Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးသေးပန်းတို့ လန်းပွင့်ရာ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးသေးပန်းတို့ လန်းပွင့်ရာ

ဖေဖော်ဝါရီ ၁၂ ၊ ၂၀၂၄


စားကြွင်းစားကျန်လေးတွေ စားနေရတုန်းက လိုအပ်ရင် ဒို့လဲ အောင်နက်လုပ်မယ်လို့ ပြောထားကြပြီး တကယ်လဲ အာဝုလုပ်ဖို့ ခေါ်ရော ဟောင်ဟောင်မခွေးဘဲ ဝေါင်ဝေါင်ရှေးကုန်ကြလို့ ခွေးဝန်ထမ်းရမည် ဥပဒေထုတ်လိုက်ရာ တိရစ္ဆာန်အုပ်စုခမျာ အဖိတ်ဆန်ထုပ် လုခံရတဲ့ ဆရာ‌လေးတွေလို အုတ်အုတ်ကျွက်ကျွက်။ အသံလဲကျယ်ကျယ်မထွက်ရဲ။ 

"တကယ်ဆို ငါဒို့ကဖွတ်ကပဲ၊ ပယ်လိုလုပ် ဟောင်တတ်မလဲ" တို့၊ "ငါဒို့က ကြံ့လေ၊ ရှေ့တည့်တည့်က ဂျိုကြီးဘဲရှိ၊ အစွယ်မပါလို့ မကိုက်တတ်ပု" တို့၊ "ဟေ့ ခြင်္သေ့ကွ၊ ဘယ်လောက်အိုအို အမဲရိုးဒေါ့ မကိုက်နိုင်ဘူး" တို့ ဘာတို့ ခပ်ဟဟ ပြောနေကြပြီ။ ဟဟတော့ မလုပ်ရဲ။ 

ခွေးမှုထမ်းဥမှ လွတ်ရာလွတ်ကြောင်း တချို့ကောင်တွေက ဖင်သီ၊ တချို့ကောင်တွေက ဒရွတ်ဆွဲ၊ တချို့ကောင်တွေက ဂျိုချိုး၊ တချို့ကောင်တွေက အမြီးဖြတ်၊ တချို့ကောင်တွေက အစွယ်ဖြုတ်၊ တချို့ကောင်တွေက ခြေခွင်၊ တချို့ကောင်တွေက ကန်း၊ တချို့ကောင်တွေက နှမ်း၊ တချို့ကောင်တွေက လမ်းမလျှောက်၊ တချို့ကောင်တွေက ဝဲထူ၊ တချို့ကောင်တွေက ဆဲဆူ အရူးကွက်မှန်သမျှ ထုတ်သုံးနေကြပြီ။ ပျံသန်းနိုင်သော တိရစ္ဆာန်တွေကတော့ တောပြောင်းဖို့ လုပ်နေကြပြီ။ 

ဒီအကွက်တွေကို ခွေးတွက် တွက်ပြီးသား။ ခွေးတန်မဲ့ ပလ္လင်ပိုင်ခြင်္သေ့ကြီးတွေကိုတောင် ဖင်တေ့ပြီး ဟောခိုင်း၊ အဲ ဟောက်ခိုင်း ဟိန်းခိုင်းထားတဲ့ ဟောင်ကောင်တွေဆိုတော့ကား အခု ကောင်းကင်ပိုက်တန်းပြီး ပျံသန်းခွင့်လိုင်စင်သိမ်းလိုက်ပြီ။ လဒကြီးတွေ မလှုပ်နိုင်တော့။ လင်းယုန်နဲ့ သိမ်းငှက်လဲ ကြက်အဆင့်သာ။ ဖွတ်တွေလဲ မိကျောင်း ဖြစ်ခွင့်မရှိတော့။ 

ဒီအခြေအနေမှာ ဂျပိုးတွေက လိပ်ဖြစ်လာကြလို့ ဘယ်အကောင်မှ ကောင်းကောင်းမအိပ်ရတော့။ အားလုံး ခွေးသေးပန်းခံရပြီး တတောလုံးလည်း ခွေးသေးပန်းများသာ ပွင့်လန်းနေတော့သဖြင့် ပုပ်စော်နံဟောင် ညှီညှီမှာ ခွေးဟောင်သံ တစီစီနဲ့သာ။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar