ခွန်ထွန်းခင် - ပအိုဝ်း တပ်ခြင်းထဲကကြက်
ခွန်ထွန်းခင် - ပအိုဝ်း တပ်ခြင်းထဲကကြက်
(မိုးမခ) ဇန်နဝါရီ ၁၃ ၊ ၂၀၂၄
ပအိုဝ်းနဲ့မဘသကတော့ ခြင်းထဲကကြက် ဘယ်ချိန်ထုတ်ချက်ချက်ဆိုသလိုဘဲ၊ ခုလဲ ညီနောင်သုံးဖော်နဲ့ ရှမ်းမြောက်မှာ အပစ်ရပ်သဘောတူတာနဲ့တပြိုင်နက်ထဲမှာဘဲ ရှမ်းတောင်မှာ ညီနောင်သုံးဖော်ကို ရှုံ့ချပွဲလုပ်တယ်။ စိတ်ဓာတ်က စစ်တပ်ဘဲပေါ့။ ယုတ်တာရယ် ကန်းတာရယ်က စစ်တပ်ရဲ့တံဆိပ်၊ နှစ်ပေါက်တပေါက် ရိုက်တာက စစ်တပ်ရဲ့လက္ခဏာ ဖြစ်နေပကိုး။
အရင်တခါလဲ ကိုယ့်ဘာသာ ဘုန်းကြီးသတ်ပြီး ကရင်နီက သတ်သလိုလို ဘာသာရေးအခြေပြုပြီး လူမျိုးရေးမုန်းတီးမှုဖြစ်အောင် လုပ်တယ်။ ရည်ရွယ်ချက်က ပအိုဝ်းတွေ စစ်တပ်ဘက် ဝင်တိုက်ပေးနေတာကို နောက်ဆုတ်မရအောင် လုပ်တာပေါ့။ ခုလဲ ပအိုဝ်းကို ဘာသာရေးအခြေပြုပြီး လူမျိုးရေးမုန်းတီးမှုဖြစ်အောင် လုပ်ပြန်ပြီ။ ပအိုဝ်းဟာ ကရင်နီတင်မက ကိုးကန့် ပလောင် ရခိုင်တို့နဲ့ပါ ငြိအောင် ထပ်လုပ်တာပေါ့။ တဖြည်းဖြည်းနဲ့ ပအိုဝ်းကိုယ်တိုင် စစ်တပ်နဲ့ မခွာရဲတဲ့အခြေအနေရောက်အောင် ကျုံးသွင်းခံရပြီလေ။
တကယ်က စစ်တပ်လက်နက်ကြီးနဲ့ပစ်လို့၊ လေကြောင်းက ဗုံးကြဲလို့ ပျက်စီးသွားတဲ့ဘုရားကျောင်းကန်ပေါင်း မရေမတွက်နိုင်သလို ပျံလွန်သွားတဲ့ဘုန်းကြီး ဦးဇင်း ကိုရင်ပေါင်းလဲ မနည်းတော့ပါဘူး။ ဒါပေမယ့် အဲဒါတွေကို ပအိုဝ်းတွေ လုံးဝ မသိပါဘူး။ သူတို့ကြည့်တဲ့မီဒီယာတွေက အဲဒါမျိုးတွေ လုံးဝမပါတဲ့ဟာတွေ ဖြစ်ပါတယ်။ ပါရင်လဲ အဲဒါတွေက တော်လှန်သူတွေလုပ်တာလို့ ပြောင်းပြန်ဇော်ထိုးရေးထားတာတွေဘဲလေ။ အဲသလို မှိုင်းတိုက်မီဒီယာတွေအများကြီးပါ။ သူတို့ဟာ စစ်တပ်ပြောသမျှ ဘောမတွေ ဖောသမျှ မဘသဘုန်းကြီးတွေ ဟောသမျှ အကုန်ယုံကြပါတယ်။ သူတို့ရဲ့အသိဉာဏ်ကိစ္စဟာ မြောက်ကိုရီးယားပြည်သူတွေဆန်ဆန် ပုံသွင်းခံပါဘဲ။ လူကြီးနဲ့ဘုန်းကြီးပြောရင် ဘာကိုမှ မဆန်းစစ်ဘဲ အသေအကျေကို ယုံတတ်တဲ့လူမျိုးပါ။
ညီနောင်သုံးဖော်ကို ရှုတ်ချရမယ်၊ တအိမ် တယောက် ဆိုလို့သာ တက်လာရတာ။ တကယ်တမ်းက ရှမ်းမြောက်မှာ စစ်ဖြစ်နေတယ်ပြောရင် လက်ခံသူက တရာမှာ တယောက်လောက်သာ ရှိပါတယ်။ အဲဒီတယောက်ကလည်း အဲဒီကိစ္စဟာ သူတို့နဲ့ ဘယ်လိုမှ ဆက်စပ်တယ်လို့ လက်မခံသလို သူတို့ကို အဲဒီစစ်က တစုံတရာ သက်ရောက်မယ်ပြောရင်လဲ လက်မခံပါဘူး။ စစ်ဖြစ်နေတာကို သိတဲ့သူအနည်းအကျဥ်းကလဲ တတိုင်းပြည်လုံး ဖြစ်နေတဲ့ စစ်ကို တစက်ချည်းမှ စိတ်မဝင်စားပါဘူး။ ရူးလို့ စစ်တပ်ကို တိုက်နေတယ်လို့သာ သဘောထားကြပါတယ်။ ခုတော့ ဆီပြတ်လာတာရယ်၊ ပြောင်းတွေ ပို့မရတာရယ်ကြောင့် ခေါင်းလေးထောင်ကြည့်တဲ့သူ တယောက်တလေတော့ ပေါ်လာပါတယ်။ ကရင်နီမှာ ပအိုဝ်းဘုန်းကြီးကျောင်းတွေ စစ်တပ်က လက်နက်ကြီးကျည်ကျလို့ ပအိုဝ်းကိုရင်တွေသေ ကျောင်းတွေ ပြိုပျက်နေတာကို ပြောရင် မယုံကြပါဘူး။ ကိုယ့်ကလေးကိုလည်း သွားမခေါ်ကြပါဘူး။ ဟိုဘုန်းကြီးက လိမ်ထားတာကို အဟုတ်ထင်ကြပါတယ်။ အဲဒီသတင်းသွားပြရင်လဲ အဲဒီလိုအမြဲမဟုတ်တယုတ်ပြောနေတဲ့မီဒီယာတွေကို ယုံရပါ့မလားလို့ ကိုယ့်ပြန်အထင်သေး အပြစ်တင်ကြပါတယ်။
ပအိုဝ်းတွေကို နားလည်ဖို့ဆိုရင် နှိုင်းယှဉ်ကြည့်စရာကတော့ အမေစုဖန်တွေပါဘဲ။ ဘုရားကို အားနာလို့သာ အမေစုရှေ့မှာထားပေးသလိုမျိုး ဦးအောင်ခမ်းထီကို သဘောထားကြပါတယ်။ ဝီ စတန်း ဝစ် အမေစုလိုဘဲ၊ ဘာမဆို ဦးအောင်ခမ်းထီသိတယ်၊ သူလုပ်ပေးမှာ ပူစရာမလိုဘူးလို့ သဘောထားကြပါတယ်။ ကိုယ့်အမေထက် အမေစုကို ပိုတန်ဖိုးထားကြ၊ အားကိုးကြသလို ကိုယ့်အဖေထက် ဦးအောင်ခမ်းထီကို အားကိုးကြပါတယ်။ ကိုယ့်အဖေအမေသာ မပေးရင် ရှိမယ်၊ ကိုယ်ရှာရသမျှ ပိုက်ဆံ ဦးအောင်ခမ်းထီဖို့ ဖယ်ထားပြီးသားပါ။ ဦးအောင်ခမ်းထီ လုပ်သမျှ အမှားမရှိဘူးလို့ ဘုန်းကြီးတွေကပါ ယုံကြည်ကြပါတယ်။ သူ့အဖွဲ့က ခိုင်းရင် ဘာမဆို လုပ်ကြတာပါဘဲ။ မခိုင်းရင်တောင် လိုလိုလားလား လုပ်ပေးကြတာကတော့ အမေစုဖန်တွေနဲ့ ချွတ်စွပ်ပါပဲ။
မြန်မာပြည်မှာ စစ်တပ်အုပ်ချုပ်ရေး အပြည့်အဝရတဲ့ နေရာကို ပြပါဆိုရင်တော့ ရှမ်းတောင်ပါပဲ။ စစ်တပ်ထုတ်ကုန် အားလုံးလဲ အသုံးအစွဲမပျက်၊ အသောက်အစားမပျက်။ စစ်တပ်လုပ်တဲ့ပွဲမှန်သမျှလဲ အကျင်းအပမပျက်၊ အစည်အကားမပျက်။ ဗမာစစ်တပ်သာလျှင် သူတို့ကို အုပ်ချုပ်ရမယ့်လူတန်းစားတရပ်လို့ အထင်အမြင်မပျက်၊ အနာအခံမပျက်။
ပအိုဝ်းဟာ ဗမာရာမဝင်ရင်တောင် လူစဉ်မမီသေးဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတဲ့ လူမျိုးစုတစုဖြစ်ပါကြောင်း။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar