နေသွင်နိုင်း - ဆန်းဝင်းအောင်တံဆိပ်
ဆန်းဝင်းအောင်တံဆိပ်
နေသွင်နိုင်း
(မိုးမခ) မတ် ၂၃၊ ၂၀၂၄
(၁)
လေယာဥ်တွေ ပျံသန်းသွားပြီးနောက်
ယမ်းနံ့စွဲနေတဲ့ကြေးနန်းတစောင်
ဓာတ်ပုံတပုံ
ကဗျာရဲဘော်ဆီက ရောက်လာ။
ပြောက်ကျားအင်္ကျီတထည်
ပြောက်ကျားဖိနပ်တရံ
သွေးဖြင့်ချုပ်လုပ်ထားသော ဒဏ်ရာများ
ကြယ်နီဖုံးသော အလောင်းတခု။
"အစ်ကို့ညီ.....ကနီတိုက်ပွဲမှာ........."
(၂)
ဗီလိန်တွေများတဲ့ အမှောင်ခေတ်မှာ တရွာလုံးရဲ့ ဇာတ်လိုက်
ပဲမှုန့်တွေခပ်ထည့်သလိုမျိုး
ရန်သူ့ဦးခေါင်းထဲ ယမ်းမှုန်တွေဖွာလန်ကြဲအောင် ပစ်သွင်းခဲ့သူ
ကြယ်။
မင်းက မျိုးစေ့အောင်တဲ့လူငယ်
မင်းသတ္တိက အောင်ဆန်း
အမှန်တရားအတွက် မင်းကြွက်သားတွေ ဝင်းပလို့
မင်းက ဓမ္မ
မင်းက မသေတဲ့သစ်စေ့
"ဆန်းဝင်းအောင်တဲ့ ဟေ့"လို့ ရွာတောင်ပိုင်းက လှမ်းအော်လိုက်ရင်
သူရဲဘောကြောင်တဲ့လူတွေအကုန်လုံး လူသေလို ဆွံ့အ လို့
သင်္ချိုင်းကုန်းမြေရဲ့ တစ္ဆေတွေ သွေးကမ္ဘာပျက်ကိန်းဆိုက်လိမ့်မယ်။
ဓမ္မဘက်တော်သားတွေက
ကမ္ဘာမကြေဘူးသီချင်းနဲ့ အလေးနီပြု
ရွာလမ်းမကြီးတလျှောက် မင်းနာမည်နဲ့အလံ တက်တူးထိုးကြပေလိမ့်မယ်။
ဟော့ဒီ ပိန်ကပ်ကပ်အသားနဲ့အရိုး ထမ်းထားတဲ့သာမန်မြက်ထမ်းသမား သူရဲကောင်းတံဆိပ်နဲ့ကြယ်နီကိုခြုံ
တိုင်းပြည်အတွက် အသက်စွန့်သွားခဲ့လိမ့်မယ်လို့
ဘယ်ဘုရားမှ ဗျာဒိတ်မရှိဘဲ
ဘုရားလိုပွင့်ပြီး ကြယ်လိုကြွေသွားတဲ့ အရေးပေါ်ပန်းပွင့်။
ငါ့အတွက်
အောင်ဆန်းပြီးရင် ဆန်းလို့ ဝင်းပြီးကျန်ခဲ့တာ မင်းပဲ
မင်းရောင်းခဲ့တဲ့ကွမ်းယာလို
ကနီမှာ မင်း....နီခဲ့ပေါ့.....ညီ
မင်း...ရဲရဲနီခဲ့ပေါ့။
ရန်သူ့ရင်ဘတ်ကို သင်္ဘောသီးခြစ်သလိုခြစ်ဖို့
ဈေးခြင်းတောင်းကို ပစ်ချ
ကွမ်းယာခုံကို ကျောခိုင်း
မင်းမိန်းမရဲ့ အသုပ်ဆိုင်ကို ခေါက်သိမ်းလို့
သူလိုကိုယ်လို
လူလည်လုပ်နည်း ၊နေသားတကျနေထိုင်နည်းသိရက်နဲ့
ရန်သူ့တောင်ကုန်းဆီ သစ္စာမြင်းကြီးစီးပြီး
မြေခွေးလိုက်ထွက်ခဲ့တယ်။
ငရဲမီး တောက်လောင်နေတဲ့ လွင်ပြင်မှာ
မျက်ရည်တွေလည်း ကုန်ပါပြီ..ညီ ကုန်ပါပြီ။
"အစ်ကိုရေ...အစ်ကို့ရဲ့ကဗျာရဲဘော်တွေရှိတဲ့တပ်ရင်းမှာ
ကျနော်ရောက်နေပြီ" တဲ့။
အဲ့ဒီတုန်းက တရွာလုံးကိုယ်စား မင်းကိုအလေးပြုခဲ့တယ်
မင်းက သေနတ်ကိုင်လို့
ငါက ကလောင်ကိုင်လို့
ငါ့သွေးက နည်းနည်း အရောင်ပါးခဲ့တယ်ငါ့ညီ ...အရောင်ပါးခဲ့တယ်။
"ကဗျာလည်း သေနတ်ပါပဲ" တဲ့
မင်းက ပေါ့ပါးလို့
ငါ့မှာ ကဗျာသေနတ်ကြီးတကားကားနဲ့ လေးလံလို့။
(၃)
"ချေ" ရဲ့ဆိုင်ကယ်စီးသလို
ဆိုင်ကယ်စုတ်လေးပေါ် အမှန်တရားကိုခုတ်မောင်း
တစ္ဆေစွတ်ကြောင်းအတိုင်း
နွေဦးတောင်ကုန်းဆီ မင်းရွက်လွှင့်လို့
မင်း...တာဝန်ကျေခဲ့တယ်
မင်း..တာဝန်ကျေလွန်းခဲ့ပါတယ်
ငါတို့ရွာ ဘာထွက်လဲမေးရင်
သူရဲကောင်းထွက်တယ်လို့ ငါဖြေမယ်။
ငါတို့တရွာလုံး ဆန်းဝင်းအောင်အင်္ကျီတံဆိပ်နဲ့
သွေးနဲ့သမိုင်း ထွင်းပေတော့
သွေးနဲ့ လက်ခမောင်းခတ်ပေရော့။
(၄)
ဟော
စစ်ခွေးဟောင်ပြီ။
တောမီးလောင်ပြီ။
မိစ္ဆာယာဥ်ကြီး ပျံသွားပြီ။
မင်းခြေသံလား
ဖိုးမောင်လား
ငါတို့ကြားရပြီ။ ။
*(ရဲဘော်ဆန်းဝင်းအောင်သို့ ဦးညွှတ်လျက်)
နေသွင်နိုင်း
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar