ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၀
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၀
(မိုးမခ) ဇန်နဝါရီ ၂၀ ၊ ၂၀၂၄
ထူးခြားတဲ့ ဧကရာဇ် ဝူတင်း
ရှန်းခေတ်ရဲ့ သမိုင်းမှာ ဧကရာဇ် ဝူတင်း (武丁 Wu Ding) ဟာ နာမည်ကောင်းနဲ့ ထင်ရှားပါတယ်။ ဘီစီ ၁၂၀၀ ခုနှစ်မှာ နတ်ရွာလားခဲ့တဲ့ ဝူတင်းဟာ ရှန့်ခေတ်မှာ နန်းသက်အရှည်ဆုံး ဧကရာဇ်ဖြစ်ပါတယ်။ သူဟာ ၁၃ ရာစုရဲ့ ဒုတိယ ရာစုဝက်မှာ နန်းစံခဲ့တယ်လို့ အကြမ်းဖျင်း မှတ်သားနိုင်ပါတယ်။
ဝူတင်းရဲ့ လက်ထက်ဟာ ရှန်းခေတ်ရဲ့ အတက်နဲ့ အကျကြားက အထွတ်အထိပ် ကာလဖြစ်ပါတယ်။ ကာလအားဖြင့်လည်း ရှန်းခေတ်ရဲ့ အလယ်လောက်လို့ ဆိုနိုင်ပါတယ်။
စစ်မာချန်း ရဲ့ မှတ်တမ်းအရ ဝူတင်းဟာ ရှန်းခေတ်ရဲ့ ၂၂ ဆက်မြောက် ဧကရာဇ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရှေးဟောင်းသုတေသန တူးဖော်မှုတွေက ရရှိတဲ့ ရှန်းခေတ် အရိုးစာရဲ့ မှတ်တမ်းအရ ဝူတင်းဟာ ၂၁ ဆက်မြောက် ဧကရာဇ် ဖြစ်ပါတယ်။
အေဒီ ၁၈၉၉ ခုနှစ် (လွန်ခဲ့တဲ့ ၁၂၅ နှစ်) မှာ အန်းယန်မြို့အနီးက သုတေသန တူးဖော်မှု လုပ်ကွက်တစ်ခုမှာ အဲဒီအရိုးစာကို ရရှိခဲ့တာပါ။ ကာဗွန်သက်တမ်း စစ်ဆေးမှုတွေအရ အဲဒီအရိုးစာဟာ ဘီစီ ၁၂၅၄ နဲ့ ၁၁၉၇ ကြား (လွန်ခဲ့တဲ့ အနှစ် ၁၃၀၀ ဝန်းကျင်) မှာ ရေးထွင်းခဲ့တာလို့ တွေ့ရပါတယ်။ ဆိုလိုတာက ရှန်းခေတ်အတွင်းမှာ ရေးထိုးထားတဲ့ အရိုးစာ ဖြစ်တယ် ဆိုတာပါပဲ။ အဲဒီအရိုးစာမှာ ဝူတင်းဟာ ရှန်းခေတ်ရဲ့ ၂၁ ဆက်မြောက် ဧကရာဇ်ဖြစ်ကြောင်း ဖော်ပြထားတာပါ။
အဲဒီအချက်ဟာ အတော်လေး အရေးပါပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဝူတင်းဟာ တရုတ်သမိုင်းမှာ သူတကယ် အသက်ရှင်နေထိုင်ခဲ့တဲ့ ခေတ်က ရေးထိုးခဲ့တဲ့ သမိုင်းအထောက်အထား ခိုင်ခိုင်မာမာ ရှာဖွေတွေ့ရှိရတဲ့ ပထမဆုံး (အစောဆုံး) ဧကရာဇ် ဖြစ်လာလို့ပါ။ ဒီအရိုးကို မတွေ့ခင်က စစ်မာချန်းတို့လို ရှေးဟောင်းခေတ်က သမိုင်းဆရာကြီးတွေရဲ့ မှတ်တမ်းတွေကိုပဲ အားကိုးခဲ့ရတာ ဖြစ်ပါတယ်။
တကယ်တော့ ဝူတင်း ရဲ့ ကာလဟာ ရှန်းခေတ်ရဲ့ စစ်မက်ထူပြောတဲ့ ကာလ ဖြစ်ပါတယ်။ ဒါပေမဲ့ သမိုင်းဆရာ အများစုက ဝူတင်းကို ပြည်သူ့အကျိုးဆောင်သူ တစ်ယောက်အဖြစ်ပဲ ပိုပြီး အသားပေး ရေးသားဖော်ပြကြတယ်လို့ ဆိုပါတယ်။
အကြောင်းကတော့ သူဟာ ပြည်သူ့ဘဝကို နားလည်တဲ့သူ ဖြစ်လို့ပါပဲ။ သူ့ရဲ့ဖခင် ဧကရာဇ် ရှောင်ယီ (小乙 Xiao Yi) နန်းတက်စဉ်ကာလမှာ ဝူတင်း ကို ဟာ (河 He) ဆိုတဲ့ နန်းတော်နဲ့ အလှမ်းဝေးလှတဲ့ ကျေးလက်အရပ်ဒေသ မှာ နေထိုင်စေပါသတဲ့။ ဝူတင်းဟာ ရှောင်ယီ ရဲ့ တစ်ဦးတည်းသော သားပါ။ အဲဒီလို ကျေးလက်မှာ နေစဉ်၊ နောင်တချိန်မှာ ဧကရာဇ် ဖြစ်လာမယ့် ဝူတင်းကို လိုအပ်တာတွေ သင်ကြားပြသပေးဖို့ ကန်းဖန် (甘盤 Gan Pan) ဆိုတဲ့ အမတ်ကြီးကိုလည်း အိမ်ရှေ့စံရဲ့ ဆရာအဖြစ် ထည့်လွှတ်လိုက်ပါတယ်။ အဲဒီမှာ တောင်သူလယ်သမား ပြည်သူအများရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေကို ဝူတင်းက မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဝူတင်းဟာ ပြည်သူနဲ့ နီးစပ်သလို၊ ပြည်သူ့ချစ်ခင်မှု ရတာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
ရှောင်ယီ လွန်တဲ့အခါ ဝူတင်းက ဧကရာဇ်ဖြစ်လာပါတယ်။ ကန်းဖန် ကတော့ မင်းတိုင်ပင် အမတ်ကြီး ဖြစ်လာပါတယ်။ ပုံပြင်တချို့မှာတော့ ဝူတင်း နန်းတက်စမှာ နန်းတော်ထဲ မှူးကြီးမတ်ရာအချို့က ခြယ်လှယ်နေပြီး စနစ်တကျ မရှိတာမို့ ဝူတင်းက အုပ်ချုပ်ရေးထဲ ဝင်မပါဘဲ ကန်းဖန်ကို တာဝန်လွှဲထားတယ်လို့ ဆိုပါတယ်။ ကန်းဖန်ဟာ အဲဒီကာလမှာ စစ်တပ်ကိုလည်း တိုးချဲ့တည်ဆောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ဧကရာဇ်အပေါ် သစ္စာရှိပြီး ပြည်သူ့အကျိုးကိုလည်း ရှေးရှုသူပါ။ တပြိုင်နက်တည်းမှာ အကျင့်သီလလည်း ကောင်းသူ ဖြစ်ပါတယ်။ ဒါကြောင့် သမိုင်းမှတ်တမ်းအချို့မှာ ကန်းဖန်ကို ယိယင် လို စံပြအမတ် တစ်ဦးအဖြစ် မှတ်တမ်းတင်ကြပါတယ်။
ဝူတင်းကတော့ အဲဒီသုံးနှစ်အတွင်း တိုင်းပြည်ကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာကို လေ့လာနေပါသတဲ့။ နောက်ပြီး သူ့ကို အကြံကောင်း ပေးနိုင်မယ့် မင်းတိုင်ပင်အမတ်ကိုလည်း ထပ်မံရှာဖွေနေတယ်လို့ ပုံပြင်က ဆိုပါတယ်။ အဲဒီလို ရှာဖွေရင်း တရုတ်သမိုင်းမှာ ထင်ရှားတဲ့ ဖုယွဲ့ (傅說 Fu Yue) ဆိုတဲ့ အမတ်တစ်ဦး ပေါ်ထွက်လာပါတယ်။
စစ်မာချန်းရဲ့ မှတ်တမ်းမှာတော့ ဝူတင်းဟာ တစ်ညမှာ အိပ်မက် မက်ပါသတဲ့။ အိပ်မက်ထဲမှာ ယွဲ့ ဆိုတဲ့ သူတော်စင် တစ်ဦးက တိုင်းပြည်အတွက် အထောက်အကူ ရချင်ရင် သူ့ကို ရှာပါလို့ ဝူတင်း ကို လာပြောပါသတဲ့။ ဝူတင်းလည်း အိပ်မက်ထဲမှာ မြင်ရတဲ့ သူတော်စင်ပုံကို စိတ်ထဲ ပြန်ဖော်ယူပြီး ပန်းချီဆွဲတယ်လို့ ဆိုပါတယ်။ ပြီးတဲ့နောက် အဲဒီ ပန်းချီထဲက သူနဲ့ တူတဲ့သူကို မြို့ရွာအနှံ့မှာ ရှာစေပါတယ်။ အဲဒီလို ရှာရင်း ဖုယွဲ့ကို တွေ့ခဲ့ရတာပါ။
ဖုယွဲ့က အောက်ခြေလူတန်းစား ဆောက်လုပ်ရေး အလုပ်သမား တစ်ဦးပါ။ နံရံတွေ တည်ဆောက်ရာမှာ အင်မတန် ကျွမ်းကျင်တယ်လို့ ဆိုပါတယ်။ သူ့ကို ဝူတင်းက နန်းတော်အတွက် အကြံပေးခန့်လိုက်ပါတယ်။
ဝူတင်းဟာ ဖုယွဲ့ရဲ့ အကြံပေးချက်နဲ့ ရှန်းအင်ပါယာရဲ့ ရှေ့နောက် ဝဲယာ အရပ်လေးမျက်နှာကို နယ်ပယ်ချဲ့ထွင်ခဲ့ပြီး တိုင်းပြည်ရဲ့ နယ်နိမိတ် ပိုမိုကျယ်ဝန်းလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဝူတင်းရဲ့ ကာလဟာ စစ်ပွဲတွေများတဲ့ ကာလ ဖြစ်တယ်လို့ ဆိုတာပါ။ စစ်ပွဲတွေများပေမယ့် ဖုယွဲ့ရဲ့ အကြံပေးချက်နဲ့ တိုက်တိုင်းအောင် ဖြစ်ခဲ့ပုံ ရပါတယ်။
တိုက်ပွဲတွေ အောင်တာလည်း မဆန်းပါဘူး။ စစ်တပ်ကို ဦးစီးတဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေထဲမှာ ဝူတင်းရဲ့ အချစ်မြတ်နိုးဆုံးမိဖုရား ဖုဟောင် (妇好 Fu Háo) ကိုယ်တိုင် ပါဝင်နေတာပါ။ ဖုဟောင်ဟာ တရုတ်သမိုင်းရဲ့ ပထမဆုံး အမျိုးသမီး စစ်ဗိုလ်ချုပ်ပါ။
ဖုဟောင် ကြောင့် ဝူတင်းလက်ထက်မှာ အမျိုးသမီးတွေ နိုင်ငံရေးအရ အရေးကြီးတဲ့ တာဝန်တွေ ထမ်းဆောင်ခွင့်ရတာက ရှန်းခေတ်သမိုင်းရဲ့ ထူးခြားချက် ဖြစ်လာပါတယ်။ ဖုဟောင်အပြင် တခြား မိဖုရားတစ်ပါးဖြစ်တဲ့ ဖုကျင်း (婦妌 Fu Jing) ဟာ စိုက်ပျိုးရေးကဏ္ဍကို တာဝန်ယူ စီမံခန့်ခွဲရပါတယ်။
ဝူတင်းဟာ သူ့ရဲ့ သမီးတော် ကျီထောင် (子妥 Zi Tao) မင်းသမီးကိုလည်း သူမ အခွန်အတုပ် အပိုင်စားရတဲ့ နယ်မြေရဲ့ အကြီးအကဲအဖြစ် တာဝန်ယူစေပါတယ်။ အဲဒီနယ်မြေရဲ့ အစီရင်ခံစာကို ဗဟိုအစိုးရထံ ပုံမှန်တင်စေပါတယ်။ နောင်မှာ ကျီထောင်ကို ဝန်ကြီးရာထူး တိုးပေးပြီး နန်းတော်ရဲ့ ညီလာခံမှာ တိုင်းရေးပြည်ရာတွေကို ပါဝင်ဆွေးနွေးစေခဲ့ပါတယ်။
ဝူတင်းလက်ထက်မှာ အမျိုးသမီးတွေ အုပ်ချုပ်ရေးမှာ ပါဝင်ခွင့်ရတာဟာ ကွန်ဖြူးရှပ် ဝါဒ မလွှမ်းမိုးသေးလို့ ဖြစ်တယ်လို့ သမိုင်းသုတေသီတွေက ယူဆပါတယ်။ ကွန်ဖြူးရှပ်က ရှန်ခေတ်ပြီးနောက် အနှစ် ၇၀၀ လောက် နောက်ကျပြီးမှ ပေါ်ပေါက်လာတာပါ။
ဒီအချက်ဟာ တရုတ်သမိုင်းအတွက် အလွန်အရေးကြီးပါတယ်။ တကယ်လို့ ကွန်ဖြူးရှပ်သာ မပေါ်ပေါက်ခဲ့ရင်၊ ဒါမှမဟုတ် ကွန်ဖြူးရှပ်ဝါဒက အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်တာကို ခွင့်ပြုအားပေးခဲ့ရင် ဒီနေ့ မြင်နေရတဲ့ တရုတ်ပြည်၊ တရုတ်နိုင်ငံရေးနဲ့ တရုတ်လူ့အဖွဲ့အစည်းက တမျိုးတဖုံ ဖြစ်နေပါလိမ့်မယ်။
ရှန်းခေတ်ရဲ့ သမိုင်းထဲကမှ ဧကရာဇ် ဝူတင်းရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာ တချို့ကို ရွေးနုတ် တင်ပြလိုက်ရပါတယ်။
~~~~~~~~~~~~~~~~~~~~~
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃ 👉https://www.moemaka.com/2024/01/blog-post_79.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄ 👉https://www.moemaka.com/2024/01/blog-post_899.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၅ 👉https://www.moemaka.com/2024/01/blog-post_920.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၆ 👉https://www.moemaka.com/2024/01/blog-post_552.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၇ 👉https://www.moemaka.com/2024/01/blog-post_74.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၈ 👉https://www.moemaka.com/2024/01/blog-post_414.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၉ 👉https://www.moemaka.com/2024/01/blog-post_394.html
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar