မြန်မာ့လူမှုအသိုင်းအဝိုင်းကို မွှေနှောက်နေဆဲ စစ်မှုထမ်းဥပဒေ
မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၂၁ မြင်ကွင်း
(မိုးမခ) မတ် ၂၂၊ ၂၀၂၄
မြန်မာ့လူမှုအသိုင်းအဝိုင်းကို မွှေနှောက်နေဆဲ စစ်မှုထမ်းဥပဒေ
ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်မှာ လိုက်ပို့ကြတဲ့ နယ်မြို့တွေကလို့ မှန်းဆရတဲ့ မိသားစုဝင်တွေအများအပြား ကြမ်းမှာ ထိုင်နေကြပြီး လေဆိပ်ခန်းဆောင် ပြည့်လုနီးပါး ထိုင်နေကြတဲ့ ဓါတ်ပုံတပုံ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဖေ့စ်ဘွတ်ပေါ်မှာ အများအပြားရှယ်ကြတာ တွေ့လိုက်ရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အလုပ်လုပ်နိုင်တဲ့အရွယ် လူငယ်၊ လူလတ်ပိုင်းတွေ မြန်မာနိုင်ငံကနေ အများအပြား ထွက်ခွာနေကြတာဟာ ပုံမှန်မြင်တွေ့ရတဲ့ မြင်ကွင်းတခုလိုပါ။ မလေးရှားနိုင်ငံကို ထွက်ခွာမယ့် လေယာဥ်၊ ထိုင်းနိုင်ငံကို ထွက်ခွာမယ့်လေယာဥ်တွေမှာ အလုပ်သွားလုပ်မယ့်သူတွေနဲ့ ပြည့်နှက်နေတဲ့ အနေအထားက စစ်အာဏာသိမ်းပြီးနောက် မြင်တွေ့လာရတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။
အလုပ်လုပ်နိုင်တဲ့အရွယ်လူငယ်နဲ့ အသက် ၃၀ ကျော်တန်းအမျိုးသားတွေ အများအပြား စစ်ဘေး၊ အသတ်ခံရနိုင်တဲ့ဘေးအန္တရာယ် တိမ်းရှောင်ရင်း မလေးရှားနဲ့ ထိုင်းနိုင်ငံတွေဆီ ထွက်ခွာနေကြရာက လတ်တလော စစ်မှုထမ်းဥပဒေဂယက်က နဂိုရှိနှင့်ပြီးရေစီးကြောင်းကို ပိုပြီးအားကောင်းအောင် အရှိန်အဟုန်နဲ့ ထွက်ခွာကြအောင် တွန်းပို့လိုက်တဲ့သဘော ဖြစ်ပါတယ်။
ဒါက လေကြောင်းလိုင်းနဲ့ထွက်ခွာကြတဲ့သူတွေဖြစ်ပြီး နယ်စပ်ကနေလည်း တရားဝင်ရော၊တရား မဝင်ပါ အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ဝင်ရောက်နေကြတာ အများအပြားရှိနေတာပါ။ ရှမ်း၊ ကယား၊ ကရင်၊ မွန်၊ တနင်္သာရီတိုင်းနဲ့ နယ်စပ်တလျှောက်ကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်သူတွေ နေ့စဥ်နဲ့အမျှ ရှိနေပြီး ဖမ်းခံရတဲ့ သတင်းတွေလည်း နေ့စဥ်မဟုတ်တောင် ရက်ခြားဆိုသလို ဖတ်ရှုနေရတာ ဖြစ်ပါတယ်။
ပအိုဝ်းဒေသက၊ ရှမ်းပြည်နယ်က၊ မွန်နဲ့ ကရင်ပြည်နယ်တို့ကတဆင့် လူမှောင်ခိုပွဲစားတွေကို အခ ကြေးငွေ သိန်းဆယ် ဂဏန်းချီပေးပြီး အများအပြား ထိုင်းနိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။
လူပွဲစားတွေက ဘတ် ၁ သောင်းခွဲကနေ ၂ သောင်းကျော်အထိ အခကြေးငွေယူပြီး ထိုင်းနိုင်ငံထဲက မြို့တွေရောက်ဖို့ ပို့ဆောင်ပေးကြတာဖြစ်ပါတယ်။ နယ်စပ်ကနေ ထိုင်းနယ်မြေထဲ ရောက်ဖို့ ခိုးဝင်ရင်းဖမ်းဆီးခံရသူတွေ၊ ဘန်ကောက် ကိုသွားရောက်တဲ့ ကားလမ်းတွေ ရဲ့ စစ်ဆေးရေးဂိတ်မှာ ဖွက်ပြီးလိုက်ပါလာသူတွေ ဖမ်းခံရတဲ့ သတင်းမကြာခဏ တွေ့နေကြရတာ ဖြစ်ပါတယ်။
နဂိုစီးပွားရေး အသက်ရှင်သန်နေထိုင်ရေးအတွက်လာရောက်နေကြတဲ့အနေအထားကနေ အခုတော့ စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့အရေးကနေ လွတ်မြောက်ဖို့ လာရောက်ကြရတာ ဖြစ်ပါတယ်။ အချို့က အလုပ်အကိုင်အခွင့်အလမ်းရော၊ စစ်မှုထမ်း ဆင့်ခေါ်မခံရဖို့ပါ အကြောင်း ၂ ခုလုံးနဲ့ လာရောက်ကြတာဖြစ်သလို အချို့ကတော့ စစ်မှုထမ်းဆင့်ခေါ်ခံရမယ့်အရေးကိုတိမ်းရှောင်ဖို့အတွက် လာရောက်ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ မြို့တွေသာမက ကျေးလက်တွေအထိ စစ်မှုထမ်းဖို့အကျုံးဝင်သူတွေကို စာရင်းကောက်ယူတာတွေက စတင်နေပြီဖြစ်လို့ အခြေအနေကရှုပ်ထွေးလာနေပြီး စိုးရိမ်မှုအဆင့်မဟုတ်တော့ပဲအကောင်အထည်ဖေါ်တာကို မျက်မြင်တွေ့နေရတဲ့ အနေအထားဖြစ်လို့ မှီရာအနေအထား၊ ရှိတဲ့ ငွေကြေးစုဆောင်းတာတွေကို ထုတ်သုံးပြီး ထွက်ခွာနေကြရတာ ပါ။ ရပ်ကွက်မှာ ကျေးရွာမှာ ဆင့်ခေါ်တာ၊ မဲနှိုက်တာ၊ ငွေတောင်းပြီး မဲမပေါက်အောင် လုပ်ပေးတာ၊ အများအတွက် စစ်မှုထမ်းပေးမယ့်သူအတွက် ရပ်ရွာက ငွေကြေး ထောက်ပံ့ဖို့ ကောက်ခံတာတွေ နဲ့ သတင်းတွေက နေ့စဥ်နဲ့ အမျှ ပေါ်ထွက်နေတာြဖစ်ပြီး လူအများကိုတခုခု ဆုံးဖြတ်ဖို့ တွန်းအားပေးနေတာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေ၊ ၄င်းနယ်မြေနဲ့ထိစပ်နေတဲ့ နယ် မြေတွေမှာလည်း ၄င်းတို့ တပ်ဖွဲ့ထဲဝင်ဖို့ စည်းရုံးသိမ်းသွင်းနေတာတွေ ရှိနေသလို အချို့ကတော့ PDF သို့မဟုတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဆီ သွားရောက်ဆက်သွယ် ဝင်ရောက်သွားကြတာလည်း ရှိပါတယ်။ သို့ပေမယ့် အများစုကတော့ စစ်ကောင်စီစုဆောင်းရာကနေ လွတ် မြောက်ဖို့ ကြိုးစားသလို PDF, EAO တွေဆီလည်း မသွားရောက်ချင်ကြတဲ့ အနေအထားဖြစ်ပါတယ်။ ၄င်းတို့အနေနဲ့ စစ်မှုထမ်းရမယ့် အနေအထားကို ဘယ်ဘက်က ဖြစ်စေ မပါဝင်လိုကြတာ၊ မိသားစု ရဲ့ စားဝတ်နေရေး တာဝန်ရှိနေတာတွေ ကြောင့် နိုင်ငံခြား ထွက်ပြီးအလုပ်လုပ်ဖို့ကို ရည် မှန်းချက် ပန်းတိုင်အဖြစ် ထားပြီးထွက်ခွာကြတာ ဖြစ်ပါတယ်။
ဒီလို ပြည်တွင်းမှာအလုပ်လုပ်နိုင်တဲ့အသက်အရွယ် လူငယ်နဲ့လူလတ်ပိုင်းတွေ နိုင်ငံထဲက လျင်မြန်စွာ လျော့နည်းလာနေပြီး စိုက်ပျိုးရေး လုပ်ငန်းတွေရော၊ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေပါ သက်ရောက်မှုတွေ ရှိလာလိမ့်မယ်လို့ မှန်းဆနေကြပါတယ်။
စစ်ကောင်စီက ၄င်းတို့လိုချင်တဲ့စစ်မှုထမ်းအရေအတွက်ရဖို့ စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပေမယ့် မျှော်လင့်မထားတဲ့အကျိုးဆက်၊ သက်ရောက်မှုတွေဖြစ်ပေါ်လာနေတာဖြစ်ပါတယ်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူ ၂ ဦးအချိုးအစားအတွက် တိမ်းရှောင်သူက ၂၀ မက ရှိလာနေတဲ့ အနေ အထားလို့ ဆိုနိုင်ပါတယ်။ ပုံမှန်အခြေအနေမျိုးမှာဆို ၂ ဦးက စစ်မှုထမ်းလိုက်ခြင်း ဒါမှမဟုတ် မလိုက်ခြင်းကြောင့် ချမှတ်တဲ့ ပြစ်ဒဏ် ကျခံရမှာ ဖြစ်ကောင်းဖြစ်ပေမယ့် အခုလို ရှုပ်ထွေးနေတဲ့ ပြည်တွင်းစစ်မီး တောက်လောင်နေချိန်မှာ အကျုံးဝင်သူ အရေအတွက်ထက် ၁၀ ဆမကသော သူတွေက တိမ်းရှောင်ထွက်ခွာနေကြရတဲ့ သဘောဖြစ်ပါတယ်။
စိုးရိမ်သူ မိခင်တွေ၊ ဖခင်တွေ၊ နိုင်ငံက ထွက်ခွာတိမ်းရှောင်နေရသူတွေ၊ ရပ်ကွက် ကျေးရွာလူထုဆီက လာဘ်ငွေရဖို့ကြိုးပမ်းနေကြတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ မြန်မာလူမှုအသိုက်အဝိုင်းမှာ ကသောင်း ကနင်းကာလတခုကို ဖြတ်သန်းနေရတဲ့အချိန်လို့ဆိုရင် မှားမယ် မထင်ပါဘူး။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar