Breaking News

မိုးချိုသင်း - အန်တီအေးသို့

မိုးချိုသင်း - အန်တီအေးသို့

(မိုးမခ) ဇန်နဝါရီ ၁၁ ၊ ၂၀၂၄


မနေ့က အန်တီအေး ဆုံးတယ်ဆိုတော့ စိတ်နှလုံး ညှိုးချုံးပြီး မျက်ရည်တွေတွေကျမိတယ်။  ကိုယ်က အန်တီအေးနားက အဖော်လုပ် ပြုစုနေတဲ့ အရင်းအချာ တပည့်သားမြေး မဟုတ်ပေမယ့် ပြည်ပမှာ နေနေရသူအဖို့တော့ ဒီလူကြီးတွေ ကျန်းမာစွာ ရှိနေတယ်ဆိုတဲ့ အသိလေးကတင် အင်မတန် နွေးထွေး အားရှိတာမျိုးပါ။  ဒါကို အခုလို ရာသက်ပန်ခွဲခွာရပြီဆိုမှ နင့်နင့်နဲနဲ နားလည် လက်ခံရတာမျိုး။ 

အန်တီအေး မရှိတော့မှ ရှိစဉ်က အဖြစ်တွေ အရိပ်ကားလို တချပ်ပြီး တချပ်။ အန်တီအေးကို ၂၀၀၄ ခုနှစ်က အဇူဇာဘုန်းကြီးကျောင်း နိဗ္ဗာန်စျေးမှာ အဖေက မိတ်ဆက်ပေးခဲ့တယ်။ “ဒေါ်မာမာအေး ဒါက ကျနော့်သမီး” တဲ့ (အဖေက အန်တီအေးကို အဲလို နံမည် အပြည့်အစုံပဲခေါ်ပါတယ်) အန်တီ့အပြံုးက နွေးထွေး သိမ်မွေ့လွန်းလို့ တမဟုတ်ချင်း စိတ်ထဲ ရင်းသွားလိုက်တာ အနှစ်နှစ်အလလ ကတည်းက ခင်မင် ကျွမ်းဝင်ခဲ့သလိုပါ။ တကယ်က အန်တီအေးကို ဒိအရင် မြန်မာပြည်မှာ တကြိမ်ဆုံခဲ့ဖူးပါတယ်။ 

အဲဒီတုန်းက သင့်ဘဝမဂ္ဂဇင်းမှာ အလုပ်လုပ်နေတာမို့ ဆရာဒေါက်တာတင်မောင်သန်းနဲ့ အန်တီအေးအိမ် အင်တာဗျူးဖို့ သွားခဲ့တာပါ။ ဧည့်ခန်းမှာ ပတ္တလားလေးနံဘေး စည်းဝါးလေးကိုင်သူကိုင် သူတို့ စုထိုင် သီချင်းတိုက်နေပုံရတယ်။ ကိုယ်တို့ဆရာတပည့်နှစ်ယောက် အခန်းသပ်သပ်တခုမှာ ထိုင်စောင့်နေရတယ်။ အန်တီအေးဝင်လာတော့ မိတ်ဆက်ပြီး မေးခွန်းတွေ စ ကြတယ်။ ကြာပြီဆိုတော့ ဘာတွေမေးခဲ့သလဲ မမှတ်မိတော့ပေမယ့် ပြန်ဆိုတေးတွေနဲ့ ပတ်သက်လို့အန်တီအေးရဲ့ သဘောထားကို မေးတဲ့အခါ ပြန်ဖြေခဲ့တဲ့ အဖြေတခုကိုသာ စိတ်ထဲ ခုချိန်ထိ စွဲနေခဲ့တာပါ။  “သီချင်းတပုဒ်ကို ပြန်ဆိုတော့မယ်ဆိုရင် များသောအားဖြင့် ဒီသီချင်းဟာ ပေါက် လို့သာ ပြန်ဆိုတာပေါ့။ အဲဒီအခါ ဒီသီချင်းရဲ့ ဘယ်နေရာ ဘယ်ဆိုဟန်လေးဟာဖြင့် သီချင်း ကို ပေါက် သွားစေတဲ့ အချက်ပဲ လို့ သိတယ်။ အဲဒီအခါ မူရင်းအဆိုရှင်ကို လေးစားသောအားဖြင့် အဲဒီနေရာလေးကို သူ့ပုံစံအတိုင်း ပြန်ဆိုပြီး ကျန်တဲ့အပိုဒ်တွေကိုတော့ မာအေး စတိုင်နဲ့ပဲ ဆိုပါတယ်” လို့ ဂီတဘုရင်မကြီးက ပြန်ဖြေခဲ့ပါတယ်။  အနုပညာရှင်ချင်း စည်း ထားတဲ့ စိတ်ကလေးကို လေးစား အတုယူရသလို “မာအေးစတိုင်” လို့ ပြောလိုက်တဲ့အချိန်မှာ အန်တီအေး မျက်လုံးလေးတွေ အရောင်လက် သွားပုံကိုလဲ မှတ်မိနေခဲ့ပါတယ်။

အန်တီအေးဟာ အဖေနဲ့ သူတို့လူကြီးတွေ အချင်းချင်း စကားပြောကြရင် ကိုယ်နှုတ်အမူအရာ အင်မတန် ယဉ်ကျေးတယ်။ အမြဲတမ်း ပြုံးပြုံးရွှင်ရွှင် ပြောလေ့ရှိတာပါ။ ရိုင်းရိုင်းပျပျ ပြောတာ မတွေ့ဖူးဘူး။ တခါမှာတော့ အန်တီအေးစကားနဲ့ပတ်သတ်ပြီး မှတ်မှတ်ရရ ဖြစ်ဖူးပါရဲ့။  

တခါသားမှာ အဖေက ဖို့ဝိန်းသွားလည်တော့ အန်တီအေး အိမ်မှာ တည်းပါတယ်။ သူတို့မောင်နှမနှစ်ယောက် သီချင်းတွေ ဆိုကြတာ မိုးလင်းမိုးချုပ်။ အဆိုတော် မင်းသားကြီး ဦးမြတ်လေးရဲ့ တကသ သီချင်းတွေ ဆိုလိုက် ပြောလိုက်ကြ။ အဖေ့ဆီက ကျောင်းသားသမဂ္ဂသီချင်းတွေလဲ နုတ် မှတ်ပြီး သီချင်းတက်လိုက်သေးသတဲ့။ အန်တီအေးက အရင်က ဆေးလိပ်ကြိုက်တယ်။ ဒါပေမယ့် အဲဒီအချိန်က သူ ဆေးလိပ်ဖြတ်ပြီးသားကို အဖေက ဆေးလိပ်ကြိုက်တော့ အဖော်ရအောင်လို့တဲ့၊  တို့မောင်နှမ နှစ်ယောက် အတူ ဆေးလိပ်သောက်ကြသတဲ့။ အဲလို အရသာရှိရှိ နေခဲ့ရတဲ့ အချိန်လေးတွေ အန်တီအေးက ကိုယ့်ကို ဖုန်းဆက်ပြီး ပြောပြနေတာပါ။ 

“ညည်းအဖေကို ငါ လိုလေးသေးမရှိအောင် ဂရုစိုက် ပြုစုလိုက်ပါတယ် တဲ့။ နို့ မတိုက်လိုက်ရရုံ တမယ်ပါပဲ” တဲ့။ ကိုယ့်မှာ ဖုန်းပြောရင်း အံ့ဩ မင်တက် ရီလိုက်ရတာ။ အဖေက နေမိနေရာ နေ၊ စားတာ သောက်တာကအစ ဘာမှ မက်မက်မောမော မရှိ၊ မလုပ်တတ် မကိုင်တတ်သူမို့ သူပြောတဲ့ ဂရုစိုက်ရတယ် ဆိုတာကို ပိုနားလည်မိတာပါ။


အန်တီအေး .. ချိုသင်း တာဝန်မကျေခဲ့ဘူး။ အန်တီအေး နေမကောင်းချိန် ချိုသင်း လာ မတွေ့နိုင်ခဲ့ဘူး။ အဝေးကပဲ ကန်တော့နိုင်ခဲ့တယ်။ အန်တီအေးကတော့ လူငယ်တွေအပေါ် အလွန် တာဝန်ကျေခဲ့တယ်။ ကိုယ်တို့စာပေဟောပြောပွဲ ဖိတ်ရင် နိုင်ငံတော် သီချင်းကို ကိုယ်တိုင်ဆိုပေးတတ်သူ၊ ကိုယ်နေမကောင်းတော့ ဆေးရုံထိ လာသတင်းမေးခဲ့သူ၊ NY မှာ အန်တီအေး ဆေးရုံတက်တော့ ကိုယ်ကပန်းစည်း​လေးပို့ပေးတာ အန်တီအေး ဆေးရုံဆင်းမယ့်နေ့ ဖြစ်နေသတဲ့၊ အဲဒါကို ပို့သူ ကျေနပ်အောင် ဆေးရုံမဆင်းသေးဘဲ စောင့်ပြီး ပန်းစည်းလက်ခံပေးခဲ့သူ၊ ကိုယ်တွေလုပ်ကြတဲ့ ရံပုံငွေ စျေးရောင်းပွဲတွေမှာလဲ အားတက်သရော ကူခဲ့သူ၊ LA စာပေဟောပြောပွဲမှာ အင်မတန် တန်ဖိုးရှိတဲ့ အနှစ်တွေချည်း လူငယ်တွေအတွက် ဟောပြော ပညာပေးခဲ့သူ၊ ကိုယ်တို့ပြည်သူ့ဂုဏ်ရည် လုပ်တော့ “မင်္ဂလာ အမိမြန်မာပြည်” ဆိုတဲ့ သီချင်းလေး ကိုယ်တိုင်စပ် ကိုယ်တိုင်ဆို ပြီး အားပေးခဲ့သူ။ 

အန်တီအေးရဲ့ တိုင်းပြည်အပေါ် ပြည်သူလူထုအပေါ် လူတွေအပေါ် ထားတဲ့ မေတ္တာ စေတနာ ကျေးဇူးတရားတွေကို အောက်မေ့ပြီး သမီးရိုသေစွာ ကန်တော့လိုက်ပါတယ်။ အန်တီအေး ကောင်းမွန်ရာဘုံဘဝမှာ ငြိမ်းချမ်းပါစေတော့..



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar