Breaking News

အရပ်သားပြည်သူတွေကို ကြီးမားတဲ့ ဂယက်ရိုက်စေတဲ့ စစ်မှုထမ်းဥပဒေ၊ လူသားချင်းစာနာမှု အကူအညီရရှိရေး ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းမှု

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၁၁ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄


အရပ်သားပြည်သူတွေကို ကြီးမားတဲ့ ဂယက်ရိုက်စေတဲ့ စစ်မှုထမ်းဥပဒေ၊ လူသားချင်းစာနာမှု အကူအညီရရှိရေး ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းမှု

ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်မှုထမ်းဥပဒေ ကို စတင်အာဏာတည်ကြောင်း စတင်အသက်ဝင်ကြောင်း ကြေညာခဲ့ပြီးနောက်မှာ မြန်မာနိုင်ငံက အရပ်သားပြည်သူတွေအကြား ကြီးမားတဲ့ ဂယက်ရိုက်ခတ်လာတာ တွေ့နေရပါတယ်။ ဒီဥပဒေနဲ့ အကျုံးဝင်တဲ့ လူငယ်တွေကလည်း စစ်ကောင်စီရဲ့ ကျွန်ဝယ်ရာ အဆစ်ပါ မခံနိုင်တဲ့ အခြေအနေမျိုးမှာ ဘယ်လို ရှောင်ထွက်ရမလဲဆိုတာ စပြီးစဥ်းစားကြံဆလာကြရတဲ့ အခြေအနေမျိုး ဖြစ်သလို မိဘတွေ အနေနဲ့လည်း မိမိသားသမီးဖြစ်သူ အကျုံးဝင်နေရင် ဘယ်လိုစီမံ ကြရမလဲဆိုတဲ့ အနေအထားနဲ့ ခေါင်းမီးတောက်ကြရတဲ့ အခြေအနေ ဖြစ်လာတာတွေ့ မြင်ကြားသိနေရပါတယ်။ 

ငွေကြေးတတ်နိုင်တဲ့ မိသားစုတွေ၊ လူလတ်တန်းစားအထက်လွှာက သူတွေအနေနဲ့ သားသမီးကို စစ်မှုမထမ်းရဖို့အတွက် ပြည်ပနိုင်ငံ တခုခုမှာ ပညာသင်ကြားစေတာမျိုးအတွက် စုံစမ်းမေးမြန်းတာတွေ နေ့တွင်းချင်း ညတွင်းချင်း အများအပြား ရှိလာနေတယ်လို့ ကြားသိနေရပါတယ်။ အဲလို ပညာသင်ကြားဖို့အတွက် ရှိတဲ့ငွေကြေး ပိုင်ဆိုင်မှုတွေကို ထုတ်ပြီးသုံးစွဲကြဖို့လည်း ဆုံးဖြတ်ထားကြတာ ဖြစ်ပါတယ်။ ပြည်ပမှာ ပညာသင်ကြားမယ်ဆို ကုန်ကျစရိတ် အနည်းဆုံးဖြစ်မယ့် နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံက တက္ကသိုလ်၊ ကောလိပ်တွေကို စုံစမ်းမေးမြန်းတာတွေ ညတွင်းချင်း အများအပြားရှိနေပြီး ထိုင်းနိုင်ငံ တက္ကသိုလ်တွေဘက်က အားလုံးကို ပြန်ဖြေဖို့ မဖြစ်နိုင်လောက်အောင် စုံစမ်းမှု အများအပြား ရှိလာကြတယ်လို့လည်း ဆိုကြပါတယ်။ 

ဒါက ငွေကြေးတတ်နိုင်သူတွေ၊ မြို့ပေါ်နေ လူလတ်တန်းစား အထက်လွှာလို အခြေအနေရှိသူတွေမှ ပညာသင်တဲ့ အနေအထားနဲ့ သွားရောက်နိုင်မှာ ဖြစ်ပြီး မိသားစုအနေနဲ့ ငွေကြေး မတတ်နိုင်သူတွေ အဖို့တော့ မြန်မာနိုင်ငံထဲမှာပဲ ရှောင်တိမ်းဖို့ နည်းလမ်းရှာဖွေတာ သို့မဟုတ် ဆင့်ခေါ်တဲ့ အတိုင်း သွားရောက်ကာ စစ်မှုထမ်းရမယ့် အခြေအနေမျိုးလည်း ကြုံရမယ့် အနေအထားဖြစ်ပါတယ်။ 

ပြည်ပမှာ ပညာသင်တဲ့ အနေအထားနဲ့ သွားရောက်နိုင်ခြင်းမရှိတဲ့ သူတွေအဖို့ အခြားရွေးချယ်စရာ လမ်းတခုကတော့ ပြည်ပမှာ ရွှေ့ပြောင်းလုပ်သားအဖြစ် ထွက်ပြီး အလုပ်လုပ်ကြဖို့ ဖြစ်ပါတယ်။ စစ်မှုမထမ်းချင်တဲ့ လူငယ်တွေအနေနဲ့  ထိုင်းနိုင်ငံ သို့မဟုတ် မလေးရှား၊ စင်္ကာပူ၊ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတချို့ စတဲ့နိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်ခြင်းဖြင့် စစ်မှုထမ်းရမယ့် အသက်အရွယ်ကာလကို ကျော်ဖြတ်ကြရမယ့် အနေအထားလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့ ဒီဥပဒေကို အသက်ဝင်စေတဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲဆိုတဲ့ အချက်တွေ စဥ်းစားကြည့်ကြတဲ့အခါ စစ်တပ်ရဲ့ အင်အားသိသိသာသာ ယုတ်လျော့လာချိန်မှာ ကျေးလက်နဲ့ နယ်မြို့တွေက လူငယ်တွေကို ပြည်သူ့စစ်အဖြစ် သိမ်းသွင်းရာမှာ ဥပဒေနဲ့ လုပ်တာမျိုးဖြစ်အောင် ပြဌာန်းတာ ဖြစ်နိုင်တယ်ဆိုတဲ့ မှန်းဆချက်လည်း ရှိနေသလို နောက်ရှုထောင့်တခုကတော့ အခုလို အခြေအနေမှာ ဥပဒေအတိုင်း တိတိကျကျ အကောင်အထည်ဖေါ်ဖို့ ခက်ခဲနေတာကို သိသော်လည်း အခြေအနေ ရှုပ်ထွေးသွားအောင် လုပ်ဆောင်တဲ့ ရည်ရွယ်ချက်ဖြစ်မလား ဆိုတဲ့ မှန်းဆမှုလည်း ရှိနေတာဖြစ်ပါတယ်။ စစ်မှုထမ်း ဆင့်ခေါ်တာအတွက် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်တွေမြို့တွေမှာ မိသားစု ပုံစံ ၁၀ စာရင်းအလိုက် စစ်ဆေးရင်း ပြည်ပမှာ အလုပ်လုပ်ကိုင်နေသူ သို့မဟုတ် တော်လှန်ရေး  လက်နက်ကိုင်အဖွဲ့တွေထဲ ပါဝင်နေတဲ့ လူငယ်တွေရဲ့ စာရင်းကို စိစစ်သိရှိနိုင်မယ်ဆိုတဲ့ မှန်းဆချက်၊ စိုးရိမ်မှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။ 

အခုလို မြန်မာနိုင်ငံအနေနဲ့  ပြည်တွင်းစစ်နွံထဲ နစ်နေချိန် နိုင်ငံ အစိတ်အပိုင်းအချို့ တိုင်းရင်းသား လက်နက်ကိုင်နဲ့ တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်ယူလာနေချိန်မှာ သတ်မှတ်တဲ့ အသက်အရွယ်ရှိတဲ့ နိုင်ငံသားတိုင်း စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခြင်းဟာ ရှုပ်ထွေးနေပြီးအခြေအနေကို ပိုမိုရှုပ်ထွေးလာအောင် လုပ်သလို ဖြစ်ပြီး လူထုတွေအကြား ဂယက်ရိုက်ခတ်မှု ကြီးကြီးမားမား ဖြစ်ပေါ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်အကြောင်းအရာ တခုကတော့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံက စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် အကူအညီပေးပို့ဖို့ လုပ်ဆောင်နေရာမှာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပြီး မဲဆောက်မြို့မှာ လူသားချင်းစာနာမှု အကူအညီပေးရေး စင်တာတခု ဖွင့်လှစ်ဖို့ လုပ်ဆောင်နေတယ်လို့ သတင်းဖေါ်ပြထားကြတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းအာဆီယံ အလှည့်ကျ နိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံ လွမ်ပရာဘန်မြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးနဲ့ မကြာသေးခင် ဒါဗို့စ်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ ထိုင်းနိုင်ငံအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ လုပ်ဆောင်နေတဲ့ အကြောင်း သတင်းတွေထဲ ပါရှိခဲ့တာဖြစ်ပါတယ်။ လာအိုနိုင်ငံ လွမ်ပရာဘန် အစည်းအဝေးမှာ  မြန်မာနိုင်ငံဘက်က နိုင်ငံရေးအရ ခန့်အပ်ထားတာမဟုတ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက အရာရှိတဦး တက်ရောက်ခဲ့ပြီး အဆိုပါ အစည်းအဝေးမှာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ လူသားချင်းစာနာမှု အကူအညီပေးရေး အတွက် လုပ်ဆောင်ဖို့ သဘောတူခဲ့ကြတာလို့ ဆိုပါတယ်။ 

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ထဲမှာလည်း လူသားချင်းစာနာမှု အကူအညီတွေ အာဆီယံအသင်းရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ဌာနကတဆင့် မြန်မာနိုင်ငံက အကူအညီလိုအပ်နေသူတွေကို ကူညီပေးရေး ဆိုတဲ့အချက် ပါရှိပေမယ့် ၃ နှစ်တာအတွင်း များများစားစား ဆောင်ရွက်နိုင်ခဲ့တာ မတွေ့ရသေးပါဘူး။ ယမန်နှစ်က အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေး အတွက် အာဆီယံနိုင်ငံက သံတမန်အချို့ပါဝင်တဲ့ အဖွဲ့ ရှမ်းပြည်နယ် တောင်ပိုင်းကို သွားရောက်စဥ် ယာဥ်တန်းကို ပစ်ခတ်မှုတွေရှိခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။ 

ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ မစ္စတာ ပန်ပရီဟာ ယခင်သီတင်းပတ်က မဲဆောက်မြို့ကို သွားရောက်ခဲ့ပြီး မဲဆောက်မြို့ နဲ့ ဆက်သွယ်ထားတဲ့ မြန်မာနိုင်ငံ မြဝတီကတဆင့် မြန်မာနိုင်ငံထဲက လူသားချင်းစာနာမှု အကူအညီလိုအပ်သူတွေထံ အကူအညီပေးဖို့သွားဖို့ စီစဥ်နေတဲ့ အနေအထား ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ဆက်သွယ်ပြောဆိုမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒီပေးအပ်မယ့် အကူအညီတွေဟာ ကရင်ပြည်နယ် နဲ့ တနင်သာရီတိုင်း၊ ပဲခူးတိုင်းတို့လို ဒေသတွေ အတွက်တင်ပဲလား သို့မဟုတ် မြန်မာနိုင်ငံ အထက်ပိုင်းက အခြားဒေသတွေအတွက်ပါ အကူအညီပေးပို့မှာလားဆိုတဲ့ အသေးစိတ်အချက်အလက်တွေတော့ ပေါ်ထွက်လာခြင်းမရှိသေးတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

ဒီလို ထိုင်းနိုင်ငံက မြန်မာစစ်ကောင်စီ လက်အောက်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့ အပေါ် တော်လှန်ရေး အင်အားစုတွေဘက်က ဝေဖန်ထောက်ပြတာတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar