Breaking News

ဆယ်ပေါင်တူ - ‘ပွဲကြိုက်ကြင်’၏ ဗျူဟာဆန်းများ


ဆယ်ပေါင်တူ - ‘ပွဲကြိုက်ကြင်’၏ ဗျူဟာဆန်းများ

(မိုးမခ) ဇန်နဝါရီ ၁၄ ၊ ၂၀၂၄


‘အဟမ်း အဟမ်း ကျုပ်ကတော့ ဘာပွဲပဲဖြစ်ဖြစ် ပြုံးပြုံးပြုံးပြုံးနဲ့ ရှိသမျှပွဲ တရစပ် နွှဲလိုက်ချင်ပါတဲ့ ‘ဘတ်ဘတ် ပွဲကြိုက်ကြင်’ဆိုတာကိုးဗျ’ ဟူ၍တော့ ကြင်စိုး၏ ပါးစပ်ကမထွက်။ သို့ပါသော်လည်း ‘ပွဲကြိုက်ကြင်’ဆိုသည်နှင့် မည်သူ့ကို ရည်ရွယ်ပြောဆိုမှန်း အရွယ် ၃ ပါး မရွေး သဘောပေါက်ကြပြီးဖြစ်၏။

အနှီပွဲကြိုက်ကြင်နှင့် ပတ်သက်ပြီး ဇာတ်လမ်းစုံ တနေ့တမျိုး မရိုးနိုင် အောင် နေ့စဉ်ထွက်ပေါ်တတ်သည်။ မြောက် ကြွမြောက်ကြွနှင့် ဆောင့်ကြွားကြွား လမ်းလျှောက်တတ်သူများကို ဖနောင့်သံစူးနေသူများဟု ပျက်ရယ်ပြု‌လေ့ ရှိသည်။ အခုလို ဆောင့်ကြွားကြွားနေဖို့ ဘယ်လိုမှ မဖြစ်နိုင်သည့် စစ်ရေးအခြေအနေမျိုးမှာ ကြင်စိုးတယောက် ဖ နောင့်သံစူးပြီး မြောက်ကြွဘဝ ရောက်သွားသည်ဆိုသည်ကလည်း ပြောစရာကိုဖြစ်လို့။

‘ဒါ ငါ့ကို လုပ်ကြံဖို့ အကွက်ချ ကြံစည်လိုက်တာပဲ’

‘ဟာ အဘကလဲ၊ အဘကို အသေသတ်ချင်မှတော့ ဖနောင့်ကို သံစူးအောင် လုပ်ပါ့မလား၊ ဦးနှောက်ကနေ ထုတ် ချင်းပေါက်သွားအောင် ခေါင်းကသံမှိုရိုက်သွင်းနိုင်ဖို့ စဉ်းစားကြမှာပေါ့’

မဲလုံးပြောတာ ဟုတ်သလိုလိုရှိသော်လည်း သူပြောတာသာအမှန်ဆိုပြီး အမြဲစကားနိုင်လုတတ်သည့် ကြင်စိုးက

‘ငါ့ခေါင်းထဲ ဦးနှောက်မပါတာကို သူတို့သိလို့ နေမှာပေါ့’ဟု ပြန်ပက်သည်။ပြီးတော့မှ ‘ငါပြောတာ မင်းသေချာ နားထောင်’ဆိုကာ ရှင်းပြသည်။

‘ဖနောင့်သံဆူး ဗျောက်မှန်ရူးတဲ့ကွ၊ ဗျောက်နဲ့ပစ်ပြီး အရှင်းခံရမှာ၊ ရူးသွပ်သွားမှာကို ဆိုလိုတာ’

မဲလုံးတွေကနဲ ဖြစ်သွားသည်။ ဒါကဟုတ်သလိုလိုတော့ ရှိသည်။

‘ကြည့်ရတာ ဗျောက်ကိစ္စတော့ အဘက ကြောက်ပြီး၊ ရူးမယ်ဆိုတာကိုတော့ အဘက သိပ်မလန့်သလိုပဲ’

‘အေး မင်းမို့ပြောပြရဦးမယ်၊ ရူးတဲ့ကိစ္စကို မလန့်ဘူးဆိုတာက ငါကရူးပြီးသားကွ၊ အခုဆို စိတ်ရောဂါဆေးတွေ ညတိုင်းသောက်နေရတာ၊ အရမ်းတော့ မဆိုးသေးဘူး ထင်တာပဲ၊ ယဉ်ယဉ်လေးနဲ့ ရူးတယ် ဆိုတာမျိုးပေါ့ကွာ’

အင်း စိတ်ထဲကတော့ ထင်သားပဲဟု တွေးရင်း မဲလုံး ကြင်စိုးနား သိပ်မကပ်ရဲတော့။ တော်ကြာစိတ်ထဖောက်လာမှ ဒုက္ခဟု တွေးမိသည်။ဪ ငါလည်းအရူးကျွန် ဖြစ်မှန်းမသိဖြစ်နေပြီဟု တွေးမိကာ မဲလုံးစိတ်ညစ်သွားသည်။


တချိန်တည်းမှာပဲ ကြင်စိုးရုံးခန်းထဲ မျက်လုံးဝေ့ကြည့်မိသည့် မဲလုံးမှာ မျက်နှာချင်းဆိုင် နံရံပေါ်က ကြင်စိုး ဓါတ်ပုံ ဇောက်ထိုးကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဒါကိုရိပ်မိသွားသည့် ကြင်စိုးက

‘အံ့ဩမနေနဲ့၊ ဒါငါ့ရဲ့ စစ်နည်းဗျူဟာအသစ်။ မင်းတို့လည်း ငါ့လိုလိုက်လုပ်ကြ’

ဝေခွဲမရ ဆက်ဖြစ်သွားသည့် မဲလုံးကို ခြင်းကြားတပ်မတော်ကြီး၏ စစ်သေနာပတိချုပ်ကြင်စိုးက သူ၏ စစ်နည်း ဗျူဟာသစ်ကို ထပ်ရှင်းပြသည်။

‘ကြည့်လေ၊ လောက်ကိုင်မှာ ဘယ်သူနိုင်သွားလဲ၊ ပုံတွေဇောက်ထိုး ချိတ်ခံရတဲ့သူတွေကပဲ နိုင်သွားတယ်။ ဒီနေ့က စပြီး ရှိသမျှ ငါတို့ ဓါတ်ပုံတွေကို ဇောက်ထိုးဆွဲပြီးချိတ်ကြ။ ဒါဟာ စစ်နိုင်သူတွေဖြစ်ဖို့အတွက် ငါ့ရဲ့ နံပါတ်(၁) စစ် နည်းဗျူဟာသစ်ပဲ’

ကြာလေလေ သုံးစားမရတာ ပိုပေါ်လာသလို ပိုပိုလည်းပေါချာလာသည့် ကြင်စိုးကြီးပဲဟု မဲလုံးတွေးလိုက်သည်။ ဒီလိုလူမျိုးက ဒေါ်စိန်အေးကျောင်းအုပ်ဖြစ်၊ ကာချုပ်ဖြစ်တဲ့နောက်မှတော့ အောက်ကလူတွေ စစ်မတိုက်တတ် ကြတာ ဘာများဆန်းသလဲဟုလည်း ဆက်စဉ်းစားမိသည်။ ဘာပဲဖြစ်ဖြစ် ခါတိုင်းလို မြှောက်ပေးပင့်ပေး မလုပ်ပြန် ရင်လည်း တွေ့ရာလူ သံသယဝင်နေတဲ့အခိုက် အန္တရာယ်ဖြစ်နိုင်လေတော့ မဲလုံး စိတ်ဝင်စားပုံဖမ်းရင်း ထပ်မေး လိုက်သည်။

‘အဘကိုတော့ ဘယ်သူမှ လိုက်လို့မမီဘူး၊ ဒါကြောင့် ဘကြင် ဘကြင် ဆိုပြီး ဖြစ်နေတာ။ ထပ်ပြောပြပါဦး၊ ဘ ကြင်ရဲ့ စစ်နည်းဗျူဟာ အမှတ်(၂) အကြောင်းကို’

‘ကဲ ဒါဆိုလိုက်ခဲ့’ ဟုဆိုကာ ကြင်စိုးရှေ့ကထွက်သွားရာနောက် မဲလုံး လိုက်ခဲ့သည်။ ခန်းမကြီးတခုတွင်းသို့ အ ရောက်တွင် လူများစွာ စုဝေးနေသည်ကို တွေ့ရသည်။

‘အင်း ဒါက ဘကြင်ကို ထောက်ခံတဲ့သူတွေ ဘကြင်ဘက်က ဝင်တိုက်ပေးတဲ့သူတွေကို စုထားတာဖြစ်မယ်။ ဒီလို ကျပြန်တော့လည်း ငါတို့အဘက စိတ်သာသိပ်မမှန်ရှာတာ အကြံဥာဏ်တော့ ကောင်းသားပဲ’ ဟု မဲလုံးတွေးမိ လိုက်သည်။

‘ဒါက နေပြည်တော်ကလူတွေပဲ ရှိသေးတယ်၊ တပြည်လုံး ဒီဗျူဟာအတိုင်း ဆက်လုပ်ဖို့ရှိတယ်’

မဲလုံး စိတ်ဓာတ် အတော်တက်ကြွသွားသည်။

‘သူတို့အားလုံး ရှေ့တန်းသွားကြမှာလား၊ ဟိုတငိုငို တရယ်ရယ်နဲ့ မျက်ရည်၊ နှပ်ရေ ၊သွားရေတွေ စီးကျနေတဲ့ သူကြီးရောပါလား’

မဲလုံးစကားအကြား ကြင်စိုးက နားမလည်သလိုနှင့် လှည့်ကြည့်သည်။ ‘မင်းကဘာထင်နေတာလဲ၊ သူတို့က ရှေ့ တန်း သွားမယ့်သူတွေ မဟုတ်ဘူး နံမည်ပြောင်းဖို့ ငါခေါ်ထားတာ’

ကြင်စိုးပြောစကားကို မဲလုံးနားမလည်သဖြင့် ကြင်စိုးမျက်နှာကိုကြောင်ပြီး ကြည့်နေမိသည်။ ပြီးမှ ‘ဘာ့ကြောင့် လူတွေကို နံမည်ပြောင်းခိုင်းရတာလဲ’ဟု မေးလိုက်သည်။

‘အခုတလော မြို့တွေ ဆိုးအောက် ဆိုးအောက် ဖြစ်နေတာ ဒီကောင်တွေကြောင့်ကွ’

‘အဲဒါဆို သူတို့က ERO တွေလား၊ PDF တွေလား’

‘မင်းပြောတာ တခုမှမဟုတ်ဘူး၊ သူတို့က ‘စိုးအောင်’တွေ၊ သူတို့အားလုံးရဲ့ နံမည်က ‘စိုးအောင်’၊ ‘စိုးအောင်တွေ များနေသမျှ ဆိုးအောက်တွေလည်း များနေမှာမို့’ သူတို့ကို အတင်းနံမည်ပြောင်းခိုင်းနေတာ၊ ကြိုက်တဲ့ နံမည် အသစ်ကိုသာရွေးကြ၊ မှတ်ပုံတင်အသစ်လည်း ထုတ်ပေးမယ်လို့ ပြောထားတယ်’

မဲလုံးလည်း ဘာမှ ပြန်မပြောနိုင်အောင်ဖြစ်သွားသည်။ အင်းလေ၊ ဘာမှမလုပ်တတ်ကြတဲ့နောက် ဟုတ်လို ဟုတ် ငြား စိုးအောင်တွေနည်းသွားရင် ဆိုးအောက်တွေလည်း လျော့သွားမလား စောင့်ကြည့်ရမှာပေါ့ဟု တွေးလိုက် သည်။ တွံတေးစိုးအောင်သာ ရှိနေသေးရင် တော်တော် စိတ်ညစ်သွားမှာပဲလို့လည်း စဥ်းစားနေသည်။

စိုးအောင်တအုပ်ကြီးထဲမှ စိုးအောင်တယောက်က မတ်တပ်ထရပ်ပြီး

‘အဘကြင်စိုး ကျနော့်မိဘတွေ ပေးထားတဲ့နံမည်လေးမို့ မပြောင်းပါရစေနဲ့ဗျာ’ဟု တောင်းပန်သည်။

‘မရဘူးကွ၊ နိုင်ငံတော်နဲ့ အမျိုးဘာသာ သာသနာကို ကာကွယ်ဖို့အတွက် မင်းတို့နံမည် ပြောင်းကိုပြောင်းရမယ်၊ မင်း စိုးအောင် ဆက်ဖြစ်လို့မရဘူး၊ ငါ့သမီးကုမ္ပဏီနဲ့ ရိုက်နေတဲ့ ကြိုက်တဲ့ မင်းသားတွေရဲ့ နံမည်တွေ ယူမှည့် လိုက်ကွာ

‘ဟာ ရွံစရာကြီး အဲဒီဘောမကောင်တွေရဲ့ နံမည်ကို မမှည့်ချင်ပါဘူး’ဟု ပြန်ပြောသည်။

တော်ရုံအချိန်ဆိုရင် ဒေါသအကြီးအကျယ်ထွက်သွားမှာ သေချာသော်လည်း စိုးအောင်တွေ နည်းသွားဖို့က သူ့ အ တွက် အရေးကြီးနေလေတော့ ကြင်စိုးစိတ်ကိုလျှော့ပြီး သူ့ မူပိုင် မအလပြုံးကို ပြုံးလိုက်ကာ

‘အေးကွာ ဒါဆိုလည်း မင်းကြိုက်တဲ့ နံမည်မှည့်။ နံမည်ပြောင်းပြီးတဲ့သူတွေ နေ့တိုင်း မုန့်ဟင်းခါးလာစားလို့ ရ တယ်။ တပ်ထဲမှာ မုန့်ဟင်းခါးက တနေ့မှ မပြတ်ဘူး၊ နောက်ဆို နေ့ရော ညရော ပိုတောင်ချက် လာရမယ့်ပုံပဲ ‘ဟု ပြောပြီး မဲလုံးနှင့်အတူ ပြန်ထွက်ခဲ့သည်။

‘ငါ့ရဲ့ စစ်နည်းဗျူဟာ အမှတ်(၃)ကတော့ တကယ့်တိုက်ပွဲ ဖြစ်ရပ်ကို ကော်ပီလုပ်ထားတာ၊ မင်းသိတယ် မဟုတ် လား ထမီဝတ်ပြီး ပြေးကြတာ။ ဒီလိုလုပ်ရင် ပြေးလို့လွတ်နိုင်တယ်ဆိုတော့ ရှေ့တန်းထွက်ကတည်းက တပ်ယူ နီဖေါင်း ပေးမဝတ်တော့ပဲ ထမီ‌တွေဝတ်ပြီးတိုက်ခိုင်းမယ်။ ‌ပြေးလို့လွတ်တဲ့သူများရင် ရာနဲ့ထောင်နဲ့ချီပြီး သုံ့ပန်း ဖြစ်တဲ့သတင်း တက်မလာတော့ဘူးပေါ့’ 

‘အင်း ဟိုယတြာ၊ဒီယတြာတွေလုပ်လိုက် အခုလိုပေါက်ကရတွေကို ဗျူဟာဆိုပြီးလုပ်လိုက်နဲ့ ဒီပုံအတိုင်း ဆိုရင် တော့ ငါတို့တသိုက်လုံးလည်း ဆိုးအောက်ဖြစ်ဖို့ ပိုနီးလာပြီ’ ဟုတွေးပြီး မဲလုံး၏ ကျပြီးသား စိတ်ဓါတ် ကုန်း ကောက်လို့မရအောင် ထပ်ကျသွားသည်။ စိတ်ဓါတ်ကျသည့်နေ့ဆိုရင် ဘာသတင်းမှလည်း ထွက်မထုတ်ပြန်ချင် တော့။‌ပြောပြောဆိုဆို သူမေးချင်တာတခုကို သတိရသွားသည်။

‘အဘ ရှမ်းမြောက်ပိုင်း အပစ်ရပ်တဲ့ကိစ္စ ကျနော့်ကို ထပ်ရှင်းပြပါဦး၊ ကျနော်က မေးသမျှမေးခွန်းတွေ ဒိုင်ခံ ဖြေ နေရတာ’

‘မင်းက ဘာသိချင်တာလဲ’

‘ဟို ရောက်တဲ့နေရာရပ်ဆိုတော့ ကျနော်တို့ အတိုက်ခံရပြီး ဆုံးရှူံးသွားတဲ့ မြို့တွေ စခန်းတွေကိုရော ဘာလုပ် ကြမှာလဲ’

‘တော်ကွာ၊ အဲဒီအသံတွေငါမကြားချင်ဘူး၊ နားထောင်ကောင်းမယ့် တခြားစကားလုံးနဲ့ ပြောင်းမေး’

‘ကျနော်က အဲဒီရောက်တဲ့နေရာရပ် ဆိုတာမရှင်းလို့ ၊ အင်း အာ့ကျကျ ‘ ဆိုပြီး မဲလုံး စကားလုံးရှာဖွေနေသည်။ ပြီးမှ ဟုတ်ပြီ၊ ဒီလိုအဘရဲ့ ဆိုကာ စကားပြန်စသည်။

အခုဖြစ်နေတဲ့ပုံက ညီနောင်သုံးဖေါ်က အဘကို မူစကူဒူးနေကြတာ၊ အဘက ရောက်တဲ့နေရာရပ်ဆိုတော့ တိုးလို့ တန်းလန်းကြီး ရပ်လိုက်ရမှာလား’

‘မူစကူဒူး ဆိုတာဘာလဲ’ဟု နားမလည်သည့် ကြင်စိုးက မျက်မှောင်ကြီးကျုံ့ကာ ပြန်မေးသည်။

မဲလုံးက အဓိပ္ပါယ်ရှင်းပြလိုက်သောအခါ ကြင်စိုးသဘောမကျသော်လည်း အတိုက်ခံရတာ၊ ဆုံးတာ၊ ရှုံးတာတွေ ထက်စာရင် တော်သေးသည်ဟု တွက်ရင်း ပြန်ဖြေသည်။

‘မင်း ပြောသလို ငါက မူစကူဒူးခံရတယ်ပဲ ထားလိုက်၊ ရောက်တဲ့နေရာရပ်ဆိုတာက ငါ့ကို ဆက်ပြီး မူစကူမဒူးကြနဲ့၊ ဒူးပြီးတာတော့ ငါလည်း ဘာမှမတတ်နိုင်ဘူး၊ ငါပြောလို့ရော ဘာရမှာမို့လဲ၊ ကဲ ဒါဆိုမင်းရှင်းပြီလား၊ အခုခေတ် စကားတွေကလည်း အဆန်းပဲ၊ အင်း ပြောလို့တော့ကောင်းသား မူစကူဒူးဆိုတာ’ ဟုဆိုကာ သဘောကျသွားဟန် ဖြင့် ပါးစပ်မှ ထပ်ကာထပ်ကာ ရွတ်နေသည်။

သဘောပေါက်သွားသည့် မဲလုံးက ‘ဟုတ် အဘ၊ ရှင်းပါပြီ၊ ကျနော်လည်း ပြန်လိုက်ပါဦးမယ်’ဟု ကြင်စိုးကို နှုတ်ဆက်လိုက်သည်။ မဲလုံးကြင်စိုးကို အလေးပြုပြီး ပြန်ထွက်အသွား ခပ်လှမ်းလှမ်းအရောက်မှာ ကြင်စိုးက လေသံ ခပ်အုပ်အုပ်ဖြင့် လှမ်းပြောလိုက်သည်။

‘ဒီဗျူဟာသစ်တွေနဲ့မှ အဆင်မပြေရင်လည်း မင်းနဲ့ငါ တိတ်တိတ်လေး  ‘မော်စကိုဒိုး’ ကြရုံပဲ ရှိတော့တာပေါ့ကွာ’

ကြင်စိုးစကားကို အဝေးမှ မသဲမကွဲ ကြားလိုက်ရသည့်အခါမှာတော့ မဲလုံးခမျာ မျက်စိမျက်နှာပျက်သွားကာ သူ့ တင်ပါးကို လက်နှစ်ဖက်ဖြင့် ကပျာကယာအုပ်ပြီး သုတ်ခြေတင် ထွက်ပြေးသွားလေပါတော့သည်။ ခုန ကြင်စိုး ပါးစပ်က အထပ်ထပ်ရွတ်နေတာနှင့် ဆက်စပ်ပြီး မဲလုံး၏နားထဲ ဘယ်လို အကြားမှားသွားသလဲဆိုတော့ 

‘ဒီဗျူဟာသစ်တွေနဲ့မှ အဆင်မပြေရင်လည်း မင်းနဲ့ငါ တိတ်တိတ်လေး ’ မူစကူဒူး’ ကြရုံပဲ ရှိတော့တာပေါ့ကွာ’ တဲ့။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar