ရဲဘော်တေး - ဂန်းနဲ့အကိုတွေကို အနမ်းနဲ့ကြိုမည်
ရဲဘော်တေး - ဂန်းနဲ့အကိုတွေကို အနမ်းနဲ့ကြိုမည်
(မိုးမခ) မတ် ၂၃ ၊ ၂၀၂၄
လာဘ်ကြိုက်တဲ့ အုပ်ကြီးတွေ ကပ်ဆိုက်တဲ့ ကာလပေါ့လေ။ မအလ ကောင်းမှု အကြောင်းပြု ထောင်းထုခံရ အုပ်ကြီးတို့ဘဝ။ လူတွေကလည်း အုပ်ကြီးရာ ဒီကာလအလွန်မှာ မင်း ဘယ်ပြေးမလဲ မိချိုသဲ လုပ်သူက လုပ်။ ဒီကာလထဲဘဲ မသာပွဲလုပ်ပေးဖို့ ချိတ်ဆက်သူက ချိတ်ဆက်။ သိပ်နှိပ်စက်လာရင် အိပ်မက်အရ လာဗျင်းမယ့်သူကလည်း အဆင်သင့်။ ရခိုင်ဘက်ကတော့ ထွက်ကြပြီ။ တအာင်းကလဲ ဂန်းစာမိမယ် ပြော။ တကယ်တော့ အုပ်ကြီးဆိုတာ ဆန်ကောထဲက ဇီးဖြူသီး ငတ်ကြီးကျရတာနဲ့ မကာမိ၊ ဉာဏ်မရှိ အမှန်မသိတော့လည်း ကံရှိလို့ နယ်စားမင်း ဖြစ်တယ်အောက်မေ့သကိုး။
မအလရဲ့ စစ်ဥလက်နက် နောက်ဆုံးစက်ဒဏ် အုပ်ကြီးတွေ စုခံရတာပ။ တကယ်တော့ ဒီစစ်ဘီလူးသက် သုံးနှစ် ဖြတ်သန်းထားတဲ့ လူငယ်တွေကို စစ်မှုထမ်းဥပဒေထုတ်ပြီး စစ်သားလုပ်ခိုင်းဖို့များ ဘယ်ခွေးမသားက အကြံပေးတယ် မသိ။ ဘယ်လိုလုပ် ဆိုက်ဝါးထည့်လို့ ရမလဲ။ အစောင့်ထားခဲ့ရင်လဲ တပ်မီးတိုက်မယ့်ကောင်တွေ။ ရှေ့တန်းဆိုလဲ ပြောင်းတလှည့်ပဲ၊ ခေါင်းတောင် ငဲ့မယ်မဟုတ်။ ဘယ်လူကြီးမဆို အနီးကပ်သုတ်လို့ရ။ ခု သင်တန်းပေးတာတောင် လုံခြုံရေးအထပ်ထပ်နဲ့ ကွပ်ညှပ်နေရ။ ရှင်နည်းရာ အဂ္ဂလူထွက် ဆိုသလို စစ်သား မရှိရတဲ့ကြား သင်တန်းမှာ အားဖြည့်ပေးနေရ။ ကျွေးဖို့ မွေးဖို့ကစ မလွယ်၊ ဒါထဲက ဂွင်ဆိုပြီး တွယ်မယ့် ဗိုလ်တွေက အရန်သင့်။ ခုကို စစ်မှုထမ်းဥပဒေနဲ့ ပွပေါက်တိုးတဲ့ကောင်က တိုးလှပြီ။ သင်တန်းပေးရင်းကို လူအရောင်းလုပ်ငန်းက ဖလန်းဖလန်းထနေတာလေ။ စစ်မှုထမ်းဥအတွက် ဘတ်ဂျက်လမ်းကြီးကလည်း ဖြူးလို့။ ဒီတခါပဲ အခွင့်အရေးရှိတော့မှာဆိုပြီး အသင့်ပေးလာလို့မှ မစားရင် နွားဆိုပြီး အသားကုန်ဝါးကြပေါ့။ ဒါ နောက်ဆုံးရထားတဲ့။ ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လားဆိုတာ တပ်စကားတောင် ဖြစ်နေပြီ။ မအလ ဆိုတာ ဘယ်သူ ဘယ်လောက်စားစား ဘာစကားမှ ကျယ်ကျယ်မဟရဲတော့ဘူးလေ။ အကုန်လုံး ရရစားစား အားပါးတရ မျိုချည်း မဟုတ်လား။ သူ ယူထားတွေက များလွန်းတော့ သူများ စားတာ ပြဿနာရှာရင် ကျည်ကာ နှစ်ထပ်ဝတ်လဲ လွတ်မယ်မဟုတ်။ တယောက်နဲ့တယောက် မျက်လုံးဒေါက်ထောက်ပြီး မကြောက်ရင် ဖင်ခေါင်းကျယ်ကြည့်လေ အနေအထား၊ ဖားက မြွေကို ပြန်မျိုဖို့ မခက်တော့။
အခုချိန်မှာ ဗိုလ်မှူးချုပ်ရာထူးတွေက အခရာ။ အဲဒါတွေကို မသာလုပ်ပစ်ပြီး ကျန်ရစ်သူတွေကို ဟိုရွှေ့ ဒီခြောက်နဲ့ အရုပ်ကလေးတွေလို ပေါက်ကရလုပ်နေတာတွေကို အကုန်လုံးက တင်းနေကြပြီ။ တနေ့ကပဲ ဒကစမှူးကနေ တိုင်းမှူး စောက်ခွက် လက်သီး တဝကျွေးလိုက်တဲ့ ဖြစ်စဉ်သာ ကြည့်တော့။ တပတ်စဉ်ထဲချင်းတွေ ညှိပြီး ကိုယ့်တပ်ကို သိမ်းလိုက်ရင် အချိန်မရွေး ပွဲငြိမ်းသွားနိုင်တာ အားလုံးအသိ။ လောက်ကိုင်ကိစ္စက စပြီး လက်လွန် ကြက်သွန်ဖြစ်သွားပြီမို့ မအလကလည်း မထူးဇာတ်နဲ့ ဗြူးဗြဲပတ်လုပ်နေတာ။
တကယ်တော့ သူနဲ့ဗိုလ်မှူးချုပ်တွေက ဂျင်နရေးရှင်း တဆက် ကွာသွားပြီ။ ကိုယ့်တပ်ကို အာဏာသိမ်းရတာ တကယ်တော့ ဘယ်ဗိုလ်မှူးချုပ်အတွက်မှ မခက်ဘူး။ ခုချိန် ပိုလွယ်သေး။ သိမ်းလိုက်ပြီ ပြောတာနဲ့ ဟေးခနဲ ထကမယ့် စစ်သားချည်းဘဲ။ ဒီအခြေအနေကြီးက စစ်သားအားလုံးကို ဖိညှစ်ထားသလို ဖြစ်နေတာကိုး။ စစ်သားတိုင်းမှာ ဖိအားသိပ်များနေတာကို စစ်သားအသစ်ကလေးတွေ နည်းနည်းစီမျှထည့်ပြီး တလှည့်စီ အနားယူ မယားပူ သားပူ အမေပူအဖေပူသက်သာအောင်လုပ်ပြီး စိတ်အကြောလျှော့ပေးဖို့ ကြံတာက စစ်ဥရဲ့ လတ်တလော ရည်မှန်းချက်။ တိုင်းရင်းသားဒေသတွေကို လတ်တလော လက်လွှတ်ပြီး ကိုယ့်ဗမာနယ်ချည်းဘဲ နိုင်နိုင်နင်းနင်းအုပ်ချုပ်ရင်း စိမ်ရည်အိုးထဲကျလာရင် ဘာကျကျ ချဉ်သွားတာလို ကြာလာရင် သူတို့လည်း စစ်စိတ်ပေါက်သွားမှာဘဲ၊ အချိန်တခုမှာ တနိုင်ငံလုံး စစ်သားဖြစ် စစ်နိုင်ငံတော်သစ်ထူ ဆုံးရှုံးသွားတာတွေ ပြန်တိုက်ယူမယ်ဆိုတာက ရေရှည်မျှော်မှန်းချက်။ ဒါပေမဲ့ ဒီရည်မှန်းချက်တွေမပြည့်ခင် အကုန် မသာပေါ်မှာ မြင်ကြပြီးသားပါ။ မအလကလည်း အခြေအနေမကောင်းရင် လေယာဉ်ကလေးနဲ့ ဝေဟင်ကနေ တာ့တာ့လုပ်သွားမှာ သိကြပြီးသားပါ။
ဗိုလ်မှူးချုပ်တွေ ကိုယ့်တပ်ကို သိမ်းလိုက်လို့ကတော့ စစ်သားတွေ ဟေးခနဲ အော်မှာ သေချာသလို ပြည်သူကလဲ ဂန်းနဲ့အကိုတွေကို အနမ်းနဲ့ကြိုမှာ သေချာပါကြောင်း။
သားမယားရှိသူတိုင်း၊ မိဘတိုင်း စိတ်အေးချမ်းသာ နေရထိုင်ရပြီး အပြန်အလှန် သတ်ဖြတ်နေရတဲ့ မအလ လမ်းစဉ်ဆိုးကြီး ရပ်တန့်သွားမည် ဖြစ်ပါကြောင်း။ ဒို့တိုင်း ဒို့ပြည် ပြန်လည်စည်ပင်အောင် ကြည်ကြည်ဖြူဖြူ အတူတည်ဆောက်ကြဖို့ ဖြစ်ပါကြောင်း။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar