Breaking News

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃၂

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃၂

(မိုးမခ) ဖေဖော်ဝါရီ ၁၂ ၊ ၂၀၂၄


ချူနန်းတွင်းဇာတ်ရှုပ် နဲ့ ဝူနိုင်ငံ အင်အားကြီးမားလာမှု

ဝူနိုင်ငံမှာ ဘုရင်ဟားလွီ (阖闾Helu) နန်းတက်ပြီးနောက်ပိုင်းမှာ ဝူနိုင်ငံ အင်အားကြီးမားလာတယ်လို့ ယေဘုယျသဘော ပြောနိုင်ပါတယ်။ တိတိကျကျ ပြောရရင်တော့ ဝူနိုင်ငံက အင်အားကြီး ချူနိုင်ငံ (Chu) အပေါ် အနိုင်တိုက်နိုင်ပြီးနောက်ပိုင်းမှာ ဝူနိုင်ငံရဲ့ ဩဇာက အများအသိအမှတ်ပြုရတဲ့အထိ ကြီးထွားလာတာပါ။ 

ချူ ကို ဝူ က အနိုင်တိုက်နိုင်ခဲ့ရာမှာ ဘုရင်ဟားလွီ ရဲ့ အရည်အချင်းက အရေးကြီးသလို၊ စစ်သူကြီး ဝူဇစ်ရွှီး (伍子胥 Wu zi xu) ကလည်း အင်မတန်အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ ဝူဇစ်ရွှီး ရဲ့ ဇာတိဟာ ချူနိုင်ငံ ဖြစ်ပါတယ်။ ငယ်နာမည်က ဝူယွမ် (伍员 Wu Yun) ပါ။

ချူနိုင်ငံက အိမ်ရှေ့မင်းသား ကျန်း (Jian) ကို စာပေသင်ကြားပေးရတဲ့ တော်ဝင်ပါမောက္ခဆရာကြီး ဝူရှိ (Wu She) ဟာ ဝူဇစ်ရွှီး ရဲ့ ဖခင်ပါ။ ဘီစီ ၅၂၂ မှာ ချူဘုရင်ဖျင် (Ping) ဟာ ဖေးဝူကျိ(費無忌 Fei Wuji) လို့ခေါ်တဲ့ သံတမန်တစ်ယောက်ကို ချင်နိုင်ငံ (Qin) နိုင်ငံကို စေလွှတ်ခဲ့ပါတယ်။ သူ့ရဲ့သားတော် အိမ်ရှေ့မင်းသား ကျန်း အတွက် သတို့သမီး ရွေးချယ်ဖို့ ဖြစ်ပါတယ်။ ချင် နဲ့ ချူ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးအတွက် ဘုရင်ချင်း သားပေးသမီးယူ ဆွေမျိုးတော်ဖို့ သတို့သမီးရွေးချယ်တာပါ။ ဒီလိုနဲ့ ချင်မင်းသမီးတစ်ပါးကို ဖေးဝူကျိ က ချူနိုင်ငံဆီ ခေါ်လာရပါတယ်။ 

ဘုရင်နားမှာ ကပ်ပြီး ကိုယ်ကျိုးထုတ်တတ်တဲ့ ဖေးဝူကျိ ဟာ ချူမင်းသမီးရဲ့ လှပတင့်တယ်မှုကို မြင်တဲ့အခါ သူ့အကျိုးရှိနိုင်မယ့် နည်းလမ်းကို ရှာပါတော့တယ်။ ချူဘုရင် ဖျင်ကို ချင်မင်းသမီးဟာ သိပ်ကို လှပတင့်တယ်လွန်းတာမို့ သားတော်နဲ့ လက်ဆက်မပေးတော့ဘဲ ဘုရင်ကိုယ်တိုင် သိမ်းပိုက်ဖို့နဲ့၊ အိမ်ရှေ့စံအတွက် အခြား မင်းသမီးတစ်ပါးကို ရှာဖို့ တိုက်တွန်းပါတယ်။ ဘုရင်ဖျင်ကလည်း ဖေးဝူကျိ ပေးတဲ့ အကြံအတိုင်း ချွေးမတော်ရမယ့် ချင်မင်းသမီးကို မိဖုရားအဖြစ် သိမ်းပိုက်ပါတယ်။ ‌ဖေးဝူကျိ ကတော့ လတ်တလောမှာ ဘုရင်ဖျင် ရဲ့ မျက်နှာသာပေးတာကို ခံခဲ့ရပါတယ်။ 

ဒါပေမဲ့ ပြဿနာက တနေ့နေ့မှာ အိမ်ရှေ့စံ ကျန်း ဟာ ဘုရင်ဖြစ်လာမယ့် ကိစ္စပါ။ အဲဒီအခါကျရင် သူ့အတွက် ခေါ်လာတဲ့ ချင်မင်းသမီး ချောချောလှလှကို ဖခင် ဘုရင်က သိမ်းပိုက်အောင် နည်းပေးလမ်းပြလုပ်တဲ့ ဖေးဝူကျိကို သေချာပေါက် လက်စားချေပါလိမ့်မယ်။ ဒါကိုလည်း ဖေးဝူကျိက ကြိုတွေးပြီး စိုးရိမ်မိခဲ့ပါတယ်။ ဒါကြောင့် မင်းသားကျန်း ထီးနန်းမရအောင် လုပ်ဖို့ လိုလာပါတယ်။

အိမ်ရှေ့စံ ကျန်း ရဲ့ နောက်မှာ သူ့ကို အသိအလိမ္မာကြွယ်အောင် သင်ပေးပြီး၊ အခြေအနေတွေကို မှန်မှန်ကန်ကန် မြင်တတ်အောင် အကြံပေးနေတာက ဆရာကြီး ဝူရှိ ရှိနေပါတယ်။ 

ဖေးဝူကျိဟာ အိမ်ရှေ့စံ ကျန်း နဲ့ ဆရာကြီး ဝူရှိ တို့ကို အပြတ်ရှင်းဖို့ ကြံရပါတော့တယ်။ ဘုရင်ဖျင်က သူ့အတွက် သတို့သမီးကို လုယူပြီး မိဖုရားမြှောက်လိုက်တဲ့ ကိစ္စကို မင်းသားကျန်းက မကျေနပ်တာကြောင့် ဖခင်ကို ပြန်ပုန်ကန်လာနိုင်ကြောင်းနဲ့၊ ဆရာကြီး ဝူရှိ က နောက်ကွယ်က အခါတော်ပေးနိုင်တဲ့အကြောင်း ဘုရင်ကို ကုန်းချောပြီး လျှောက်တင်ပါတယ်။ မင်းသားကျန်း၊ ဆရာဝူရှိ နဲ့ ဝူရှိရဲ့ သားတွေကို သတ်ဖြတ်ဖို့လည်း အကြံပေးပါတယ်။ ဘုရင်ကလည်း အဲဒီစကားကို ယုံပြီး ပြောတဲ့အတိုင်း လုပ်ပါတော့တယ်။ 

မင်းသား ကျန်း က ထွက်ပြေးလွတ်မြောက်သွားပေမယ့် ဆရာဝူရှိ ကိုတော့ ဘုရင့်တပ်တွေက ဖမ်းမိသွားပါတယ်။ ဖေးဝူကျိ က ဆရာကြီးဝူရှိကို မသတ်ခင်မှာ ဖိအားပေးပြီး သူ့ရဲ့သားနှစ်ယောက်ဆီ စာရေးစေခဲ့ပါတယ်။ သား နှစ်ယောက်လုံး မြို့တော်ကို ပြန်လာပြီး သူ့ကိုတွေ့ဖို့ ပြောထားတဲ့စာပါ။ အဲဒီစာကို တွေ့တဲ့အခါ သားကြီး ဝူရှန်း (伍尚Wu Shang) က စာထဲကအတိုင်း ဖခင်ဆီကို ပြန်သွားပါတယ်။ ချူဘုရင်ရဲ့ တပ်တွေက သူ့ကို ဖမ်းပြီး သတ်ပစ်လိုက်ပါတယ်။ 

သားငယ် ဝူယွမ် ကတော့ အဖေဖြစ်သူနဲ့ အစ်ကိုဖြစ်သူအတွက် ကလဲ့စားချေပေးပါ့မယ် ဆိုတဲ့ ကတိထားပြီး ချူနိုင်ငံကနေ ထွက်ပြေးရပါတယ်။ သူနဲ့အတူ အိမ်ရှေ့မင်းသား ကျန်းရဲ့ သားတော်လေး မင်းသားရှန်း (Sheng) ကိုပါ ခေါ်သွားရတာပါ။ အဲဒီလို ထွက်ပြေးရင်း ဝူနိုင်ငံထဲကို ရောက်သွားပါတယ်။ 

ဝူနိုင်ငံကို ရောက်တဲ့အခါ ဝူယွမ် ဟာ ဝူနန်းတော်က မင်းသားတစ်ပါးဖြစ်တဲ့ မင်းသားကွမ် (Guang) ဆီမှာ အမှုထမ်းပါတယ်။ ကြာလာတာနဲ့အမျှ မင်းသားကွမ် ရဲ့ ယုံကြည်အားကိုးမှုကို ရရှိလာပါတယ်။ အဲဒီအချိန်မှာ ဝူနိုင်ငံရဲ့ နန်းတော်မှာ ဘုရင်လျောင် (Liao) နန်းတက်နေချိန် ဖြစ်ပါတယ်။ ဘီစီ ၅၁၅ ဝန်းကျင်မှာ မင်းသားကွမ် ဟာ လျောင် ကို လုပ်ကြံပြီး ထီးနန်းကို သိမ်းပိုက်ပါတယ်။ အဲဒီလို ဘုရင်လျောင်ကို လုပ်ကြံပြီး ထီးနန်းရယူရာမှာ သူ့ရဲ့ ဘေးနားက အကြံပေးလည်းဖြစ်၊ စစ်သည်တော်လည်းဖြစ်တဲ့ ဝူယွမ် ရဲ့ အကြံဉာဏ်က အတော်အရေးကြီးခဲ့ပါတယ်။ 

လျောင် ကို လုပ်ကြံဖို့ ကျွမ်းကျူး (專諸 Zhuan Zhu) လို့ခေါ်တဲ့ သားသတ်သမားတစ်ယောက်ကို ဝူယွမ်က ရှာဖွေပေးခဲ့တာပါ။ နန်းတော်ထဲမှာ ကျင်းပတဲ့ စားသောက်ပွဲတစ်ခုမှာ တည်ခင်းမယ့် ငါးရဲ့ ဗိုက်ထဲကို ကျွမ်းကျူး က ဓားမြှောင်တစ်ချောင်း ထည့်ယူလာခဲ့ပါတယ်။ အဲဒီနောက် ငါးထဲက ဓားမြှောင်ကို ထုတ်ပြီး ဘုရင်လျောင်ကို လုပ်ကြံသတ်ဖြတ်လိုက်တယ်လို့ ဆိုပါတယ်။ ဘုရင်ကို လုပ်ကြံပြီးပြီးချင်းပဲ ကျွမ်းကျူးလည်း အသတ်ခံခဲ့ရပါတယ်။ 

ဒီလိုနဲ့ မင်းသားကွမ် ဟာ ဘုရင်ဟားလွီ (阖闾Helu) အမည်နဲ့ ဝူနိုင်ငံရဲ့ ဘုရင် ဖြစ်လာပါတယ်။ ချူနိုင်ငံက ထွက်ပြေးလာပြီး၊ မင်းသားကွမ် ဆီမှာ အမှုထမ်းနေတဲ့ ဝူယွမ် ဟာ ဝူဇစ်ရွှီး (伍子胥 Wu zi xu) နာမည်နဲ့ ဝူနိုင်ငံရဲ့ စစ်သူကြီး ဖြစ်လာပါတယ်။ 

ဘုရင်ဟားလွီ ဟာ အင်မတန်ခမ်းနားတဲ့ မြို့တော်သစ်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီမြို့တော်သစ် တည်ဆောက်ရေးကိုတော့ ဝူဇစ်ရွှီးကို ကြီးကြပ်စေခဲ့ပါတယ်။ ဒီကနေ့ခေတ် ကျန်းစုပြည်နယ်ရဲ့ အဓိကမြို့တော်တစ်ခုဖြစ်တဲ့ စူကျိုးမြို့(苏州Suzhou) မြို့ဟာ အဲဒီ ကျို့ခေတ် ဝူမြို့တော်ဟောင်းကနေ အဆင့်ဆင့် ပြောင်းလဲလာတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။

ဘီစီ ၅၀၅ မှာ ဘုရင်ဟားလွီ ဟာ ဝူဇစ်ရွှီး နဲ့ ဆွန်ဇု (孫子 Sun Tzu) တို့ရဲ့ အကူအညီနဲ့ ချူနိုင်ငံကို တိုက်ပါတယ်။ အဓိကစစ်ပွဲကြီး ၅ ပွဲ ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတိုက်ပွဲဖြစ်တဲ့ ပိုင်းကျွီတိုက်ပွဲ (柏舉之戰Battle of Boju) မှာ ချူမြို့တော် ယင် (郢 Ying) ကို ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ 

ဆွန်ဇု ဟာ စစ်ရေးမဟာဗျူဟာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပါတယ်။ ချူနဲ့ တိုက်ခဲ့တဲ့ တိုက်ပွဲတွေက အတွေ့အကြုံတွေကို အနှစ်ချုပ်ပြီး အဲဒီ တိုက်ပွဲအတွေ့အကြုံတွေကို အနှစ်ထုတ်ပြီး ဆွန်းဇူပင်းဖာ (孫子兵法Sūnzǐ bīngfǎ) ဆိုတဲ့ ကျမ်းကို ရေးသားပြုစုခဲ့တယ်လို့ ဆိုပါတယ်။ နှောင်းလူတွေက “စစ်၏အနုပညာ (The art of war)” လို့ခေါ်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ “ဆွန်ဇု၏ စစ်ပညာကျမ်း” လို့ လူသိများပါတယ်။ 

ချူနိုင်ငံကို အနိုင်တိုက်လိုက်နိုင်ပြီးနောက်ပိုင်း ဝူဟာ အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတယ်။ ကျို့ နန်းတော် ကိုတော့ မေ့လျော့စပြုလာနေကြပါပြီ။ 

သေချာတာကတော့ ဝူ နိုင်ငံဟာ ကျို့ခေတ် (တိတိကျကျပြောရရင် နွေဦးဆောင်းဦးကာလ) မှာ ဘုရင်ခံနိုင်ငံအဖြစ် အသတ်မှတ်မခံရရင်တောင် ဩဇာကြီးတဲ့နိုင်ငံတစ်နိုင်ငံအဖြစ်ကို ရောက်ရှိခဲ့ပါတယ်။ ဝူနိုင်ငံရဲ့ အင်အားကြီးမားနေတဲ့ သက်တမ်းကာလကိုတော့ ချူကို နိုင်ပြီးတဲ့ကာလ ဘီစီ ၅၀၆ ခုနှစ်ကနေ စတင်ပြီး၊ သူ့နေရာကို ယွဲ့နိုင်ငံ ရယူနိုင်ခဲ့တဲ့ ဘီစီ ၄၉၆ အထိလို့ ရေတွက်ကြပါတယ်။

~~~~~~~~~~~~~~~~~~~~

👉ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတိုများ (၁ — ၃၁) 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar