Breaking News

ကိုအောင်မှိုင်း - ပြည်ထောင်စုတောလား ၇၇

ကိုအောင်မှိုင်း - ပြည်ထောင်စုတောလား ၇၇

(မိုးမခ) ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၄


ခေတ်ဆိုးကြီးကို

သင်းသတ်ကြဖို့

သံပူခိုက်မှာ အားစိုက်စို့။


နိုင်ငံသစ်တွက်

သန္နိဋ္ဌာန်ချခဲ့

ဖက်ဒရယ်တောလား

ခရီးထွက်သွားတာ

နှစ်ပေါင်း ၇၇ နှစ်ကြာ

ညီညွတ်ရေးဟာ

ထင်းတစီး ဖြစ်မလာဘဲ

ထင်းတချောင်းစီ ဖြစ်သွား

ဆော်လမွန်ငါးတို့ အိမ်မပြန်နိုင်တော့။


အမှောင်ခေတ်မှာ

လူရာဝင်ချင်သူတွေ

အမှောင်အားကိုး

လူဆိုးလုပ်ချင်သူတွေ

စစ်နိုင်ငံကြီးတည်ဆောက်

လက်နက်အားကိုး

ကိုယ်ကျိုးရှာသူတွေ

မာနတွေငယ်ထိတ်ရောက်

လူသားစိတ်ပျောက်လို့

တရိစ္ဆာန်စိတ် ပေါက်နေကြပေါ့။


သိက္ခာမဲ့ ဘဝမှာ

မိုးကောင်းကင်ဟာ

ပိန်းပိတ်အောင်မှောင်

မျက်နှာပြောင်တွေကြား

လူ့အခွင့်အရေးသမားတို့

ပူပင်ကြပေမပေါ့၊

သူတို့လည်း သူတို့အပူ

ကိုယ်လည်း ကိုယ့်အပူမို့

တော်လှန်ဇာတ်ခင်းရင်း


စစ်တလင်းမှာပျော်

ပျော်ရင်းလည်း မျှော်ရ

ချစ်သူ့ နှုတ်ခမ်း အလှ

ချိုမြိန်ရွရွကို စွန့်ခဲ့ကြ

နာကျင်မှုတွေတွက်

ကြင်နာသူကို ထားခဲ့

တဝက်အနမ်းနဲ့တော့

နှုတ်မဆက်လိုပါ ချစ်သူ။


တိုက်ပွဲတွေ

ကျည်ဆန်ရာတွေ

နှုတ်ဆက်ခဲ့ရမှုတွေ

သံချေးတက်နေတဲ့

တွေးခေါ်ဟောင်းတွေ

စုတ်ပြတ်သတ်နေတဲ့

စနစ်ဟောင်းတွေကို

တော်လှန်အလံနဲ့ အစားထိုး

တော်လှန်အသံနဲ့ ရိုက်ချိုး

တော်လှန်သဏ္ဌာန်နဲ့ စည်းရုံးလို့

တော်လှန်တေးကို တော်လှန်ရေးလို့

ကမ္ပည်းထိုးခဲ့ကြတာ မဟုတ်လား။


တိုက်ပွဲအတွင်း

ခိုင်မြဲတဲ့မေတ္တာ

ခိုင်မြဲတဲ့ချစ်ခြင်း

ခိုင်မြဲတဲ့ ရဲဘော်တွေ ရခဲ့

ကရင် ကချင် ကရင်နီ

ချင်း ရခိုင် မွန် ရှမ်း

တအောင်း ဝ ပအို့

ကိုးကန့် ဗမာ လူမျိုးစုံစွာ

ပေါင်းစည်းခဲ့တာ ဖက်ဒရယ်မဟုတ်လား။


ဖက်ဒရယ်ဟာ

တိုက်ပွဲကြားမှာရှိတယ်

ဖက်ဒရယ်ဟာ

စစ်မြေပြင်မှာရှိတယ်

ဖက်ဒရယ်ဟာ

အိပ်မက်မဟုတ်တော့

သွေးတွေကို သွေးချင်းဆက်

တေးတွေကို တေးချင်းဆက်

လူမျိုးစုံ ချစ်ကြည်ရေးဟာ

ဖက်ဒရယ်တေး ဖြစ်သွားကာ

ဖက်ဒရယ်ရေးတွေ ခိုင်မြဲလာခဲ့။


ကဗျာဆရာ

ဗားတော့ဗရက်က

စစ်ပွဲအတွင်း

ရုရှားပြည်က

စစ်သားမိန်းမ ဘာတွေရလဲ

မုဆိုးမ၀တ်စုံနက် လက်ခံရ

လင်သေဆုံးမှုရဲ့ အထိမ်းအမှတ်

စစ်သားမိန်းမ ၀တ်စုံနက်တစုံ ရခဲ့တယ်

ဖက်ဆစ်စစ်တပ်က

စစ်သားမယား ဘာတွေ ရလဲ

လင်သစ်တွေတွက် မဲဖောက်ခံရ

လင်သစ် ထပ်မရရင်တော့

လိုင်းခမ်းက ကြွကြရသတဲ့

ဪ...

စစ်အာဏာရှင်စနစ်ဆိုတာ

စစ်အာဏာရှင်ကိုသာ အကျိုးပြုတာပါ။


လာပါ ရဲဘော်

လာကြပါရဲဘော်တို့

ခေါင်ရည်အတူ သောက်ကြစို့

တာလပေါလည်း ထိုးကြမယ်

ပန်းပင်တွေလဲ ပျိူးကြမယ်

စစ်ပွဲကြီးပြီးရင်

ပန်းခင်းကြီးမှာ

နှောင့်ယှက်မှုကင်းကင်း

ချစ်သီချင်းတွေ ဆိုကြမယ်

ပူပင်ကင်းကင်း

ချစ်ခြင်းတွေနဲ့

ခွဲခဲ့ရသူတွေတွက်

ဆုတောင်းပေးကြမယ်

အားရပါးရ ငိုကြမယ်

နောက်

အားရပါးရ ရီကြတာပေါ့။


ရောင်နီဟာ

တစက်မြိတ်ကို ကျော်ပြီး

အိမ်ခေါင်ပေါ် ရောက်ခဲ့ပြီ

အမှောင်ခွင်းလို့

အလင်းဆောင်မယ့်အချိန်ဟာ

နေ့သစ်နဲ့အတူ ကူးခတ်

ဖက်ဒရယ်ဇာတ် ကရင်း

ဖက်ဒရယ်တောလား ၇၇ ဟာ

ထင်းစတစစီကို စုစည်း

ထင်းစည်းကြီး ဖြစ်လာခဲ့ပေါ့။


စစ်ခွေးကင်းတဲ့

စစ်ခွေးရှင်းတဲ့

ပြည်ထောင်စုသစ်မှာ

ဖက်ဒရယ်နေ့သစ်ဟာ

လူထုသန္နိဋ္ဌာန် သစ္စာအမှန်နဲ့

ဂန္ထဝင်ဆန်စွာ ပေါ်ထွန်းလာမှာ

အရုဏ်ဦးရဲ့ နိမိတ်ထူးပါတကား။

အရေးတော်ပုံ အောင်ရမည်


ကိုအောင်မှိုင်း

ရက်စွဲ။ ။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar