Breaking News

ယာယီအပစ်ရပ် သဘောတူညီပြီးနောက် ပေါ်ထွက်လာတဲ့ ကျောက်မဲမြို့အနီးက တိုက်ခိုက်မှု

မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၃ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၂၄


ယာယီအပစ်ရပ် သဘောတူညီပြီးနောက် ပေါ်ထွက်လာတဲ့ ကျောက်မဲမြို့အနီးက တိုက်ခိုက်မှု 

ယခုလတ်တလော တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့မှာ ဇန်နဝါရီ ၁၀ရက်နဲ့ ၁၁ ရက် ၂ ရက်တာဆွေးနွေးပြီးနောက် သဘောတူခဲ့ကြတဲ့ ဟိုင်ဂင်သဘောတူညီချက်လို့ အမည်ပေးခေါ်ဆိုတဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့တို့အကြား ယာယီအပစ်ရပ် သဘောတူညီချက် ပေါ်ထွက်အပြီးနောက်တရက်မှာပဲ ကျောက်မဲမြို့အနီးမှာ TNLA တပ်တွေနဲ့ စစ်ကောင်စီ တပ်တွေအကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ သတင်းတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ 

လက်နက်ငယ်တွေ သာမက လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်သံတွေကြားရတယ်လို့ သတင်းတွေထဲ ဖေါ်ပြထားပြီး အခုလို ပစ်ခတ်မှုဟာ မတိုင်ခင် တရက်က မြောက်ပိုင်းညီနောင် လက်နက်ကိုင် ၃ ဖွဲ့က ထုတ်ပြန်ထားတဲ့ ယာယီအပစ်ရပ်သဘောတူညီချက် ပျက်ပြယ်သွားပြီလားဆိုတဲ့ မှန်းဆချက်တွေနဲ့ အတူ တိုက်ပွဲတွေ ပြန်ဖြစ်လာတော့မလားဆိုတဲ့ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့တွေက ဒေသခံတွေက စိုးရိမ်မှုတွေလည်း မြင့်တက်လာကြတာကို သတင်းတွေနဲ့ ဆိုရှယ်မီဒီယာ မှာ ရေးသားမှုတွေမှာ တွေ့မြင်နေရတာ ဖြစ်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးဖြစ်ပွားပြီးနောက် ၂ လခွဲခန့်အကြာမှာ အခုလို ယာယီအပစ်ရပ်သဘောတူညီချက်ကို တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ရခဲ့ကြတာဖြစ်ပြီး ယာယီအပစ်ရပ်သဘောတူညီချက်က ကာလ ကန့်သတ်ချက်မပါရှိသလို၊ အချို့သော အပစ်ရပ်သဘောတူညီချက်တွေလို သဘောတူညီမှုနဲ့ ပတ်သက်ပြီး အသေးစိတ်ဆက်လက် လုပ်ဆောင်တဲ့ အစီအစဥ်မျိုးတွေ ပါရှိတာ မတွေ့ရပါဘူး။ ဒီသဘောတူညီချက်ဟာ တိုက်ခိုက်မှုတွေ အရှိန်မြင့်တက်နေချိန် စစ်ကောင်စီဘက်က စခန်းနဲ့ မြို့တွေ တခုပြီးတခု ဆက်တိုက်ဆိုသလို ဆုံးရှုံးလက်လွှတ်နေရချိန်မှာ မြင့်တက်နေတဲ့ အရှိန်ခဏသပ်ဖို့ လက်ဝှေ့ပွဲအတွင်း  ေခတ္တမျှနားတာနဲ့ အလားသဏ္ဍာန်တူတဲ့ အပစ်ရပ် သဘောတူညီချက် ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တွေတုန်းက နုတ်အားဖြင့် သဘောတူကြတဲ့ အပစ်ရပ်မှုမျိုးနဲ့ သဘောသဘာဝချင်းလည်း မတူတာ တွေ့ရပါတယ်။ အဆိုပါ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ အပစ်ရပ်ခဲ့ရာမှာ ၂ ကြိမ်စလုံး နှုတ်အားဖြင့် သဘောတူညီမှုနဲ့ အပစ်ရပ်ခဲ့တာ ဖြစ်ပြီး ပထမအကြိမ် အပစ်ရပ်တဲ့ ကာလက ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွေ ကျင်းပချိန် နိုဝင်ဘာလမှာ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒုတိယ အကြိမ် အပစ်ရပ်ဖို့ သဘောတူရတဲ့အကြောင်းကို လူသားချင်းစာနာမှုကြောင့် အပစ်ရပ်ခဲ့တာလို့ အေအေဘက်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပြီး အခု ၁၀၂၇ စစ်ဆင်ရေးမှာ အပစ်ရပ်ကြရာမှာတော့ အကြောင်းပြချက်အနေနဲ့ ပြောဆိုတာမျိုးမတွေ့ရပါဘူး။ နောက်ထူးခြားတဲ့ အချက်တချက်က AA လက်နက်ကိုင် အဖွဲ့နဲ့ပတ်သက်ပါတယ်။ AA အနေနဲ့ ရခိုင်လူမျိုးတွေ နေထိုင်ကြတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာရှိသလို ရှမ်းမြောက်မှာ ညီနောင် ၃ ဖွဲ့အနေနဲ့ တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေလည်း ရှိပြီး အခုအပစ်ရပ်ရာမှာတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေနဲ့ မသက်ဆိုင်ပဲ ရှမ်းမြောက်မှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေနဲ့ သာသက်ဆိုင်တာ ဖြစ်ပါတယ်။ 

အခုလက်ရှိ ယာယီအပစ်ရပ်သဘောတူညီချက်မှာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားလည်း ပါဝင်သလို တရုတ်နိုင်ငံရဲ့ ဖိအားလည်း ပါရှိတာ အများက သိရှိနေကြတဲ့ အချက်အလက်တခုဖြစ်ပါတယ်။ အိမ်နီးချင်း နိုင်ငံဖြစ်ပြီး တိုက်ခိုက်မှုတွေက တရုတ်နိုင်ငံနဲ့ နယ်စပ်တွေမှာ ဖြစ်ပွားနေသလို တရုတ်နိုင်ငံထဲကို လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲတာတွေ ဖြစ်ပွားခဲ့တဲ့ အနေအထားထိ ရောက်ခဲ့တာ၊ နယ်စပ်ဒေသတွေမှာ စစ်ဘေးရှောင် ဒုက္ခသည်လို ပြဿနာတွေ အထိ တရုတ်နိုင်ငံက အနည်းနဲ့အများ သက်ရောက်မှုတွေ ရှိနေတာ၊ မြန်မာနိုင်ငံထဲက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထိခိုက်ပျက်စီးနိုင်တဲ့အရေးတွေကိုပါ ထုတ်ဖေါ်ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံထဲက ရှမ်းမြောက်ဒေသက တိုက်ပွဲတွေ ရပ်တန့်ဖို့ တရုတ်နိုင်ငံဘက်မှာလည်း ပြောဆိုခွင့်ရှိနေတဲ့ အနေအထားမျိုးရောက်ရှိခဲ့ တာပါ။ 

မြန်မာစစ်ကောင်စီဘက်ကလည်း တနေ့တနေ့ လက်လွှတ်ဆုံးရှုံးနေရတဲ့ စစ်စခန်းတွေ၊ မြို့တွေ နဲ့ ရာဂဏန်း၊ ထောင်ဂဏန်းချီ လက်နက်ချနေတဲ့ ၄င်းတပ်တွေရဲ့ ဖရိုဖရဲဖြစ်မှုကို ပြန်လည်ထိန်းသိမ်း စုစည်းဖို့ အပစ်ရပ်ဖို့ အသဲအသန် ဖြစ်နေတယ်လို့ အများက ခန့်မှန်းယူဆကြတာပါ။ မြောက်ပိုင်းညီနောင် လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့အနေနဲ့တော့ ဆက်တိုက်ရနေတဲ့ စစ်ရေးအောင်ပွဲတွေကို တန့်သွားတဲ့ သဘောဖြစ်စေနိုင်တဲ့ အပစ်ရပ်သဘောတူညီချက်ကို လိုလိုလားလား ရှိချင်မှ ရှိမှာဖြစ်ပါတယ်။ 

တရုတ်ရဲ့ လိုလားချက်နဲ့ စစ်ကောင်စီရဲ့ အသည်းအသန်လိုအပ်နေတဲ့ အပစ်ရပ်သဘောတူညီချက်ကို မနေ့က ကျောက်မဲမြို့အနီးက တိုက်ခိုက်မှုတွေက ပျက်ပြယ်သွားစေလား ဆိုတာတော့ ခုချိန်ထိ ဘယ်အဖွဲ့ကမှ ထုတ်ဖေါ်ပြောဆိုတာ မတွေ့ရသေးပါဘူး။ မြောက်ပိုင်းညီနောင် အဖွဲ့က ကျောက်မဲမြို့အနီးက တိုက်ပွဲနဲ့ပတ်သက်လို့ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပေမယ့် ပျက်ပြယ်သွားပြီလို့တော့ ပြောဆိုခြင်း မတွေ့ရသေးပါဘူး။ TNLA ဘက်က ထုတ်ပြန်ရာမှာ စစ်ကောင်စီ အနေနဲ့ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်တယ်ဆိုတဲ့ သဘောမျိုးသာ ပြောဆိုထားပြီး ပျက်ပြယ်သွားတယ်လို့တော့ ပြောဆိုထားတာ မတွေ့ရပါဘူး။ 

ယာယီ အပစ်ရပ်မှုက ဘယ်လောက် ခံမလဲဆိုတာ မမှန်းဆနိုင်ပေမယ့် အခု ယာယီအပစ်ရပ်မှုကို အခွင့်အလမ်း တခုအဖြစ် အသုံးချပြီး စစ်ရေး သို့မဟုတ် နိုင်ငံရေးအရ အကျိုးအမြတ်တွေ ရရှိအောင် ကြိုးစားကြမှာ လက်ဝယ်မရသေးတဲ့ အခွင့်အလမ်းတွေကို ဆုပ်ကိုင်ဖို့၊ လက်ဝယ်ရောက်ပြီးသား အခွင့်အလမ်းတွေကို ခိုင်မာအောင် လုပ်ဆောင်ဖို့က အရေးကြီးတာ ဖြစ်ပါတယ်။ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့အနေနဲ့ လက်ဝယ်ရောက်ရှိထားတဲ့ စစ်စခန်းတွေ မြို့တွေကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားနိုင်ဖို့၊ မြို့တွေရဲ့ အုပ်ချုပ်ရေး၊ လူမျိုးစုမတူတဲ့ ဒေသတွေကို တရားမျှတစွာ၊ အမြော်အမြင်ရှိစွာနဲ့ အုပ်ချုပ် ထိန်းသိမ်းထားနိုင်ဖို့က စစ်တိုက်ဖို့လိုပဲ အရေးပါတဲ့ ကိစ္စရပ်တွေ ဖြစ်လာနေတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar