Breaking News

လှကျော်ဇော - စစ်တပ် ပြောတဲ့ “ရွေးကောက်ပွဲ”

လှကျော်ဇော - စစ်တပ် ပြောတဲ့ “ရွေးကောက်ပွဲ”

(မိုးမခ) ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၄

 

လာ လာပြန်ချီသေးပေါ့တခါ။

ကျွန်မကို တနေ့က သတင်းထောက်လေးတယောက်က အခု စကစ ကရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတာနဲ့ပတ်သက်ပြီး ဘယ်လ်လို မြင်ပါသလဲ တဲ့။ 

ဒီရွေးကောက်ပွဲကို သနပ်ခါးလိမ်းပေးချင်တဲ့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ ပါတီ ခေါင်းဆောင် တယောက်က ပြည်သူတွေ နစ်နာမှာစိုးလို့ နိုင်ငံရေးနည်းကို သုံးကြည့်နေတာလို့ ပြောနေ ဆင်ခြေပေးနေတဲ့ ဗွီဒီယိုအခွေကို ကြည့်ထားမိလို့ စိတ်ထဲမှာ တင်းခနဲ ဖြစ်သွားပေမယ့် အားနာပါးနာနဲ့— ကျွန်မကတော့ ဒီစစ်တပ်က လုပ်ပေးမယ့် ရွေးကောက်ပွဲတွေကို အယုံအကြည်မရှိပါဘူးလို့ ဖြေလိုက်ပါတယ်။

အခုခေတ် သတင်းထောက်လေးတွေခမျာမှာလည်း မမီလိုက်တဲ့ သမိုင်းတွေ ရှိနိုင်ပါတယ်လေ။ ဒီတော့ သိမီလိုက်တဲ့သူတွေက ဘာကြောင့် မယုံကြည်တာလဲ ဆိုတာ ပြောပြ ရှင်းပြရမှာပေါ့။ ဗမာပြည်မှာ အနှစ် (၆၀) ကျော် အာဏာကိုင်ထားတဲ့ စစ်တပ်က အလွန်အာတွေ့တဲ့ လိမ်ညာတဲ့ စကားလုံး (၂) လုံး ရှိတယ်။ 

(၁) ငြိမ်းချမ်းရေး နဲ့ (၂) ရွေးကောက်ပွဲ ဆိုတာတွေပါ။ 

သူတို့က သူတို့ ကိုင်စွဲထားတဲ့ စစ်ရေးအာဏာ၊ နိုင်ငံရေးအာဏာ၊ စီးပွားရေးအာဏာ (တနည်း) စစ်အာဏာရှင်စနစ်ကြီးကို ကာကွယ်ဖို့ လိုအပ်တိုင်း ပြည်သူတွေကို လှည့်ဖြားဖို့ သုံးတဲ့ မရိုးနိုင်တဲ့ စကားလုံးများပါ။ အကြိမ်ကြိမ်လည်း သုံးပြီးပါပြီ။ စစ်တပ်ကိုယ်တိုင်လည်း ဒီစကားလုံးကို သူတို့ရဲ့အဓိကရည်ရွယ်ချက်ကို ဖုံးကွယ်ဖို့အတွက်သာ သုံးခဲ့တာပါ။ သူတို့အတွက် အကျိုးမရှိရင် အဲဒီ သူတို့ လုပ်ပေးခဲ့တဲ့ ရွေးကောက်ပွဲတွေကို မျက်နှာပြောင်ပြောင်နဲ့ ချောင်ထိုးခဲ့တာချည်းပါပဲ။ သမိုင်းကို ပြန်ကြည့်ရအောင်။ 

၁။ ၁၉၅၈ ခုနှစ် စစ်အာဏာရှင်စနစ်ရဲ့ရှေ့ဦးထွက် အာဏာသိမ်းခဲ့စဉ်ကလည်း ၆-လအတွင်း ရွေး ကောက်ပွဲလုပ်ပေးမယ် ဆိုတဲ့ကတိနဲ့ ဦးနုဆီက အာဏာလွှဲယူခဲ့တာ။ တိုင်းပြည် မတည်ငြိမ်သေးလို့ (၂၀၂၄ အထိ မရိုးနိုင်တဲ့ အကြောင်းပြချက်။) ဆိုတဲ့ အကြောင်းပြချက်နဲ့ (၁၉၆၀) မှာမှ (၂ နှစ်ကြာပြီးမှ) ရွေးကောက်ပွဲ လုပ်ပေးခဲ့တယ်။ ဦးနုတို့ အပြတ်အသတ်နိုင်တော့ အာဏာလွှဲပေးခဲ့ပါတယ်။

အဲဒီ ၁၉၆၀ ရွေးကောက်ပွဲ ဦးနုတို့ သန့်ရှင်းအဖွဲ့ အပြတ်အသတ်နိုင်တော့ ထိုင်း ဘန်ကောက်ပိုစ့်သတင်းစာက ဒီလို ရေးဖူးတယ်။

ဒါဟာရွေးကောက်ပွဲမဟုတ်ဘူး။ ၁၉၅၈-၆၀ (၂) နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ အိမ်စောင့်အစိုးရအပေါ် ဗမာပြည်သူလူထုရဲ့ ဆန္ဒခံယူတဲ့ပွဲ (Referendum)-----တဲ့။ ဗမာပြည်သူတွေက စစ်တပ်က နောက်ခံပေးထားတယ်လို့ထင်တဲ့ အဖွဲ့အစည်း(တည်မြဲ) ကို ပယ်ချလိုက်တာပါ။ ဒါကြောင့် ဦးနု နိုင်သွားတာပါ။ ဒါဟာ စစ်တပ်ကို ဗမာပြည်သူလူထုကြီးက နိုင်ငံရေးဇာတ်ခုံပေါ်က ပထမဆုံးအကြိမ် မောင်းချပစ်လိုက်တာပါ။

ဒါပေမဲ့ စစ်တပ်က ၂ နှစ်အကြာမှာ (၁၉၆၂ခုနှစ် မတ်လ ၂ ရက်နေ့) နောက်အကြောင်းပြချက်တရပ်( တိုင်းပြည်ကြီး ပြိုကွဲမှာစိုးလို့)နဲ့ အာဏာပြန်သိမ်းပြီး ၂၈ နှစ်တိုင်တိုင် ဆက်အုပ်ချုပ်ပါတယ်။ ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲကပေးတဲ့ သင်ခန်းစာကိုလည်း ကောင်းကောင်း နားလည်သွားပုံပဲ။ ဘာရွေးကောက်ပွဲမှ မလုပ်တော့ဘဲ ခပ်ပြောင်ပြောင်တင်းတင်းပဲ၊ ဗိုလ် ချုပ်ကြီးနေ၀င်းက သမ္မတကြီး ဦးနေ၀င်းကို အာဏာလွှဲပေးတယ်။ ဆိုပြီး ၁၉၇၄ အခြေခံဥပဒေကို (ထောက်ခံမဲ- ၉၀% ကျော်နဲ့) အတည်ပြုလိုက်ပါတယ်။ ၁၉၇၄-၇၅-၇၆ ဆက်တိုက်ပေါ်လာတဲ့ လူထုလှုပ်ရှားမှုများက မဆလရဲ့ အဲဒီ ၁၉၇၄ အခြေခံဥပဒေအတွက် လုပ်တဲ့ လူထုဆန္ဒခံယူပွဲကို ဖွင့်ချလိုက်နိုင်ပြီး ပြက်ရယ်ပြုလိုက်ပါတယ်။ 

၂။ ၈၈-အရေးတော်ပုံကြီးကို သွေးထွက်သံယို အကြီးအကျယ်နှိမ်နှင်းပြီးနောက်တက်လာတဲ့ န၀တ စစ်အစိုးရက ပြည်သူလူထုကို အာရုံလွှဲဖို့ (၁၉၉၀) မှာ ရွေးကောက်ပွဲ လုပ်ပေးခဲ့ပါတယ်။ သူတို့ပဲ အပေါ်စီး ရဖို့ ဘက်စုံက စီစဉ်ထားတာပါ။ အတိုက်အခံအင်အားစုတွေ ပြိုကွဲဖို့ နိုင်ငံရေးပါတီတွေ (၁၀၀ ကျော်) မှတ်ပုံတင်ခွင့်ပြုထားပါတယ်။ ဒီချုပ်က ခေါင်းဆောင်အတော်များများကိုလည်း ချုပ်နှောင်ထားတာပါ။ ဒီတခါလည်းဗမာပြည်သူလူထုက စစ်တပ်နောက်ခံ (တနိုင်ငံလုံးအနှံ့ ငွေအင်အားအလုံးအရင်းနဲ့ မဲဆွယ်နိုင်တဲ့--တစည)ကို ပယ်ချလိုက်ပြီး ဒီချုပ်ကို ပုံအောမဲပေးခဲ့ပါတယ်။ ဒါက ဒုတိယအကြိမ် စစ်တပ်ကို ပြည်သူလူထုက ပယ်ချလိုက်တာပါ။ ဒီတော့လည်း န၀တ က ဒီရွေးကောက်ပွဲဟာ အခြေခံဥပဒေ ရေးဆွဲရေးသာ ဖြစ်တယ် လို့ပြောပြီး အာဏာလွှဲမပေးဘဲ၊ အရွေးကောက်ခံအမတ်တွေဖမ်း ထောင်ထဲထည့်ခဲ့ပါတယ်။

 ၃။ ဒီလိုနဲ့ နောက်ထပ်အနှစ် (၂၀) စစ်အုပ်စု (န၀တ၊ နအဖ) ဆက်အုပ်ချုပ်ပြီး --၂၀၀၈ ဖွဲ့စည်းပုံနဲ့ လမ်း စဉ် မြေပုံဆိုတာ ပေါ်လာပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်ပေးပြန်ပါတယ်။ စစ်တပ် နောက်ခံ ပြည်ခိုင်ဖြိုး တပါတီတည်း ပြိုင်ရသလို ပြိုင်တာပါ။ ဒီတော့ ရွေးကောက်ပွဲနိုင်တယ်ဆိုပြီး ဦးသိန်းစိန်(ဗိုလ်ချုပ်ကြီး တဖြစ်လဲ)အစိုးရကို နအဖ ကအာဏာလွှဲပေးခဲ့ပါတယ်။

 ၄။ ၂၀၁၂ မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပေးခဲ့ပါတယ်။နေ ရာပေါင်း ၃၀ ကျော်မှာ ဒီချုပ်က တနေရာကလွဲလို့ ကျန်နေရာတွေမှာ နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဒေါ်စု နဲ့ ဒီချုပ်ပါတီ လွှတ်တော်လမ်းကြောင်းပေါ် ရောက်လာပါတယ်။ (စစ်တပ်နဲ့ ပြန်လည်ရင်ကြားစေ့ရေး ဆိုတဲ့ လမ်းစဉ် (မျှော်လင့်ချက်တွေ) ပေါ်လာတဲ့ အချိန်ပါ။ 

၅။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ဒီချုပ်က သောင်ပြိုကမ်းပြို နိုင်ပြီး ဒီချုပ် အစိုးရဖွဲ့လိုက်နိုင်ပါတယ်။ စစ်တပ်က ဒီလိုနဲ့ တဖြည်းဖြည်း ဆုတ်သွားလေမလား။ ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်ထဲကနေ ပြင်နိုင်မလား ဆိုတဲ့ မျှော်လင့်ချက်တွေလည်း လူထုအကြား ပေါ်ထွက်လာခဲ့ပါတယ်။

 ၆။ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဒီချုပ် တခါ သောင်ပြိုကမ်းပြို နိုင်လိုက်ပါတယ်။ ၂၀၂၁-ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က မဲစာရင်းတွေလိမ်လို့-ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းလိုက်ပြန်ပြီး ဒီတချီလည်း ရွေးကောက်ပွဲတွေ ပြန်လုပ်ပေးဦးမယ်လို့ ဆိုလာပြန်ပါတယ်။ ဗမာပြည်မှာ စစ်တပ် အာဏာရလာပြီးနောက် ရွေးကောက်ပွဲ (၆) ကြိမ် ကျင်းပပေးခဲ့ပါတယ်။ သူတို့မကြိုက်တဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို သူတို့ အသိအမှတ်မပြုပါဘူး။ ချက်ချင်းမဟုတ်တောင် လူထု ခံစားမှု တစုံတရာ လျှော့လာတဲ့ ကာလမှာ အကြောင်းပြချက်အမျိုးမျိုးနဲ့ သူတို့ ပြန်ဖျက်ပစ်တာပါပဲ။ (၁၉၆၀၊ ၁၉၉၀၊ ၂၀၂၀ ရွေးကောက်ပွဲများ။) 

ဒါဖြင့် သူတို့ အသိအမှတ်ပြုတဲ့ရွေးကောက်ပွဲတွေရော။ ၂၀၁၀--ဗိုလ်ချုပ်ကြီးသိန်းစိန်ကနေ ဦးသိန်းစိန်ကို အာဏာလွှဲပေးတဲ့ပွဲ။ ၂၀၁၂- ဒေါ်စုတို့ ဒီချုပ် (၃၀) လွှတ်တော်ထဲ ရောက်လာတဲ့ပွဲ။ (သိပ်ပူစရာ မလိုလို့)။ ၂၀၁၅- ဒေါ်စုတို့ ဒီချုပ်အစိုးရ ဖွဲ့နိုင်တဲ့ပွဲ။ (ဒီချုပ် ရေရှည်အစိုးရလုပ်နိုင်မယ် မထင်။ အောက်လမ်း နည်းပေါင်းစုံသုံး(လူမျိုးရေး၊ ဘာသာရေး)မတည်ငြိမ်အောင်လုပ်ခဲ့သေး။) တကယ်တော့ စစ်တပ်က ရှေ့တိုးမယ့်ဆင် နောက်တလမ်း ဆုတ်ပြီး ပြင်ဆင်တာ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီချုပ် အခုလောက် အပြတ်အသတ်နိုင်မယ် မထင်လို့၊ဒါပေမဲ့ လူထုက လည်း စစ်တပ် မ၀င်နိုင်အောင် အုံနဲ့ ကျင်းနဲ့ မဲပုံအောပေးခဲ့တာ။ ဒီတချီတော့ ပြည်သူလူထုက ပြတ်သားသွားပါပြီး။ စစ်တပ်အပေါ်မှာလည်း ဘာမျှော်လင့်ချက်မှ မထားတော့ပါဘူး။

ဒါ့ကြောင့် 'ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်' ဆိုတဲ့ ကြွေးကြော်သံ ပေါ်လာတာပါ။ စစ်တပ်ကလည်းပြတ်သားသွားပါပြီ။ ဗမာပြည်သူတွေကို လွတ်လွတ်လပ်လပ် မဲပေးခိုင်းလို့ကတော့ စစ်တပ်နဲ့ပတ်သက်ရာပတ်သက်ကြောင်း ဘယ်သူ့ကိုမှ မဲပေးတော့မှာမဟုတ်ဘူး ဆိုတာ သဘော ပေါက်သွားပါပြီ။ ဘယ်တော့မှ လူရိုသေရှင်ရိုသေ တရားမျှတတဲ့ ရွေးကောက်ပွဲကို လုပ်ပေးတော့မှာ မဟုတ်ပါဘူး။ 'ရွေးကောက်ပွဲ' ဆိုတာ အချိန်ဆွဲရုံသက်သက် သုံးတဲ့စကားလုံးပါ။ အခု ဗမာပြည်သူတွေ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ အနှစ် (၆၀) ကျော် အဆက်မပြတ် (အတက် အကျတော့ရှိ)စစ်အာဏာရှင်စနစ် တိုက်ပွဲစဉ်ကြီးရဲ့ တိုက်ပွဲဆက်တပွဲဖြစ်ပြီး အဆုံးတိုင်အောင် ပွဲရရေးအတွက် သန္နိဋ္ဌာန်လည်းရှိ အလားအလာတွေလည်း ရှိတဲ့ပွဲပါ။ 

ဒီပွဲမှာ ပြည်သူလူထုကြီးတရပ်လုံးအနေနဲ့ ဆုံးရှုံးစရာဆိုလို့စစ်အာဏာရှင် စနစ်က အထပ်ထပ်ရစ်ပတ်ပေးထားတဲ့ နှောင်ကြိုးများသာရှိပြီး၊ပြန်လည်ရရှိစရာတွေကတော့--ငြိမ်းချမ်းတဲ့၊ ဖွံ့ဖြိုးတိုးတက်တဲ့ စည်းလုံးညီညွတ်တဲ့၊ လူ့အခွင့်ရေးတွေ အပြည့်အ၀ရရှိနိုင်တဲ့ ဗမာပြည်သစ်ကြီးပါ။ စစ်အာဏာရှင်တွေရဲ့ အကြိမ်ကြိမ် လှည့်ဖြား သုံးစွဲခဲ့တဲ့ ဘာစကားကိုမှ မယုံကြည်ကြပါနဲ့တော့။ 

လှကျော်ဇော

၈-၂-၂၀၂၄။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar