ခွန်ထွန်းခင် - ပအိုဝ်းတွေ စစ်ကျွန်ဘဝက လွတ်မြောက်တော့မည်
ခွန်ထွန်းခင် - ပအိုဝ်းတွေ စစ်ကျွန်ဘဝက လွတ်မြောက်တော့မည်
(မိုးမခ) ဖေဖော်ဝါရီ ၇ ၊ ၂၀၂၄
ပအိုဝ်းတွေက ဘာသာရေးနဲ့ပတ်သက်ရင် လုံးဝမရ။ တစက်မှ မတွန့်။
တနိုင်ငံလုံး ပျောက်တိပျောက်ကြား ငါးထောင်စား ဆန္ဒပြပွဲတွေလောက်တော့ နားထား။ လာမကြွားနဲ့။ သာသနာမထိနဲ့ မီးပွင့်သွားမယ်။ မယားထိချင်ထိ၊ ဘုရားတော့ မထိနဲ့။ လင်ထိချင်ထိ၊ ရှင်မထိနဲ့ဘဲ။
အမျိုးမထိနဲ့၊ (နေဝင်းထွန်း မပါ၊ သူက အိုဝ်းယောင်ဆောင်သောအင်း။ သူ့ဘိလပ်မြေစက်ရုံဆို ပအိုဝ်းဆို အောက်ခြေလုပ်သားပဲ ခန့်တာ၊ အဲဒီအထက် မြန်မာချည်းဘဲ) ဘာသာ စာပေ မထိနဲ့။ (အဲ အဲ PNO ခေါင်းဆောင် ခွန်စံလွင့် သမီးတွေ မပါဘူးနော်၊ သူတို့ကတော့ ခြွင်းချက်၊ စာအသာထား၊ စကားကို မတတ်တာ) အေး အေး တပ်လဲ မထိနဲ့။ မြန်မာ့တပ်မတော်ကို ပြောတာ။ သန်းရွှေလက်ထက်မှာ ပအိုဝ်းတွေ စတန်ခိုးထွားခဲ့တာလေ။ သိတယ်ဟုတ်၊ သူ့ဆရာ အဲလေ သူ့မိန်းမ ကြိုင်ကြိုင်က ပအိုဝ်းမကြီးလေ။ အဲဒီကတည်းက ဦးအောင်ခန်းထီတို့ဟာ ဘယ်လူမျိုးမှမရတဲ့ အခွင့်အရေးတွေ ရခဲ့တာဘဲ။ ပအိုဝ်းခရိုနီတွေပါ ပေါ်လာတာ သိရဲ့မဟုတ်လား။ ဖားကန့်မှာ ကျောက်စိမ်းတူးနေကြတာ နှစ်ပေါင်း ဘယ်လောက်ကြာပလဲတောင် မသိ။
အဲဒီကျေးဇူးနဲ့ တပ်ရဲ့ ဘီလူးဆေးကြောင်စိတ်ကို မေ့ပစ်လိုက်တာပဲ။
၈၈ အရေးအခင်းမဖြစ်ခင်က ပအိုဝ်းတွေဟာ တပ်ဒဏ်ကို သေလုမြောပါး ခံနေကြရတာပေါ့။ တရွာလူနှစ်ဆယ်ပေးရတယ်။ လက်နက်ရိက္ခာသယ်ဖို့၊ လမ်းပြဖို့။ မပေးနိုင်ရင် သူကြီးကို ရွာသားတွေရှေ့မှာ နှိပ်စက်သတ်ဖြတ်ပြတယ်။ ရှေ့တန်းခေါ်သွားရင်လဲ ဗမာစကားမတတ်တဲ့ ပအိုဝ်းတွေကို ပြန်မပြောရင် မကြားရကောင်းလားဆိုပြီး နားထဲကို ပြောင်းတေ့ ဆွဲတာ။ ပါးစပ်ကို ဒင်နဲ့ဖြတ်ရိုက်တာ။ ရွာထဲ ဝင်လာရင် သူတို့ လိုချင်တာ ယူ၊ ရွာမီးတိုက်။ ဒီလိုနဲ့ ပအိုဝ်းတွေဟာ တောတောင်ထဲ ရှောင်တိမ်းနေရင်း ရွာတည်လိုက်၊ ရွာစွန့်လိုက် နေခဲ့ရတာတဲ့။ မူလရွာကြီးတွေဆိုရင်လဲ ရွာသေးတွေ အများကြီးကွဲသွားတာဘဲ။ အဲဒီတော့ ကလေး ၆ နှစ် ၇ နှစ်သား ရောက်လာရင်ကို ဘုန်းကြီးကျောင်းတွေ ပို့ရတော့တာ။ အမြို့မြို့အနယ်နယ်ကို ပို့ရတာလေ။ အဲဒီအလေ့အကျင့်ဟာ အခုထိ စွဲနေတုန်း။ ဆယ်နှစ်မပြည့်ခင် ပို့တုန်းဘဲ။ ပအိုဝ်းတိုင်း ဘုန်းကြီးကျောင်းကြီးရတာမို့ ဘုန်းကြီးဩဇာသိပ်ညောင်းတာလေ။ ငါးဆယ်အထက် အရွယ်ကြီးရင့်တဲ့ ပအိုဝ်းတိုင်း စစ်တပ်ရဲ့ နှိပ်စက်ညှဉ်းပန်း ယုတ်ကန်းမှုကို ကောင်းကောင်းကြီးသိကြပါတယ်။ အခု အညာမှာ ဖြစ်နေတာတွေဟာ သူတို့ဟိုးအရင် နှစ်ပါင်းသုံးလေးဆယ်ကျော်က ခံခဲ့ကြရတာတွေပါတဲ့။
ဟော အခု သံသရာတပတ်ပြန်လည်လာပါပြီ။ စစ်အာဏာရှင်အမြစ်မပြတ်တော့ စစ်တပ်ရဲ့ရက်စက်မှုတွေ မျိုးဆက်တဆက်ကျော်မှာ လာခံရတော့မယ့်အခြေအနေ။ ဆီဆိုင်တော့ ကျေမွသွားပြီ။ အလွန်တန်ဖိုးထားရတဲ့ ကျောင်းတော်မဟာကြီးပါမဆီမဆိုင် ဗုံးကြဲဖြိုဖျက်ခံလိုက်ရပြီ။ ခုဟာက စစ်အာဏာရှင်သစ်ပင်ကြီးသန်စွမ်းရေး ကိုယ်တိုင်ရေလောင်းပေါင်းသင်ပေးနေမိလို့ လည်လာတဲ့သံသရာဒုက္ခလေ။
တလောလေးက ကိုးကန့်မှာ ဘုရားကလေး၊ ဘုရားတောင် ကိုးတောင်ပြည့်ဘုရားကလေးရယ်၊ အဲဒီဘုရားကလေးကို ကိုးကန့်စစ်သားက တူနဲ့ထုလို့ ပအိုဝ်းတွေ အလွန်အမင်း မခံမရပ်နိုင်ဖြစ်ပြီး တောင်ကြီးမှာ ဆန္ဒပြကန့်ကွက်ပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ကြတာ မဟုတ်လား။
ဒါက ကိုယ့်ကျောင်းကြီး။ မြို့တည်ကတည်းက ကိုးကွယ်ရာကျောင်းကြီး။ ပအိုဝ်းစာပေအတွက် အားထားရာ ကျောင်းတော်ကြီး။ ဒီကျောင်းတော်ကြီးကို စစ်နဲ့မဆိုင်ဘဲ လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီးချလိုက်ပြီ။ ဆရာတော်ကြီးနဲ့ သံဃာတော်တွေလည်း ရွာငယ်ဇနပုဒ်လေးနဲ့ ဆင်းဆင်းရဲရဲ သီးတင်းသုံးနေရပြီ။ ဒါတော့ သိပ်များသွားပြီ။ ပအိုဝ်းတွေ စိတ်နှလုံး ညှိုးချုန်းစေပြီ။ မခံချင်စိတ်တွေ ကြိမ်မီးအုံးဖြစ်နေပြီ။ ဘာသာ သာသနာနဲ့ပတ်သက်ရင် ပအိုဝ်းသွေး ဘယ်လောက်နီကြောင်း ပြကြတော့မည်။
ဒီတခါ နေပြည်တော်ထိ ချီတော့မှာ။ အင်း သာဝ သာဝ။
ပအိုဝ်းတွေ သာဝရဲ့ မာရဝိဇယဘုရား ဖူးသွားမယ့်အကြောင်း ရေးမလို့ပါ။ အတွေးတွေက မဆီမဆိုင် ဆီဆိုင်ကျောင်းကြီးအကြောင်း ချော်တောငေါ့သွားလို့။ ဖတ်သူတွေကို အားနာလိုက်တာဗျာ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar