Breaking News

ရဲဘော်တေး - သာဒင်နဲ့ သာဝ

ရဲဘော်တေး - သာဒင်နဲ့ သာဝ

(မိုးမခ) ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၄


ဗိုလ်ချုပ်ဟောင်းကြီးတွေက အကုန်ပြေးချင်နေပြီ။ တယောက်ခြေ တယောက် ကြည့်နေကြတာ။ ဘယ်ကောင်ထ ထွက်ရဲလဲပေါ့။ တကယ်တော့ တကောင်မှ မထွက်ရဲဘူး။ အမြီးလှုပ်ရဲဖို့ထား၊ အီးတောင် ကျယ်ကျယ်မပေါက်ရဲတာ။

အဲဒီအခြေအနေမှာ ရွှေကြီး တရုတ်ခိုလှုံခွင့်တောင်းတယ် အသံကြားတော့ အကုန်ပြူတစ်ပြူတစ်ဖြစ်။ ရွှေကြီး လေယဉ်ပေါ်တက်လို့ ရရင် သူတို့လဲ ဟေးခနဲ ပြေးထွက်ပြီပေါ့လေ။ ကြားတာက အဲငတကြီးတွေကို လဒလေးက ပါ့စပို့တောင် သက်တမ်းတိုးမပေးဘူးဆိုပဲ။ 

အခန့်မသင့်ရင် ကြီးတောင့်ကြီးမှ ရွှေကြီးတောင် အင်းစိန်ထောင်မှာ ထမင်းမြိန်အောင် မစားရဘဲ နိဂုံးချုပ်သွားနိုင်တာကလား။ နေဝင်းကြီးကို အိမ်အကျယ်ချုပ်၊ သမီးနဲ့ မြေးတွေကို အကျဉ်းချုပ်ထည့်ခဲ့တဲ့ သူ့ရဲ့နည်းလမ်းအတိုင်း လုပ်ရင်တော့ ရွှေအိမ်နန်းမှာ ပူမှန်းချမ်းမှန်းမသိ နေရနိုင်သေး။ ဒါပေလို့ ဆရာ့ထက် တပည့်လက်စောင်းထက်လေးဆိုတော့ အင်း တွေးလေတွေးလေ အရေးမပြေဖြစ်ဖို့က များနေပြီကိုး။ သူ လက်နဲ့ရေးထားတဲ့ အစိမ်းအုပ်ကြီးတောင် ကြူကြူလှက ဘုတ်ဘုတ်လုပ်လိုက်ပြီ ဆိုတော့ကား။

မအလက ဒေါ်လာ သိပ်လိုနေတာ။ ဒေါ်လာကလည်း ခရိုနီနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဆီပဲ ရှိတာဆိုတော့ သိမ်းစက ထွက်တဲ့သူတွေသာ မတားလိုက်နိုင်တာ။ နောက်ပိုင်းတော့ တကောင်မှ အထွက်မခံတော့။ တချို့ဆို ကိုယ့်အိမ်တော်မှာကိုတောင် စက်တော်ခေါ်ခွင့် မရကြတော့ဘူးလေ။ ဘာဖြစ်ဖြစ် နေပြည်တော် ခုတင်တထောင်ပဲ ကုရတဲ့အခြေအနေ။ ရွှေကြီးပြေးဖို့ ကြံပြီဆိုရင်တော့ ဒါ မအလကို မင်းဘာသာ သေရစ်ပေတော့လို့ ပြောလိုက်တာပဲ။ 

သာဒင်က သာဝကို ပေယျာလကန်တာပဲ။ တကယ်တော့ သာဝအဖို့ ခုချိန်က သာဒင်ကို ဘာမှ ထင်စရာမလိုတော့ဘူးလေ။ ဘောင်းဘီကျွတ်တွေရော ဘောင်းဘီဝတ်တွေကော အနိစ္စသဘောကို လက္ခဏာရေးတင် မဆင်ခြင်နိုင်တော့။ ကိစ္စမချောအောင် ကြံဖန်နေရ။ ခေါင်းရေစိမ်နေရ။ စစ်ရေးကလဲ ပစ်ပြေးချည်း။ အေးလေ ဘယ်သောက်ရူးက ကျောက်ဘီလူးတွေအတွက် အသက်ပေးနေတော့မလဲ။ ဘယ်ကထဲက ဘယ်လောက် မကျေနပ်နေမှန်း မသိ၊ တဖက်ကို ရှယ်လက်နက်တွေ ကိုယ်တိုင် ပြန်တပ်ဆင်ပေးနေကြတော့တာ။ ယဉ်တွေ ယန္တရားတွေပါ ထိုးအပ်တော့တာ။ အရင်လို တူမီးလက်လုပ် မဟုတ်တော့။ စက်ရုံထုတ်တောင် မိတ်အင်မြန်မာ မဟုတ်။ ရှယ့်ထက်ရှယ်တွေချည်း ထုတ်ပေးလိုက်ကြတော့တာ။ စတန်းဒတ်အာမီ ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပီဒက်တွေကို ခေါ်တာလားလို့တောင် ဘောမစကားဝိုင်းတွေမှာ အဟားတလိုင်း ဖြစ်နေတာ ကြာပြီ။

နောက်ဆုံး အားကိုးရာ အမျိုး ဘာသာ သာသနာလဲ မလုပ်ရဲတော့ဘူး။ ခုဟာက အင်မတန်အားထားရတဲ့ ပအိုဝ်းတွေရဲ့ ဘုန်းကြီးကျောင်းတွေတောင် ဖျက်နေရပြီ။ ဒါဟာ ပအိုဝ်းတွေရဲ့ အသည်းကို နုတ်နုတ်စင်းတာလေ။ ဘယ်နေ့ ပေးထားတဲ့ ကပစထုတ်တွေနဲ့ ပြန်အုပ်မယ် မသိ။ ဒါထဲက ရိုဟင်ဂျာလက်နက်ကိုင်တွေကိုပါ သေနတ်ပေး တိုက်ခိုင်းနေတာ ပေါ်သွားတော့ အမျိုးဘာသာ လဘာဂျာ ဖြစ်သွားပြီ။ ဆက်ပလီလို့ မရ။ 

အင်း ခုတော့ သာဒင်ကြီး တရုတ်ခိုလှုံခွင့်တောင်းတဲ့ သတင်းက သာဝအရှိုက်ကို အွတ်ခနဲ ဖြစ်သွားစေတဲ့ လက်သီးချက်ပဲ။ နူရာဝဲစွဲ လဲရာ သူခိုးထောင်းတာလေ။ ဆွဲထားတဲ့ ကောက်ရိုးမျှင်လေးကိုပါ ဖြတ်တောက်လိုက်သလို ဖြစ်သွားလို့ ဘောမတသိုက်ရဲ့ လက်ကျန် အားကိုးယုံကြည်မှုလေးကိုပါ ပြတ်တောက်သွားတော့တာ မဟုတ်လား။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar