Breaking News

ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ကြောင်း ကြေညာ၊ ပဲခူးတိုင်း ဇရပ်ကြီးမြို့တဝိုက်က တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးမှု များပြား

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၁၀ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၂၄


ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ကြောင်း ကြေညာ၊ ပဲခူးတိုင်း ဇရပ်ကြီးမြို့တဝိုက်က တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးမှု များပြား

ပြည်သူ့စစ်မှုထမ်း ဥပဒေလို့ အမည်ပေးထားတဲ့ ဥပဒေကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မကျင်းပမီ ၃ ရက်အလို နိုဝင်ဘာ ၄ ရက်နေ့မှာ အဲဒီအချိန်က အုပ်ချုပ်တဲ့ နအဖ အစိုးရက ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုးရီးယား၊ မြောက်ကိုးရီးယား၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ရုရှားနဲ့ ယခင်ဆိုဗီယက်ပြည်ထောင်စုက သီးခြားနိုင်ငံဖြစ်လာတဲ့နိုင်ငံတွေ၊ စကင်ဒီနေဗီယန်းနိုင်ငံတွေ၊ အာဖရိကက နိုင်ငံအချို့၊ လက်တင်အမေရိက နိုင်ငံအချို့တို့မှာ စစ်မှုမထမ်း မနေရဆိုတဲ့ အခုလိုဥပဒေမျိုး ကျင့်သုံးနေကြတာ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေအပြင် အချို့နိုင်ငံတွေက ဥပဒေပြဋ္ဌာန်းထားပေမယ့်လည်း ကျင့်သုံးခြင်း မရှိဘဲ မြန်မာနိုင်ငံမှာ ၂၀၁၀ ကနေ ၂၀၂၄ ခုကာလအထိလို သဘောမျိုး ပြဋ္ဌာန်းထားတဲ့ နိုင်ငံတွေလည်း ရှိတာ ဖြစ်ပါတယ်။ 

စစ်မှုမထမ်းမနေရ ဥပဒေရဲ့ ရည်ရွယ်ချက်က နိုင်ငံသားတိုင်း နိုင်ငံကာကွယ်ရေးမှာ ပါဝင်မှုရှိစေလိုတဲ့ ရည်ရွယ်ချက်၊ အခြေခံစစ်ပညာ တတ်မြောက်ထားပြီး နိုင်ငံကာကွယ်ရေး အတွက် လိုအပ်တဲ့ကာလမျိုးမှာ ပါဝင်ကြဖို့၊ စစ်တပ် ဆိုတဲ့ အဖွဲ့အစည်းကို သီးခြားလူတန်းစားတရပ်အဖြစ် ဖွဲ့စည်းတည်ရှိနေတာမျိုးထက် နိုင်ငံသားတွေ ပါဝင်တဲ့ အဖွဲ့အစည်းဆိုတဲ့ ရည်ရွယ်ချက်မျိုး ထားရှိကာ ဖွဲ့စည်းကြတာလို့ နားလည်ကြပါတယ်။ မြန်မာနိုင်ငံလို ပြည်တွင်းစစ်မီး တောက်လောင်နေတဲ့ နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်ကာလ ပြဋ္ဌာန်းထားတဲ့ ဥပဒေတခုကို ပြည်တွင်းစစ်အရှိန် မြင့်လာချိန်မှာ စတင်အသက်ဝင်ကြောင်း ကြေညာလိုက်ခြင်းဟာ နိုင်ငံကာကွယ်ရေး ဆိုတဲ့ ရည်ရွယ်ချက်ထက် နိုင်ငံတွင်းက လူထုအကြား စိတ်ဝမ်းကွဲပြားမှုဖြစ်စေဖို့ အခြေအနေရှုပ်ထွေးစေဖို့ ရည်ရွယ်ပြီး အသက်ဝင်ကြောင်း ပြဋ္ဌာန်းလိုက်တာလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ 

နိုင်ငံကို ကာကွယ်ရမယ့် စစ်တပ်က ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ ဆန္ဒမရှိဘဲ ရဲတပ်ဖွဲ့အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အာဏာသိမ်း၊ ဆန္ဒပြမှုတွေကို အကြမ်းဖက် နှိမ်နှင်းပြီး အုပ်ချုပ်တဲ့ အာဏာသိမ်းစစ်အစိုးရတရပ်ရဲ့ အသုံးချခံအဖြစ် ထမ်းဆောင်နေချိန်၊ ဆယ်စုနှစ် များစွာအတွင်း နိုင်ငံတွင်း ပြည်သူလူထုနဲ့ လူမျိုးစုတိုင်းရင်းသားတွေနဲ့ စစ်တပ်တို့ အမုန်းတရား အမြင့်ဆုံးရောက်ရှိနေချိန်မျိုးမှာ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်ဝင်စေခြင်းဟာ ကောင်းမွန်တဲ့ ဆန္ဒ၊ ရည်ရွယ်ချက် မရှိတာသေချာတယ်လို့ ပြောရမှာဖြစ်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့ နိုင်ငံအတွင်းက မြို့တွေ၊ ကျေးရွာတွေ နယ်မြေတွေ တစတစ လက်လွှတ်လာရချိန်မှာ အမျိုးသားဖြစ်ရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အကြား၊ အမျိုးသမီးအနေနဲ့ ၁၈ နှစ်ကနေ ၂၇ နှစ်အကြား ကျန်းမာသန်စွမ်းသူ၊ သာသနာ့ဘောင်ဝင် မဟုတ်သူ၊ ကလေးမိခင် မဟုတ်သူတွေနဲ့ အတိအကျ မဖော်ပြထားတဲ့ အခြားသော ကင်းလွတ်ခွင့်ကလွဲရင် အနည်းဆုံး ၂ နှစ် စစ်မှုထမ်းရမှာ ဖြစ်တယ်လို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို အသက်ဝင်စေတာဟာ ပြည်တွင်းစစ် မီးတောက်ထဲ လောင်စာထပ်ထည့်ဖို့ ကြိုးစားတဲ့ ရည်ရွယ်ချက်လို့ ရှုမြင်ကြတဲ့ အနေအထားဖြစ်နေပါတယ်။ 

စစ်မှုမထမ်းမနေရ ဥပဒေအရ စုဆောင်းခံရတဲ့တဲ့ လူငယ်တွေကို ၂ နှစ်တာအတွင်း အမှန်တကယ် လက်နက်ကိုင် တိုက်ခိုက်မှုတွေမှာ ပါဝင်တိုက်ခိုက်စေမှာလား၊ သို့မဟုတ် မြို့ ၊ ကျေးရွာ လုံခြုံရေးလိုမျိုး ရိက္ခာ၊ ထောက်ပို့တို့လို တိုက်ခိုက်ရေး စစ်တပ်တွေရဲ့ အကူလိုနေရာမျိုးမှာ သုံးမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အချို့ကတော့ စစ်ကောင်စီဘက်က စုဆောင်းလိုက်တဲ့ သူတွေကို လက်နက်ထုတ်ပေးပြီး တိုက်ခိုက်ရေးမှာ ပါဝင်ခိုင်းရင် သေနတ်ပြောင်းဝက အာဏာရှင် စစ်တပ်ဘက်ကို ပြန်လှည့်လာနိုင်တယ် ဆိုတဲ့ မှန်းဆပြောဆိုမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

ယခင် စစ်အာဏာရှင် သန်းရွှေအနေနဲ့ သူ့ရဲ့  စစ်တပ်က လူမြင်ကွင်းက တဖြည်းဖြည်း ဆုတ်ခွာရေး မဟာဗျူဟာရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ၂၀၂၁၀ ရွေးကောက်ပွဲ မကျင်းပမီ ၃ ရက်အလိုမှာ ပြဌာန်းခဲ့တာဟာ သန်းရွှေအနေနဲ့ လိုအပ်တဲ့ ဥပဒေတွေမှန်သမျှ မကျန်ရှိရအောင် ပြဌာန်းခဲ့တယ်လို့ ကောက်ချက်ချနိုင်ပြီး ဒီဟာကို နောက်ဆုံး လက်နက်အဖြစ် ထုတ်သုံးသူ မင်းအောင်လှိုင်ကတော့ လူအများအမြင်မှာ သန်းရွှေထက် အဆများစွာ ဆိုးရွားသူ၊ ရက်စက်မှုတွေ အတွက် တာဝန်ရှိသူ၊ နိုင်ငံရေး ၊ စစ်ရေးအရာတွေမှာ အောက်တန်းကျတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့သူအဖြစ် ရေးထိုးခံရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။ 

အခု စတင်အသက်ဝင်မယ့် စစ်မှုမထမ်းမနေရ ဥပဒေဟာ ကျေးရွာတွေ ငွေကြေးမတတ်နိုင်တဲ့ လက်လုပ်လက်စား မြို့နေ လူထုတွေအဖို့ စစ်မှုထမ်းရမယ့် ဆင့်ခေါ်မှုကို ရှောင်လွှဲဖို့ လာဘ်ငွေလည်း မပေးနိုင်၊ နိုင်ငံခြားကို ခေတ္တတိမ်းရှောင်နေထိုင်ရလောက်အောင်လည်း ငွေကြေးမရှိတဲ့ သူတွေက ရှေ့ဆုံးက ရင်ဆိုင်ကြရမယ့် အနေအထားရှိသလို လူငယ်လူရွယ် အများအပြားက နဂိုကတည်းက အိမ်နီးချင်း ထိုင်း၊ မလေးရှား အစရှိတဲ့နိုင်ငံတွေမှာ ရွှေ့ပြောင်းလုပ်သား ဖြစ်နေကြတာမို့ ဒီပြည်ပရောက်နေသူတွေကို ဆင့်ခေါ် ထမ်းဆောင်စေမလား စတာတွေကလည်း ဘယ်လို ဖြေရှင်းလုပ်ဆောင်ကြမလဲဆိုတာ မှန်းဆမရသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်ထပ် အကြောင်းအရာတခုကတော့ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့မှာဖြစ်ပွားနေတဲ့ တိုက်ပွဲသတင်းဖြစ်ပါတယ်။ မြို့ခံထောင်နဲ့ချီ ပိတ်မိနေတဲ့ ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့က စစ်ကောင်စီ စခန်းတွေကို ကေအန်ယူနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေတာ ရက်အနည်းငယ်ရှိနေပြီ ဖြစ်ပါတယ်။ 

ပဲခူးတိုင်းအရှေ့ဘက် ကရင်ပြည်နယ်နဲ့ ပြည်နယ် နယ်နိမိတ်ထိစပ်နေတဲ့ ဇရပ်ကြီးမြို့ကို သိမ်းယူနိုင်ဖို့ တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေက တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်ကောင်စီအနေနဲ့လည်း ဇရပ်ကြီး တိုက်ပွဲဟာ နေပြည်တော်၊ ရန်ကုန် တို့ကို ဆက်သွယ်ထားတဲ့ ရထားလမ်း၊ ကားလမ်းတွေနဲ့ နီးကပ်နေတဲ့ နယ်မြေတွေဖြစ်သလို နေပြည်တော်နဲ့ မိုင်အားဖြင့် ၆၀ ဝန်းကျင်လောက် အကွာအဝေးကို ရောက်ရှိနေတဲ့ ဒေသတွေမှာ လှုပ်ရှားလာတဲ့ မြို့သိမ်း စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်လို့ အရေးတကြီး ခုခံတိုက်ခိုက်နေတဲ့ သဘောမျိုးလို့လည်း ကောက်ချက်ချနိုင်ပါတယ်။ 

ဇရပ်ကြီးမြို့ကို စတင်တိုက်ခိုက်တာ ဇန်နဝါရီလ ၇ ရက်နေ့ကတည်းက ဖြစ်ပြီး ဇရပ်ကြီးမြို့တဝိုက်က ကျေးရွာတွေကို တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်တာတွေကြောင့် သေဆုံးရတဲ့ အရပ်သားအရေအတွက်က ၅၀ ဦးခန့်ရှိနေပြီလို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ ဒီအရေအတွက် ပမာဏဟာ အတော်များပြားတဲ့ ပမာဏလို့ ဆိုနိုင်ပါတယ်။ အရပ်သားတွေ တိုက်ပွဲဖြစ်လာချိန်မှာ ရှောင်တိမ်းဖို့ အခွင့်အရေးမရကြဘဲ လက်နက်ကြီးတွေ ကျရောက်ရာက ထိခိုက်သေဆုံးကြရတဲ့ အဖြစ်အပျက်ဖြစ်ပြီး နောက်ဆုံးဖြစ်ရပ်တွေထဲက အရပ်သား ထိခိုက်မှုအများဆုံး အဖြစ်အပျက်လို့ ဆိုရမှာဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar