Breaking News

ရက်စက်မှု၊ နာကြည်းမှုနဲ့ လက်စားချေမှု

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၆ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၂၄


ရက်စက်မှု၊ နာကြည်းမှုနဲ့ လက်စားချေမှု 

ပဋိပက္ခ၊ အင်အားနဲ့ အနိုင်ယူမှု၊ စစ်ပွဲ၊ နာကြည်းမှု၊ လက်စားချေမှု နဲ့ ရက်စက်မှုတွေက တွဲလျက်ရှိနေကြတဲ့အရာတွေ ဖြစ်ပြီး မြန်မာနိုင်ငံ ပြည်တွင်းစစ်ရဲ့  နှစ် ၇၀ ကျော်သက်တမ်း ကာလအတွင်း အများဆုံး ကြုံတွေ့ခဲ့ကြရတဲ့ အရာတွေ ဖြစ်တယ်လို့ဆိုရင် မမှားပါဘူး။ ပြည်တွင်းစစ်ရဲ့ အကြောင်းခံ လောင်စာတွေ အစဥ်အမြဲရှိနေတဲ့ ဆယ်စုနှစ်တွေမှာ တခါတခါ လောင်စာတွေ ပြာဖုံးနေတဲ့ မီးခဲတွေက မီးတောက်အဖြစ် ရောက်လာလိုက် တခါတခါ မီးတောက်ဖြစ်ရာကနေ မီးခဲပြာဖုံး အဖြစ်ပြန်ရောက်သွားလိုက် ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ 

ခုရက်အတွင်း သတင်းဌာနတခုကို ပေးပို့လာတဲ့ အဖြစ်အပျက် ဗီဒီယိုမှတ်တမ်းအတိုကို သတင်းဌာနက သတင်းအဖြစ် ဖေါ်ပြခဲ့ပြီးနောက် ကြည့်ရှုရသူတွေအဖို့ ဆိုးရွားတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ခဲ့ကြရတာ ဆိုရှယ်မီဒီယာတွေမှာ ရေးသားချက်တွေအရ သိရှိရပါတယ်။ 

ဂန့်ဂေါမြို့နယ်ထဲက မြောက်ခင်ရန်း ကျေးရွာမှာ လူ ၂ ဦးကို လက်နက်ကိုင် အဖွဲ့တဖွဲ့က ညှင်းပန်းနှိပ်စက်ပြီး နောက်ဆုံး မီးရှို့သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်ကို ဗီဒီယို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်က “ရက်စက်မှု” “ဆိုးယုတ်မှု” ဆိုတဲ့ စကားလုံး ၂ လုံးကို အတိအကျ ကိုယ်စားပြုတဲ့ ဖြစ်ရပ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံရေးအရ မတူတဲ့ အင်အားစုတွေကို ထောက်ခံတဲ့အုပ်စုကွဲတွေ အကြား ဖြစ်ပွားတဲ့ ပဋိပက္ခ၊ စစ်ရေးအရ ဆန့်ကျင်တိုက်ခိုက်မှုတွေ၊ တုံ့ပြန် လက်စားချေမှုတွေ နဲ့ အရက်စက်ဆုံး နည်းလမ်းတွေနဲ့ လက်စားချေမှုတွေက အခုလို ဖြစ်ရပ်ကို ဖြစ်ပွားစေခဲ့တယ်လို့ ကောက်ချက်ချမိပါတယ်။ 


ပြည်တွင်းစစ်ရဲ့ သမိုင်းတွေထဲ ရန်သူတွေကို စစ်မြေပြင်မှာ ဖမ်းမိတဲ့အခါ တရားစွဲဆိုဖို့ ဥပဒေကြောင်းအရ အရေးယူ အပြစ်ပေးဖို့ အခွင့်အလမ်း နည်းပြီး စာအုပ်ထဲ ရေးမထားတဲ့ နှုတ်မိန့်တွေနဲ့ နှိပ်စက်စစ်မေးပြီး လက်စတုံး သတ်ဖြတ်လေ့ရှိတဲ့ ဖြစ်စဥ်တွေ မြန်မာနိုင်ငံရဲ့ ရုပ်ဆိုးအကျည်းတန်လှတဲ့ ပြည်တွင်းစစ် သမိုင်းတွေထဲ ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၆၀ ကျော်ခုနှစ်တွေတုန်းက ဗကပ ကွန်မြူနစ် တွေ နဲ့ ဗမာ့တပ်မတော် တိုက်ခိုက်ခဲ့စဥ်ကတည်းက ရှေ့တန်းမှာ ဖမ်းမိတဲ့ ဗကပ လက်နက်ကိုင်တွေကို ဥပဒေနဲ့ အညီဖမ်းဆီး ရုံးတင်တာမျိုး လုပ်ဆောင်လေ့ သိပ်မရှိခဲ့ဘူးလို့ လက်ဆင့်ကမ်း ပြောကြားခဲ့ကြတဲ့ ဖြစ်ရပ်တွေ အရ ကြားသိရဖူးတာဖြစ်ပါတယ်။ အချို့သော စစ်ဗိုလ်တွေက အရှင်ဖမ်းဆီးပြီး နောက်တန်းက တပ်ကို အပ်နှံတဲ့အခါ ဘာလို့ အရှင်ဖမ်းလာရတာလဲ၊ အလုပ်ရှုပ်ခံရတာလဲ ဆိုတဲ့ အပြစ်တင်ပြောဆိုမှုတွေ ဗမာ့တပ်မတော်မှာ ရှိခဲ့တယ်လို့လည်း ကြားခဲ့ဖူးပါတယ်။ ကွန်မြူနစ်ဝါဒယုံကြည်သက်ဝင်ပြီး တိုက်ပွဲမှာ ဖမ်းမိတဲ့ ထင်ရှားတဲ့  စာရေးဆရာကို သူ့စာဖတ်ပရိသတ်တဦးဖြစ်တဲ့ စစ်ဗိုလ်က ဖမ်းမိခဲ့ရာမှာ မသတ်ဖြတ်ပဲ နောက်တန်းကို အပ်နှံခဲ့တဲ့ အဖြစ်အပျက်မှာ ဖမ်းဆီးအပ်နှံတဲ့ ဗိုလ်ဖြစ်သူကို အထက်က စစ်အရာရှိက အလုပ်ရှုပ်အောင် လုပ်တဲ့အတွက် အပြစ်တင်ခဲ့တယ်ဆိုတဲ့ အဖြစ်အပျက်ကို လက်ဆင့်ကမ်း ပြောဆိုရာက ကြားသိခဲ့ရဖူးပါတယ်။ 

အလားတူပဲ ကေအန်ယူ လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ခိုက်ကြရာမှာလည်း တဖက်နဲ့ တဖက် နာကျည်း မုန်းတီးမှုတွေနဲ့ ရန်သူကိုအရှင်မိတဲ့အခါ ဥပဒေနဲ့ အညီ အရေးယူ တရားစွဲတာမျိုးထိ မလုပ်ကြပဲ ရှေ့တန်းမှာတင် သိချင်တဲ့ သတင်းအချက်အလက်တွေကို နှိပ်စက်ညှင်းပန်းတဲ့ နည်းနဲ့ မေးမြန်းပြီး သတ်ဖြတ်ခဲ့ကြတဲ့ ဖြစ်စဥ်တွေ ရှိခဲ့သလို တဖက်ကလည်း စစ်တပ်က တပ်ဖွဲ့ဝင်တွေကို မိတဲ့အခါ အရှင်မထားပဲ နှိပ်စက် သတ်ဖြတ်ခဲ့ကြတာ၊ အသေးစိတ်ဖေါ်ပြဖို့ မသင့်တဲ့နည်းလမ်းတွေနဲ့ နိပ်စက် သတ်ဖြတ်ခဲ့ကြတာတွေလည်း ရှိခဲ့တာကို လက်ဆင့်ကမ်းပြောဆိုမှုတွေ အရ ကြားသိခဲ့ရဖူးတာ ဖြစ်ပါတယ်။ မဆလလို စစ်အာဏာရှင်တွေ ခေတ်တွေတုန်းက လက်နက်ကိုင် အဖွဲ့ဝင် မဟုတ်တဲ့ သူပုန်ဆက်သွယ်အားပေးသူလို့ သံသယရှိသူတွေကို စစ်မေးရာမှာလည်း ရက်စက်ဆုံး နည်းလမ်းတွေ နဲ့ စစ်မေး နှိပ်စက်ခဲ့ကြတာ ကရင်ပြည်နယ် ကျေးရွာတရွာက ကျေးရွာသား တဦးကပြောပြခဲ့ဖူးပါတယ်။ သူ့ရဲ့ မှတ်ချက်က ဂျပန်ခေတ်က ဂျပန်တွေ နှိပ်စက်တာ ဆိုးတယ် ရက်စက်တယ်လို့ ကြားခဲ့ဖူးတာ အခု စစ်တပ်၊ စစ်ထောက်လှမ်းရေးက ဂျပန်ထက် ပိုဆိုးတယ်ဆိုတဲ့ ပြောဆိုမှုလည်း ကြားသိခဲ့ရဖူးပါတယ်။ 

အဲဒီခေတ်အဲဒီကာလတွေတင်မကပဲ မြန်မာစစ်တပ်ရဲ့ ရက်စက်မှု သတ်ဖြတ်မှုတွေက မနှစ်တနှစ်ကလို ဖြစ်နေတဲ့ ၂၀၁၇ ရခိုင်ပြည်နယ် မြောက်ပိုင်းက အာဆာ လက်နက်ကိုင်တွေကို နှိမ်နှင်းရာမှာ ရိုဟင်ဂျာ လူမျိုး ကျေးရွာသားတွေ ရာ ထောင်နဲ့ချီ သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်တွေက နည်းပညာတွေ ခေတ်မှီလာတဲ့ ယနေ့ခေတ်ကာလမှာ မှတ်တမ်းတွေ မှတ်ရာတွေနဲ့ တကွတင်ကျန်ရစ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဖြစ်ရပ်က လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် နိုင်ငံတကာတရားရုံးမှာ စွဲဆိုခံရပြီး ရင်ဆိုင်နေရဆဲလည်း ဖြစ်ပါတယ်။ 


ယခင်ခေတ်တွေက မှတ်တမ်းမှတ်ရာအဖြစ် ရိုက်ကူးမှတ်တမ်းတင်တဲ့ ကင်မရာတွေ ပေါပေါများများ မရှိကြတဲ့ခေတ် သတင်းအချက်အလက် ဖလှယ်မျှဝေဖို့ ပလက်ဖောင်းတွေ မရှိခဲ့ကြတဲ့ ခေတ်တွေက ရက်စက်မှုတွေ၊ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ ရှိခဲ့ကြပေမယ့် လူအများအပြား မသိခဲ့ကြပါဘူး။ ဒီနေ့ခေတ်ကာလမှာ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ ရက်စက်မှုတွေက ကျူးလွန်သူတွေကိုယ်တိုင် မှတ်တမ်းတင်ခဲ့ကြပြီး အချိန်ကာလတခုမှာ မတော်တဆ သို့မဟုတ် ရည်ရွယ်ချက် တခုခုနဲ့ ပေါက်ကြား ပြန့်နှံ့စေကာ ကြားသိ မြင်တွေ့ရသူတွေကို စိတ်ဒဏ်ရာ၊ နာကျည်းမှု၊ လက်စားချေမှုတွေ ဖြစ်ဖို့ လှုံ့ဆော်တဲ့ အကျိုးဆက်၊ သက်ရောက်မှုတွေ အထိ ရောက်ရှိစေတာ ဖြစ်ပါတယ်။ 

ရက်စက်မှုတွေက ခေတ်အဆက်ဆက်မှာ ရှိခဲ့ကြသလို တာဝန်ရှိသူတွေက ခေတ်အဆက်ဆက် အပြစ်ပေး အရေးယူခံရခြင်း မရှိပဲ လွတ်မြောက်နေကြဆဲဖြစ်ပါတယ်။ ရက်စက်မှုတွေ၊ လက်စားချေ သတ်ဖြတ်မှုတွေကို အဆုံးသတ်စေဖို့ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ တာဝန်အရှိဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် သမိုင်းကြောင်း တလျှောက် ဖြစ်ပွားခဲ့တဲ့ ရက်စက်မှုတွေကို အဆုံးသတ်စေဖို့ က လက်နက်ကိုင် အဖွဲ့အစည်းတွေကို အမိန့်ပေးကွပ်ကဲသူတွေဆီမှာ တာဝန်အရှိဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။ 

ရက်စက်မှုတွေကို တာဝန်ခံဖို့ ကျူးလွန်တဲ့ သူတိုင်း ကျူးလွန်မှုအတွက် တာဝန်ခံရမယ့်သူတိုင်း နိုင်ငံရေးအရ ဘယ်ဘက်မှာ ရှိသည်ဖြစ်စေ အရေးယူနိုင်ဖို့ ၊ ကာလအကန့်အသတ်နဲ့ ကင်းလွတ်ခွင့်ပေးထားတာမျိုး မဖြစ်စေဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar