ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃၀
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃၀
(မိုးမခ) ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၄
ဝူပါး အနှစ်ချုပ်
အရှေ့ဘက်ကျို့ခေတ် ရဲ့ ပထမပိုင်းဖြစ်တဲ့ နွေဦးဆောင်းဦးကာလမှာ ဩဇာကြီးမားတဲ့ ဘုရင်ခံနိုင်ငံ (hegemony) ငါး ခု ပေါ်ထွက်ခဲ့ပြီး ဝူပါး (五霸 Wu ba) လို့ ခေါ်ပါတယ်။ ဒါပေမဲ့ ဝူပါး မှာ ဘယ်နိုင်ငံတွေ ပါဝင်သလဲ ဆိုတာကိုတော့ မတူတဲ့ သမိုင်းတွေက ကွဲပြားစွာ မှတ်တမ်းတင်ထားကြပါတယ်။
ချီ(Qi) ၊ စုန့်(Song)၊ ကျင်(Jin)၊ ချင်(Qin)၊ ချူ(Chu) ဆိုတဲ့ နိုင်ငံ ငါးနိုင်ငံဖြစ်တယ်လို့ စစ်မာချန်း ရဲ့ မှတ်တမ်းက ဆိုပါတယ်။ အဲဒီ ငါးနိုင်ငံအနက် ချီ နဲ့ ကျင် ကိုသာ ကျို့ဧကရာဇ်က တရားဝင် ဘုရင်ခံ (Hegemons) လို့ အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။ ဟန့်ခေတ် သမိုင်းပညာရှင် စစ်မာချန်းရဲ့ ရှစ်ချီး (Shiqi) မှတ်တမ်းက ဖော်ပြတဲ့ အဲဒီ ၅ နိုင်ငံဟာ ဘီစီ ၆၈၅ နဲ့ ဘီစီ ၅၉၁ အကြား အင်အားကြီးလာတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ အဲဒီ ငါးနိုင်ငံလုံးဟာ နွေဦးဆောင်းဦးကာလရဲ့ အလယ်ပိုင်းမှာ ဩဇာကြီးမားခဲ့တာပါ။ (အဲဒီနိုင်ငံတွေအကြောင်း တရုတ်သမိုင်း မှတ်စုတို ၂၅ ကနေ အထိ ၂၉ တင်ပြခဲ့ပြီးပါပြီ။)
အချို့သမိုင်းတွေမှာတော့ နွေဦးဆောင်းဦးကာလ စတင်ခါစမှာ အင်အားကြီးမားခဲ့တဲ့ ကျန်း (Zheng) နိုင်ငံကို ဝူပါး ထဲမှာ ထည့်တွက်ပါတယ်။ (တရုတ်သမိုင်း မှတ်စုတို ၂၄ မှာ တင်ပြခဲ့ပြီးပါပြီ။) ကျန်း ဩဇာမြင့်တက်ချိန်မှာ ဘုရင်ခံစနစ် (hegemony) ကို တရားဝင် သတ်မှတ်ကျင့်သုံးခဲ့တာ မဟုတ်ဘဲ၊ အနောက်ဘက်ကနေ အရှေ့ဘက်ကို နန်းတော်ရွှေ့ပြောင်းလာရတဲ့ ကျို့ဧကရာဇ် က ကျို့မင်းဆက်ကို ဆက်လက်ထိန်းသိမ်းဖို့ အခြေအနေအရ ကျန်း ရဲ့ ကြီးထွားမှုကို တစ်ဖက်က ခွင့်ပြုရင်း၊ တစ်ဖက်က ထိန်းချုပ်မှုလုပ်ထားတဲ့ သဘောပါ။ အခြားတစ်ဖက်ကတော့ ကျန်းကို ကျို့နန်းတော်ကို ကာကွယ်ပေးဖို့ အသုံးချခဲ့တာ ဖြစ်ပါတယ်။
ကျိူ့ခေတ်နောက်ပိုင်း (စစ်မက်ထူပြောသောကာလ) မှာ ရေးထိုးခဲ့တဲ့ ရွှင်းဇစ် (荀子Xunzi) ဆိုတဲ့ သမိုင်းမှတ်တမ်းကတော့ စုန့် နဲ့ ချင် ကို ဝူပါး ထဲ ထည့်မတွက်ပါဘူး။ သူတို့အစား ဝူနိုင်ငံ (吳 Wu) နဲ့ ယွဲ့နိုင်ငံ(越 Yue) တွေကို ဝူပါး ထဲ ထည့်တွက်ထားပါတယ်။
ဒါကြောင့် သမိုင်းအားလုံက ပြောတဲ့ နိုင်ငံတွေအားလုံးကို ပြန်ချုပ်လိုက်ရင် နိုင်ငံ ရှစ်နိုင်ငံ ဖြစ် သွားပါတယ်။ ပေါ်ပေါက်ခဲ့တဲ့ ကာလအစဉ်လိုက် ပြန်ပြောရရင် ကျန်း၊ ချီ၊ စုန့်၊ ကျင်၊ ချီ၊ ချူ၊ ဝူ၊ ယွဲ့ ဆိုပြီး တွေ့ရမှာပါ။ အဲဒီ ၈ နိုင်ငံထဲမှာ သမိုင်းမှတ်တမ်းအားလုံးက ဘုရင်ခံနိုင်ငံအဖြစ် တစ်သဘောတည်း လက်ခံထားတာကတော့ ချီဘုရင်ဟွမ် နဲ့ ကျင်ဘုရင် ဝမ် တို့ပဲ ဖြစ်ပါတယ်။
ဝူနဲ့ ယွဲ့ ဟာ နွေဦးဆောင်းဦး ကာလ ရဲ့ အဆုံးသတ်နားရောက်မှ အင်အားကြီးထွားလာတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
ဝူနိုင်ငံဟာ ကျို့အင်ပါယာ ပြင်ပက နိုင်ငံတစ်နိုင်ငံပါ။ မှတ်တမ်းမှာ ဝူ အကြောင်းကို ဘီစီ ၅၈၄ ကမှ စပြီး ဖော်ပြလာတယ်လို့ ဆိုပါတယ်။ ဘီစီ ၅၀၆ နဲ့ ၄၉၆ အကြားမှာ ဘုရင်ခံနိုင်ငံ ဖြစ်လာပါတယ်။
ဘီစီ ၄၉၆ နဲ့ ၄၆၅ ကြားမှာတော့ ဝူ ကို ယွဲ့က သိမ်းယူလိုက်ပြီး အင်အားကြီးနိုင်ငံ ဖြစ်လာပါတယ်။
ဝူ နဲ့၊ ယွဲ့ နိုင်ငံတွေအကြောင်း အသေးစိတ် အချက်အလက်အချို့ကို ဆက်လက် လေ့လာကြရပါဦးမယ်။
~~~~~~~~~~~~~~~~~~~~
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar