေးထောင်နီးပါး ညီနောင်သုံးဖွဲ့ဆီမှာ လက်နက်ချခဲ့ရတာ မျက်မြင်ပါပဲ။ 

ဒါ့အပြင် နိုင်ငံရေး စစ်ရေးခန့်မှန်းသူတွေက စစ်ကောင်စီ လက်နက်ချအင်အား လေးထောင်လောက်ဟာ လားရှိုးခံစစ်စခန်းမှာ ပူးပေါင်းပြီး ညီနောင်သုံးဖွဲ့ကို ခံတိုက်မယ်လို့ ခန့်မှန်းကြတယ်။ လက်တွေ့မှာ ဒီလိုမဟုတ်ပြန်ဘူး။ လောက်ကိုင်မှာ အထက်အမိန့်အရ လက်နက်ချခဲ့တဲ့ စစ်ဗိုလ်ချုပ် ခြောက်ယောက်ကို စစ်ကောင်စီက စစ်ခုံရုံးတင်တယ်။ 

နောက်ဆက်တွဲ အနေနဲ့ လောက်ကိုင်လက်နက်ချတပ်တွေက စစ်ကောင်စီကို ပုန်ကန်နေတယ်ဆိုတဲ့သတင်းတွေ ပြန့်လာပြန်တယ်။ ဆက်တိုက်ဆိုသလိုပါပဲ စစ်ကောင်စီတပ်က လောက်ကိုင်လက်နက်ချတွေနဲ့ လောက်ကိုင်မြို့ကို ဗုံးတွေ အဆက်မပြတ်ကြဲနေတယ်။ လားရှိုးမြို့ကို ညီနောင်သုံးဖွဲ့က ဝိုင်းထားပြီ၊ လားရှိုး ကျတော့မယ် ဆိုတဲ့သတင်းတွေ တက်လာတယ်။ မရှေးမနှောင်းပဲ မင်းအောင်လှိုင် လားရှိုး ရောက်နေတယ်၊  တပ်တွင်းညီညွတ်ရေးကို ဆောင်ရွက်နေတယ် ဆိုတဲ့ အသံတွေ ထွက်လာပြန်တယ်။ အခုတခါတော့ တရုတ်ဦးဆောင်တဲ့ ကျင်းပတဲ့ ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီ အပစ်ရပ်ရေး လက်မှတ်ထိုးတဲ့ သတင်းတက်လာတော့တာပါပဲ။ 

ဘာဆက်ဖြစ်မယ် ဘယ်သူမှ မသိပါဘူး။

သူငယ်ချင်းတစ်ယောက် သုံးသပ်တာက စစ်ကောင်စီ အောက်ခြေတပ်သားတွေဟာ တိုက်တိုင်းရှုံးနေတာကြောင့် တကြောင်း၊ ထိပ်ပိုင်းစစ်အရာရှိတွေရဲ့ အကျိုးစီးပွားအတွက် အသေမခံလိုတော့တာကြောင့် တကြောင်း၊ စစ်မတိုက်လိုကြတော့ဘူး။ အချို့စစ်အရာရှိကြီးတွေကတော့ ချမ်းသာကြွယ်ဝလာကြပြီမို့ ရှုံးမယ့်စစ်ပွဲကို မတိုက်လိုကြတော့ပါဘူး။ စစ်တိုက်ဖို့ထက် စီးပွားရေးကိုပဲ လုပ်ဆောင်လိုကြပါတယ်။ မင်းအောင်လှိုင်နဲ့ နီးစပ်သူတွေကတော့ လောဘမသတ်နိုင်ကြသေးပါဘူး။ 

ကျွန်တော်ငယ်ငယ်က ဗိုလ်ခင်ညွန့်စစ်ထောက်လှမ်းရေးတွေ ပြောစကားကို ပြန်ကြားယောင်မိတယ်။ "ဝ တွေ ကိုးကန့်တွေကို စီးပွားရေးလုပ်ခွင့် (တနည်းအားဖြင့်) ဘိန်းလုပ်ခွင့်ပေးတာဟာ သူတို့ကို စီးပွားရေးအကျဉ်းထောင်ထဲ ထည့်ပိတ်ပြီး စစ်ရေး အားနည်းအောင်လုပ်ပြီး ချေမှုန်းဖို့" ဆိုတဲ့စကားပါ။ ခုတော့ စစ်ထောက်လှမ်းရေးဗိုလ်ခင်ညွန့်ရဲ့ ထောင်ချောက်ထဲမိနေသူတွေက စစ်ကောင်စီတပ်တွေ ဖြစ်နေပါပြီ။ ဒေါ်စိန်အေးကျောင်းဆင်းတွေဟာ မူးယစ်ဆေးစွဲသူစွဲ၊ မူးယစ်ကုန်ကူးသူဖြစ်သူဖြစ်၊ တရားမဝင်ငွေကြေးနွံနစ်သူနစ်နဲ့ ဖြစ်ကုန်ကြပြီ။ စစ်ကြောင်းတခုထွက်ဖို့ မဖြစ်မနေလုပ်ရတဲ့အလုပ်က မူးယစ်နဲ့ချိတ်ဆက်တဲ့လုပ်ငန်းတွေ ဖြစ်နေပါတယ်။ အောက်ခြေစစ်သည်တွေ စစ်တိုက်ရဲဖို့ မူးယစ်ဆေး သုံးခွင့်ပြုရသလို စစ်စရိတ်အတွက် ကုန်ကျငွေကို သုံးနိုင်ဖို့ စစ်အရာရှိတွေက မူးယစ်ကုန်ကူးသူအဖြစ် တဖက်တလမ်းက လုပ်ကိုင်လာရပါတယ်။ နိုင်ငံတော်က ချပေးတဲ့ စစ်စရိတ်ကတော့ ထိပ်ဆုံးက ဗိုလ်ချုပ်မှူးကြီးတွေ အတွက်ပါ။ စစ်အရှိန်ရလာတော့ စစ်ကောင်စီတပ်ဟာ ဘိန်းစားတပ်ကြီး ဖြစ်လာပြီး အလံဖြူထောင်ဖို့သာ စိတ်စောနေတဲ့ အခြေစိုက်သွားပါတော့တယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့ ထိပ်တိုက်တွေ့အခါ စစ်ကောင်စီတပ်ဟာ ဘိန်းမှိန်းရာက လန့်နိုးသလို ဖြစ်သွားတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ နောက်ကျသွားပါပြီလို့ ဆိုပါတယ်။ 

သူငယ်ချင်းရဲ့ အမြင်ဟာ အလုံးစုံမှန်ကန်မှု မရှိရင်တောင်မှ တစိတ်တပိုင်းတော့ မှန်နေတယ်လို့ထင်ပါတယ်။ 

ဒီလိုနဲ့ စစ်ရှုံးလိုက်၊ အပစ်ရပ်ရေးလုပ်လိုက်၊ ရွေးကောက်ပွဲ ထ အော်လိုက်နဲ့ စစ်ကောင်စီဟာ မပြန်လမ်းကို မြန်းနေတာ အမြင်အထင်ပါပဲ။

ကျွန်တော်ကတော့ ဆရာဝန် ညွှန်ကြားချက်အတိုင်း တနေ့ကို ခြေလှမ်းတစ်သောင်း လျှောက်နေရပါတယ်။ ဪ ဝေးဝေးတော့ မဟုတ်ပါဘူး။ အိမ်ရှေ့က လမ်းကလေးမှာပါ။ လမ်းထဲက ကလေးတွေ ခွေးတွေကို နှုတ်ဆက်လိုက်၊ လက်ပြလိုက် နဲ့ပါ။

ဒီရက်ပိုင်းမှာတော့ ဘေးအိမ်က ခြံစည်းရိုးအုတ်တံတိုင်းခန့်ခန့်ကြီး ခတ်ပြီးမို့ ခြံဝင်းထဲက နုတ်ပစ်ခဲ့ရသော စားပင် သီးပင်ကလေးတွေ ပြန်စိုက်ဖို့ မြေဆွနေရ၊ မြေပြင်နေရ၊ မြေဆွေးထည့်နေရ။ 

လမ်းထဲက လူတွေကလည်း မဲဇလီ၊ ဂွေးတောက်၊ ကင်ပွန်းချဉ်၊ ရွဲယို၊ သင်္ဘောပင် ၊ သရက်၊ မကျဉ်းပင်ပေါက်ကလေးတွေ လာပေးကြ။ အိမ်နီးချင်းကောင်းတွေရှိတော့ စိတ်ချမ်းမြေ့ရ။ ကိုယ်ကလည်း အိမ်နီးချင်းကောင်းပီသဖို့လိုသလို အိမ်နီးချင်းကောင်း တန်ဖိုးကိုလည်း သိဖို့ လိုသပ။

ကျွန်တော်တို့အချင်းချင်း ကျင့်ဝတ်ကောင်းတွေရှိပြီးသားလို့ ယုံကြည်ကြတော့ လက်မှတ်တွေထိုးဖို့ မလိုပါ။

အန်ကယ် တူမီး

13/1/24



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar