မသီတာ(စမ်းချောင်း) - နိုင်ငံရေးနည်းနဲ့ နိုင်ငံရေးပါတီ
မသီတာ(စမ်းချောင်း) - နိုင်ငံရေးနည်းနဲ့ နိုင်ငံရေးပါတီ
(မိုးမခ) ဇန်နဝါရီ ၁၄ ၊ ၂၀၂၄
နွေဦးတော်လှန်ရေးဟာ စစ်ရေးနည်းကို ဦးစားပေးတဲ့ တော်လှန်ရေးအဖြစ် လူသိများပေမဲ့ နိုင်ငံရေးနည်းကို တပြိုင်နက် ဆောင်ရွက်နေတဲ့ တော်လှန်ရေးမျိုး ဖြစ်တာကို သတိပြုကြရမှာပါ။ ဒီနေရာမှာ 'နိုင်ငံရေးနည်း' ဆိုတာကို အများစု နားလည်နေကြပုံဟာ စကစနဲ့ တော်လှန်ရေးအစုအဖွဲ့က တွေ့ဆုံဆွေးနွေး၊ ဒါမှမဟုတ် အခုပြည်တွင်းအခြေစိုက် နိုင်ငံရေးသမားလိုလိုလူတွေက ပါတီ ထောင်ကြ၊ ရွေးကောက်ပွဲအတွက် ပြင်ဆင်၊ လွှတ်တော်ထဲ ဝင်၊ အစိုးရ ဖွဲ့ဖို့ ပြင် ဆိုတာမျိုး ဖြစ်နေသလား၊ တနည်းအားဖြင့် တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ ရွေးကောက်ပွဲနည်းကသာ 'နိုင်ငံရေးနည်း'လို့ ထင်နေကြသလားပေါ့။
၁၉၈၈ နောက်ပိုင်းမှာ နိုင်ငံရေးပါတီစုံ အခင်းအကျင်း စတင်လာခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအလွန်က စပြီး တပ်မတော်ရဲ့ နိုင်ငံရေးနည်းနဲ့ အနိုင်ကျင့်တဲ့ လုပ်ရပ် (ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်ဘဲ ခြေ/ဥအသစ် ရေးဦးဆိုပြီး အချိန်ဆွဲရာက နောက်ဆုံးမှာ ဒီရလဒ်ကိုပါ ဖျက်ဆီးတဲ့လုပ်ရပ်)ကြောင့် အန်အယ်လ်ဒီအပါအဝင် နိုင်ငံရေးပါတီတချို့ဟာ အသွင်အမျိုးမျိုး အစုအဖုံဖုံရယ်လို့ ထွေပြားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပါတီတွေ တစိုက်မတ်မတ် လုပ်ခဲ့တာကတော့ စစ်အစိုးရအဆက်ဆက်ကို နိုင်ငံရေးနည်းအရ ခုခံ၊ ဆန့်ကျင်၊ ကန့်ကွက်၊ ထောက်ပြ၊ ဝေဖန်တာတွေနဲ့အတူ မသေမပျောက် ထောင်မရောက်ဘဲ ကျန်တဲ့ မရှိ-ရှိတဲ့ အင်အားစုတွေကို အလံအောက်မှာ ဆက်လက်စုဖွဲ့စည်းလုံးထားတာတွေပဲ ဖြစ်ပါတယ်။
တပ်ရဲ့ နိုင်ငံရေးနည်းအောက်လုံးမှာ အဓိကပန်းတိုင်ဟာ သူကိုယ်တိုင် ဖွဲ့ထားတဲ့ ပါတီက လွဲပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံရေးပါတီအဖြစ် ရပ်တည်နိုင်နေတဲ့ ပါတီမျိုး မရှိစေဖို့ ဖြစ်ပါတယ်။ ဒါမှ ပါတီစုံ ရွေးကောက်ပွဲတွေ ဘယ်လောက်လုပ်လုပ် သူ ထောင်ထားတဲ့ ပါတီကပဲ ထာဝရ အနိုင်ရပြီး နိုင်ငံရေးအာဏာကို တရားဝင် ဆက်ရနေမှာကိုး။ တပ်ဟာ သူ့ပန်းတိုင်ကို ၂၀၂၃ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ အရ ချိန်ရွယ်ထားပြီးပါပြီ။
တပ်အနေနဲ့ လတ်တလော အကြပ်ရိုက်နေတာက သူ့ကို အတိုက်အခံ လုပ်သူများရဲ့ 'စစ်ရေးနည်း'ကြိုးပမ်းချက်တွေ ဖြစ်ပါတယ်။ တကယ်တော့ စကစကို တော်လှန်သူများဘက်မှာ 'စစ်ရေး'အရ အားသာချက်တွေ ရှိလာရာက 'နိုင်ငံရေးနည်း'ဆိုတာအပေါ် အများစုရဲ့ နားလည်သဘောပေါက်မှုတွေ ပြောင်းလာခဲ့တာပါ။
သေချာပြန်ကြည့်ရင် 'နွေဦး'ရဲ့ 'စစ်ရေး'အားသာချက် ဆိုတာဟာ တိုက်ရဲ သေရဲရုံနဲ့ ရထားတဲ့အရာ မဟုတ်ပါဘူး။ စစ်တိုက်တာ ငွေကုန်တဲ့အလုပ်မို့ လူသူ၊ လက်နက်၊ ရိက္ခာ လိုအပ်ချက်တွေကို ဖြည့်ဖို့ အားထုတ်ရတဲ့ သက်တမ်းရှည် လက်နက်ကိုင်အတိုက်အခံအဖွဲ့များဟာ နွေဦးမတိုင်ခင်အထိ ထိရောက်အောင်မြင်တဲ့ စစ်ရေးကို မဆင်နွှဲနိုင်ခဲ့တာ သိသာပါတယ်။ ဒါဟာ လူထု ထောက်ခံမှု အပြည့်အဝ မရခဲ့တာ၊ လက်နက်နဲ့ ရိက္ခာ လိုအပ်ချက်တွေကို မဖြည့်နိုင်ခဲ့တာတွေကြောင့်လို့ ဆိုနိုင်ပါတယ်။ အခုတော့ အဲဒီအဖွဲ့တွေရော မနေ့တနေ့က ထစုဖွဲ့တဲ့ လက်နက်ကိုင်အတိုက်အခံအင်အားစုအသစ်တွေရောအတွက် လူထု ထောက်ခံမှုနဲ့ ဘဏ္ဍာရေး ထောက်ကူမှုတွေ ရလာနေပါတယ်။ အဲဒီနှစ်မျိုးကို နွေဦးတော်လှန်ရေးရဲ့ 'နိုင်ငံရေးနည်း'နဲ့ ရှာကြ၊ ရကြတာပါ။ အတိတ်ပြည်တွင်းစစ်ကာလများဆီက လက်နက်ကိုင်အတိုက်အခံတွေရဲ့ လူသူ၊ ဘဏ္ဍာ စုဆောင်းနည်းနဲ့မတူ အင်မတန် သန့်ရှင်းပြီး ဆန်းသစ်တဲ့နည်းနဲ့ ရှာနိုင်တဲ့အတွက် အန်ယူဂျီ အပါအဝင် နွေဦးတော်လှန်ရေးသမားများရဲ့ 'နိုင်ငံရေးနည်း'နဲ့ စစ်ရေး အထောက်အပံ့၊ တော်လှန်ရေးအထောက်အကူ လုပ်ရပ်များကို နိုင်ငံတကာကပါ အသိအမှတ်ပြုထားပါတယ်။
တဘက်က စကစကို ကြည့်ရင်တော့ လူထု ထောက်ခံမှုကို ဓားထောက် ခြိမ်းခြောက်၊ ငွေပေးကျွန်ဝယ်ဆိုတာမျိုး အဓမ္မနဲ့ အဂတိနည်းတွေ သုံးပြီး ယူနေပါတယ်။ နွေဦးရဲ့ နိုင်ငံရေးနည်းတွေ ဖြစ်တဲ့ နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုတွေ ဖြစ်လာအောင် ကြိုးပမ်းတာနဲ့ တပ်ထုတ်ကုန် သပိတ်မှောက်ကြတာတွေ လုပ်ထားတော့ စကစဟာ ဘဏ္ဍာငွေအရေးမှာလည်း အဆင်မပြေ ဖြစ်နေပါတယ်။ ဒါကြောင့်လည်း 'ရွေးကောက်ပွဲ'နဲ့ 'အကျိုးစီးပွါးအခြေခံ ဟန်ပြငြိမ်းချမ်းရေး ဆွေးနွေးမှု'ကို နိုင်ငံရေးနည်းတွေအဖြစ် စကစက ဝါဒဖြန့်လှုံ့ဆော်နေတာပါ။
ဒီနေရာမှာ နိုင်ငံရေးပါတီများရဲ့ အခန်းကဏ္ဍကို ကြည့်ရအောင်ပါ။ နွေဦးတော်လှန်ရေးသမားတွေရဲ့ နည်းလမ်းကို မထောက်ခံဘဲ စကစရဲ့ ရွေးကောက်ပွဲနည်းလမ်းကို ပူးပေါင်းကြတဲ့ နိုင်ငံရေးသမားလိုလိုလူတွေရဲ့ နိုင်ငံရေးနည်းဟာ အတော့်ကို အံ့ဩစရာ ကောင်းပါတယ်။ ပါတီထောင်ခွင့် ရကြတဲ့ နိုင်ငံရေးပါတီ ၃၉ ပါတီက တာဝန်ရှိခေါင်းဆောင်တွေနဲ့ စကစခေါင်းဆောင်တို့ နေပြည်တော်မှာ တွေ့ခဲ့ကြတဲ့အခါ 'ပါတီရေးသက်သက်'တွေချည်း မေးခဲ့ ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။ လတ်တလော စစ်ရေးအကျပ်အတည်းကိစ္စကို ထည့်မပြောကြ၊ မဆွေးနွေးကြလို့ဆိုပြီး တပ်ထောက်ခံ မီဒီယာယောင်ဆောင်သမားတွေက ပေါက်ကွဲကြတယ်ပေါ့။
တကယ်တော့ နိုင်ငံရေးပါတီ ထောင်ခွင့်ကို စစ်တပ်ဆီက တောင်းပြီး နိုင်ငံရေးနည်းလုပ်မယ်လို့ ကြုံးဝါးထားကြသူတွေက စစ်ရေးအကျပ်အတည်းကိစ္စ မဆွေးနွေးကြတာဟာ အံ့ဩစရာ မဟုတ်ပါဘူး။ တကယ်အံ့ဩရမှာက နိုင်ငံရေးပါတီကိစ္စကိုတောင် နိုင်ငံရေးအမြင်လေး ထည့်ပြီး မဆွေးနွေးခဲ့ကြတာပါ။ လတ်တလော စစ်ရေးဖြေရှင်းမှုတွေကြားမှာ ပေါ်ထွက်ခဲ့တဲ့ ကြံ့ဖွံ့ပါတီရဲ့ ပါတီဝင်အချို့ဟာ တရုတ်နိုင်ငံသားများ ဖြစ်နေတဲ့ကိစ္စကို ပြောဆိုဆွေးနွေးခဲ့ကြတာမျိုး မကြားသိရတာကသာ အံ့ဩစရာပါ။ ဥပဒေအသစ်အရ စပေါ်ငွေ သိန်းတစ်ထောင်အတွက် အတိုးတက်နေလို့ ငိုပြဖို့ သတိရကြသလောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တစ်ပတ်ရစ်ကြီးက နိုင်ငံခြားသားတွေကို ပါတီဝင်အဖြစ် လက်ခံပြီး ရွေးကောက်ပွဲ ဝင်စေတဲ့ ကိစ္စကို ဥပဒေနဲ့ ညီရဲ့လားလို့ မေးခွန်းလေး မေးဖို့ကိုတော့ ယောင်လို့မှ သတိမရကြတာက ထူးထွေတည့် အံ့ရာသော် မဟုတ်ပါလား။
ရွေးကောက်ပွဲ ဝင်မယ်သာဆိုတယ် ဒီလို ကိုယ့်ပြိုင်ဘက် ပါတီကြီးတစ်ခုရဲ့ ဥပဒေနဲ့ မညီတဲ့အပြင် နိုင်ငံရေးအရ 'ပြည်တွင်းရေးကို အတွင်းကျကျ ဝင်ရောက်စွက်ဖက်မှု'မြောက်နေတဲ့ အရေးအတွက် စိုးရိမ်ကြောင့်ကြစရာ၊ ဆွေးနွေးပြောဆိုစရာရယ်လို့တောင် မအောက်မေ့ကြတာပါကလား။ တည်ဆဲစကစဥပဒေအရ အတည်ပြုထားတဲ့ နိုင်ငံရေးပါတီအမည်ခံများရဲ့ 'နိုင်ငံရေးနည်း'နဲ့ တိုင်းရေးပြည်ရေးကို ဆောင်ရွက်ကြမယ့်အရေးကတော့ အတော်လေး စိတ်မအေးစရာပါပဲ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar