Breaking News

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃၁


ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃၁

(မိုးမခ) ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၄



ကျို့နန်းတော်ရဲ့ဩဇာ မှိန်ဖျော့ ပျောက်ကွယ်စပြုလာချိန်

တချို့သမိုင်းတွေက နွေဦးဆောင်းဦးကာလရဲ့ ဩဇာကြီးမားတဲ့နိုင်ငံ ငါးနိုင်ငံ ဝူပါး (五霸 Wu ba)  စာရင်းမှာ ဝူနိုင်ငံ (吳 Wu) ကိုလည်း စာရင်းသွင်းထားပါတယ်။ ဝူနိုင်ငံ နဲ့ ကျို့အင်ပါယာအကြားက ဆက်ဆံရေးကို သမိုင်းမှတ်တမ်းတင်ထားတဲ့အထဲက အစောဆုံးတွေ့ရတဲ့ ကာလကတော့ ဘီစီ ၅၈၄ ခုနှစ် ဖြစ်ပါတယ်။ ဝူနိုင်ငံဟာ အင်အားကြီး ဘုရင်ခံနိုင်ငံတစ်နိုင်ငံ ဘယ်လို့ ဖြစ်လာသလဲ ဆိုတာကို သူ့နိုင်ငံရဲ့ သမိုင်းကြောင်းအချို့နဲ့ ယှဉ်တွဲပြီး လေ့လာကြည့်ဖို့ လိုပါတယ်။ 

ဝူနိုင်ငံ အင်အားကြီးနိုင်ငံ ဖြစ်မလာမီ ကျို့အင်ပါယာထဲက အခြေအနေတွေကို လေ့လာကြည့်ရအောင်ပါ။ 

ကျန်း၊ ချီ၊ စုန့်၊ ကျင်၊ ချီ၊ ချူ ဆိုပြီး ကျို့အင်ပါယာရဲ့ အင်အားကြီးနိုင်ငံတွေ အစဉ်လိုက် ပေါ်ပေါက်ခဲ့ရာမှာ ချူ နိုင်ငံရဲ့ ဩဇာဟာ ဘီစီ ၅၁၉ နောက်ပိုင်းမှာ ပြန်လည်ကျဆင်းလာပါတယ်။ 

အဲဒီအချိန်မှာ ဒီကနေ့ခေတ် ကျန်းစုပြည်နယ် (Jiangsu) လို့ခေါ်တဲ့နေရာမှာ အခြေတည်ပြီး ဝူနိုင်ငံ ရှိနေပါတယ်။ ကျို့အင်ပါယာပြင်ပ က နိုင်ငံတစ်နိုင်ငံပါ။ ဝူနိုင်ငံဟာ နွေဦးဆောင်းဦးကာလ ရဲ့ နောက်ပိုင်းသုံးပုံတစ်ပုံ မတိုင်ခင်အထိ ကျို့နိုင်ငံရေးနဲ့ ပတ်သက်ခဲ့ပုံ မရပါဘူး။ ဒါကြောင့်လည်း နွေဦးဆောင်းဦးကာလ ဟာ ဘီစီ ၇၇၀ ဝန်းကျင်မှာ စတင်ပေမယ့် အဲဒီကာလရဲ့ အစောပိုင်းမှတ်တမ်းတွေမှာ ဝူနိုင်ငံအကြောင်းကို မတွေ့ရပါဘူး။ 

အဲဒီလို ကျို့အင်ပါယာနဲ့ မပတ်သက်ခဲ့တဲ့ ဝူနိုင်ငံဟာ ဘီစီ ၅၈၄ အရောက်မှာ ကျို့အင်ပါယာလက်အောက်ခံ ထန်နိုင်ငံ(譚Tan) နိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ 

ထန်နိုင်ငံဟာ ရှန်းခေတ်ကို ဖြိုချပြီး ကျို့ခေတ်ကို ထူထောင်ခဲ့တဲ့ ဧကရာဇ်ဝူ (武Wu) ကိုယ်တိုင်ထူထောင်ခဲ့တဲ့ ကျို့အင်ပါယာရဲ့ ထီးရံနန်းရံနိုင်ငံငယ် တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဘီစီ ၁၀၄၆ နောက်ပိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံငယ်တစ်ခု ဖြစ်ပါတယ်။ အဲဒီနိုင်ငံငယ်လေးဟာ ဘီစီ ၆၈၄ မှာ ကျို့နန်းတော်ရဲ့ ဘုရင်ခံ နိုင်ငံဖြစ်တဲ့ ချီ (Qi) နိုင်ငံရဲ့ သိမ်းပိုက်ခြင်းခံရပြီး ချီလက်အောက်ခံနိုင်ငံငယ်လေး ဖြစ်ခဲ့ရပါတယ်။ ကျို့အင်ပါယာရဲ့ တရားဝင် ဘုရင်ခံ ဖြစ်လာတဲ့ ချီဘုရင် ဟွမ် အတွက် ဂုဏ်ပြုတဲ့ပွဲကို ထန်နိုင်ငံဘုရင်က တက်ရောက်ပြီး ဂုဏ်ပြုတာမျိုး မလုပ်လို့ ချီဘုရင်က အမျက်ရှပြီး ဝင်သိမ်းလိုက်တာပါ။ ကျို့ဧကရာဇ်လက်အောက်ခံ နိုင်ငံငယ် အဆင့်ကနေ ကျို့နန်းတော်ထက် တစ်ဆင့်နိမ့်တဲ့ ချီဘုရင်ခံရဲ့ လက်အောက်က နိုင်ငံငယ်အဆင့်ကို ရောက်နေခဲ့တာလို့ ဆိုနိုင်ပါတယ်။ 

ဒါကြောင့် ထန်နိုင်ငံကို ဝူ ဝင်ရောက်တိုက်ခိုက်တာဟာ ချီနိုင်ငံကို တိုက်ခိုက်တာဖြစ်သလို၊ ကျို့အင်ပါယာကို တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။ အဲဒီအခါမှ ကျို့အင်ပါယာဝင် နိုင်ငံငယ်တွေဟာ ဝူနိုင်ငံကို သတိထားမိသွားကြပြီး တပ်လှန့်ရတဲ့ အနေအထား ဖြစ်သွားပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ချီ ဟာလည်း အင်အားနည်းနေပြီမို့ တန်ပြန်တိုက်ခိုက်တာမျိုးတော့ မလုပ်နိုင်ခဲ့ပါဘူး။ ထန်ဟာ နယ်စပ်မြို့လေးသာ ဖြစ်တာမို့ သိပ်ပြီး အလေးမထားတာလည်း ပါနိုင်ပါတယ်။ 

ဝူ ရဲ့ အင်အားကြီးထွားလာမှုကို အသုံးချဖို့ ကြိုးစားတာကတော့ ကျင်နိုင်ငံပါ။ ကျင်နိုင်ငံဟာ အစဉ်အလာအားဖြင့် နိုင်ငံကြီးတွေရဲ့ ပဋိပက္ခကြားထဲ မဝင်ဘဲ၊ အခွင့်အရေးကို အသုံးချတတ်တဲ့နိုင်ငံ ဖြစ်ပါတယ်။ တချိန်က ချီ နဲ့ စုန့် အင်အားချင်းပြိုင်နေကြချိန်မှာ နှစ်ဖက်စလုံးနဲ့ သင့်မြတ်အောင်နေပြီး၊ သူ့အင်အားကို စုဆောင်းပြီး အင်အားကြီးနိုင်ငံ နေရာကို ဝင်ယူနိုင်ခဲ့ဖူးပါတယ်။ ဝူ အင်အားကြီးလာတာကို သတိထားမိလာချိန်မှာလည်း ဝူ နဲ့ မသင့်မမြတ် ဖြစ်မယ့်အစား ဝူကို အသုံးချနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ (အဲဒီအချိန်မှာ ကျင် အပါအဝင် ကျို့အင်ပါယာ နိုင်ငံကြီးတွေက ချူ ကို ရှုံးပြီး၊ ချူ ဟာ အင်အားကြီးနိုင်ငံ ဖြစ်နေချိန်ပါ။ ကျင် အနေနဲ့ ချူ ရဲ့ အင်အားကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားရာမှာ ဝူ ကို အသုံးချခဲ့ပါတယ်။ ကျင် ဟာ ချူ နိုင်ငံက လုယူထားတဲ့ ဘုရင်ခံ ဩဇာကို ပြန်လည်ရယူချင်နေတာပါ။ ဝူ ဟာ ချူ ရဲ့ အရှေ့ဘက်မှာ နယ်စပ်ချင်း ထိစပ်နေတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်နေပါတယ်။ ) 

ထွန်းသစ်စ ဝူ နိုင်ငံရဲ့ အကြီးအကဲ ရှောက်မန့် (壽夢Shoumeng) ထံကို ကျင်နိုင်ငံက သံတမန်တစ်ဦးကို စေလွှတ်လိုက်ပါတယ်။ အဲဒီ သံတမန်ကနေတဆင့် ဝူ နိုင်ငံအတွက် ခေတ်မီ လက်နက်တွေကို ကျင်နိုင်ငံက ထောက်ပံ့ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ အဲဒီကတိကြောင့်ပဲ ချူနိုင်ငံကို ဆန့်ကျင်နိုင်ဖို့ ဝူ နဲ့ ကျင် အကြား နှစ်နိုင်ငံ မဟာမိတ် ဖွဲ့ထားဖို့လည်း သဘောတူညီနိုင်ခဲ့ပါတယ်။ 

တစ်ဖက်မှာတော့ ကျို့အင်ပါယာ အောက်က နိုင်ငံကြီးတွေဖြစ်တဲ့ ချီ၊ ချင်၊ ကျင် တို့နဲ့ နောက်ပိုင်းမှာ ဩဇာကြီးလာတဲ့ ချူ တို့ဟာ စစ်ပွဲတွေနဲ့ အတော်လေး ပင်ပန်းလာနေကြပါပြီ။ 

တချိန်တည်းမှာ အဲဒီ ဘုရင်ခံနိုင်ငံတွေ တစ်ခုပြီးတစ်ခု ဩဇာကြီးလာတိုင်း ကျို့နန်းတော်ရဲ့ နယ်မြေတွေဟာလည်း အဲဒီနိုင်ငံတစ်နိုင်ငံချင်းစီကို ဖဲ့ပေးလိုက်ရတာကြောင့် ကျို့နန်းတော်ကိုယ်တိုင်ရဲ့ နယ်မြေတွေကလည်း လျော့နည်းလာနေပါပြီ။ ဘုရင်ခံနိုင်ငံကြီးတွေဟာ နယ်မြေကျယ်ဝန်းလာတာမို့ ကျို့အင်ပါယာကြီးဟာ အရင်လို နိုင်ငံငယ်တွေ စုပေါင်းထားတာမျိုးနဲ့ သိပ်မတူတော့ပါဘူး။ (အရင်က နိုင်ငံပေါင်း ရာချီရှိခဲ့တာပါ။) အဲဒီအစား ကျယ်ပြန့်တဲ့ နိုင်ငံငယ် အချို့ကို စုစည်းထားတဲ့ နယ်မြေဒေသကြီးတွေ (ဥပမာ ကျင်၊ ချီ၊ ချင် စသည်ဖြင့်) အရေအတွက်အနည်းငယ်နဲ့ စုပေါင်းထားတဲ့ ပုံစံနဲ့ ပိုတူလာပါတယ်။ ဒီအချက်ကို သိသာစေတာကတော့ ထန်နိုင်ငံရဲ့ အနေအထားပါ။ ထန် ဟာ ကျို့ခေတ် အစမှာ ကျို့နန်းတော်ရဲ့ အုပ်ချုပ်မှုအောက်က နိုင်ငံငယ်လေး ဖြစ်ခဲ့ပေမယ့်၊ နောက်ပိုင်းမှာ ချီ နယ်မြေရဲ့အောက်ကို ရောက်သွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ထန် ဟာ ကျို့အင်ပါယာ ရဲ့ လက်အောက်ခံ ဖြစ်တယ်ဆိုပေမယ့် လက်တွေ့မှာတော့ ထန်အပေါ် တကယ်ဩဇာညောင်းတာက ကျို့ဧကရာဇ်မဟုတ်ဘဲ ချီဘုရင် ဖြစ်ပါတယ်။ 

ဒါကြောင့် ကျို့ဧကရာဇ် ဟာ ဧကရာဇ်အမည်ခံမျှသာ ဖြစ်လာပြီး လက်အောက်ခံနိုင်ငံငယ်တွေကို တကယ်စိုးပိုင်အုပ်ချုပ်နေတာက နိုင်ငံကြီးတွေ ဖြစ်ပါတယ်။ အဲဒီနိုင်ငံကြီးတွေက ဘုရင်တွေဟာ သူတို့ဩဇာလွှမ်းမိုးတဲ့ နယ်မြေအလိုက် ခွဲဝေပိုင်စိုးထားတဲ့ သဘောပါပဲ။ 

ဒီလိုအခြေအနေမှာ အဲဒီနိုင်ငံကြီးတွေဟာ စစ်တိုက်ပြီး ကျို့အင်ပါယာ တစ်ခုလုံးကို ဩဇာလွှမ်းမိုးနိုင်ဖို့ထက်၊ စစ်မတိုက်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ်နယ်မြေမှာ ကိုယ့်ဩဇာကို ခိုင်မာအောင် တည်ဆောက်ဖို့ကို အာရုံပိုစိုက်လာပါတယ်။ ဒါကြောင့် ချီ၊ ချင်၊ ကျင်၊ ချူ နိုင်ငံကြီး ၄ နိုင်ငံဟာ ဘီစီ ၅၇၉ မှာ စည်းဝေးတိုင်ပင်ပြီး ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုကြပါတယ်။ အပြန်အလှန် မကျူးကျော်ရေး သဘောတူကြတာပါပဲ။ အချင်းချင်းတိုက်ရင်လည်း တိုက်တဲ့နိုင်ငံတိုင်း နစ်နာမယ့် အခြေအနေဖြစ်နေတဲ့အတွက် နိုင်ငံကြီးတွေဟာ သူတို့ရထားပြီးသား အခြေအနေလေးတွေကို ထိန်းသိမ်းဖို့ အဲဒီလို နားလည်မှု ယူထားကြတာဖြစ်ပါတယ်။ 

ဒါပေမဲ့ အဲဒီ သဘောတူညီမှုဟာ အလုပ်ဖြစ်ခဲ့ပုံ မပေါ်ပါဘူး။ အနည်းဆုံးတော့ ကျင် နဲ့ ချူ ကြားမှာ အဆင်မပြေလှပါဘူး။ ချူ ကို ထိန်းချုပ်ဖို့ ကျင်ဘုရင်က ကျို့အင်ပါယာအပြင်က ဝူ နိုင်ငံကို လက်နက်‌ထောက်ပံ့သလို၊ မဟာမိတ်လည်း ဖွဲ့ခဲ့တယ် မဟုတ်ပါလား။

ဒါကတော့ ကျို့အင်ပါယာရဲ့ နွေဦးဆောင်းဦးကာလ နှောင်းပါး အခြေအနေနဲ့ ဝူနိုင်ငံရဲ့အစောပိုင်း အခြေအနေတွေကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ 

ဘီစီ ၅၀၆ မှာ ဝူနိုင်ငံမှာ ဘုရင်ဟားလွီ (阖闾Helu) နန်းတက်ပြီးနောက်ပိုင်းမှာ ဝူနိုင်ငံ အင်အားကြီးမားလာပါတယ်။  ဘုရင် ဟားလွီ ရဲ့ အင်အားတည်ဆောက်မှုမှာ မြန်မာစာဖတ်ပရိသတ်တွေ သိပြီးသား စစ်ရေးပါရဂူ ဆွန်ဇု (孫子 Sun Tzu) ဟာ ဝူနိုင်ငံရဲ့ စစ်သူကြီးအဖြစ် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့တိုက်ပွဲအတွေ့အကြုံတွေကနေ နောင်နှစ်ပေါင်းများစွာ လေ့လာကြရတဲ့ စစ်ရေးဗျူဟာတွေ ထုတ်ဖော်နိုင်ခဲ့ပါတယ်။     

ဘုရင် ဟားလွီ ရဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းကို ဆက်လက်လေ့လာကြရပါဦးမယ်။ 

~~~~~~~~~~~~~~~~~~~~

👉ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတိုများ (၁ — ၃၀) 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar