မောင်သော်တာ - အပြစ်မဲ့ရွာကလေး
အပြစ်မဲ့ရွာကလေး
မောင်သော်တာ
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၂၄
ငါတို့ရွာလေးက ဘာအပြစ်ရှိလို့လဲ
ရုပ်ရှင်ထဲမှာ ၇ ရက်သားသမီး မျက်ရည်လည်ရွဲနဲ့ ငိုရလောက်အောင် အရမ်းကောင်းနေတာ
ချိုးသားကင်လေး မီးပုံထဲကခုန်ထွက်ပြီး ကူသံကို ပြန်ပေးပါ တောင်းဆိုသလို
တမြေတည်းနေပြီး ပြေးစရာမြေမရှိအောင် ရွာလေးထဲ လမ်းပျောက်တော့မယ်
ငါတို့ရွာလေးပေါ် မီးပွင့်တွေရွာချနေတယ်
ကလေးတွေက ပြာပုံထဲဆော့ကစားလို့ ပြာတွေနဲ့ဖွေးလို့
ကောင်းတော့ကောင်းတယ်
ရွာကျောင်းဘက်က ကဗျာရွတ်တဲ့အထဲမှာ နေခြည်မှာရွှေရည်လောင်းမယ်တဲ့
မင်းတို့ယုံအောင် ဘယ်ဆရာ သင်ပေးပါ့ ?
ဆရာ ကျောင်းမတက်နိုင်ဘူး ကလေးတို့ရေ
အခုဆို အလံတိုင်ကွင်းပြင်ကြီးအလယ်မှာ မင်းတို့ရောက်နေပြီလား
ပိတ်သားစပေါ်မှာ ကြယ်ဖြူပွင့်တွေလို မင်းတို့ကို ကိုယ်စားပြုဖို့ ပိတ်စအပြည့်
ဆရာ ရေးခြယ်နေတယ်
ကျောက်သင်ပုန်းခေတ်ကလို အခုရေး အခုဖျက်လိုက်ရတဲ့ကြယ်ပုံလေးတွေက ညအချိန်
ကြယ်ဝင်စားလေးတွေ ဖြစ်သွား
မီးအိမ်မထွန်းဘဲ စာအံ စာပြန်နေကြရဲ့
သူတို့က လှမ်းလှမ်းပြီးမေးကြတယ်
ငါတို့ရွာလေးက ဘာအပြစ်ရှိလို့လဲ
ကျောင်းမပြေးတတ်တဲ့ကလေးတွေ အခု အိမ်ပြေးလေးတွေဖြစ်နေ
ဆရာ ကျောင်းမထုတ်ရက်ဘူးလေ
ရှင်လောင်းရတုထဲကစာသားလို ဘယ်စာကို ဘယ်နှဝါ ဆရာသင်ရပါ့
မင်းတို့ရွာလေးက မင်းတို့လိုပဲ အပြစ်မဲ့ ဓါးစာခံပါ
ညက မှောင်လွန်းရဲ့
မင်းတို့ရွာလေး မီးတွေ ထိန်ထိန်ညီးပေါ့
မီးရောင်ဟပ်တဲ့ဆရာ့ရင်ဘက် ချိုးကင်နံ့ရလိုက်သလို
ပြာနံ့တွေလည်းစွဲနေပါပြီကွာ
ဆရာအလေးပြုချင်တဲ့အလံတော်မှာ အပြာရောင်အောက်ခံဆေးသားနဲ့
ပိတ်စအပြည့် ကြယ်ဖြူတွေအသိန်းအသန်း
မင်းတို့ငြိမ်းချမ်းရေးပဲ ဆရာ ဦးညွှတ်ထားပါရစေ
11 feb.2024
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar