Breaking News

လေခဏီ - နွားတွေရဲ့ ခွေးဇာတ်

လေခဏီ - နွားတွေရဲ့ ခွေးဇာတ်

(မိုးမခ) မတ် ၃ ၊ ၂၀၂၄


ရမ်းဗြဲတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ဗိုလ်ကြီး ၁ ဦးအပါအဝင် ၃ ဦး  အစာငတ်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသတဲ့။

ရိက္ခာချပေးမယ်၊ လာကယ်မယ် ထင်ပြီး ‌လက်နက်မချဘဲ ‌ပေတေတိုက်နေကြတာပေါ့လေ။ အဲဒီသတင်းဖတ်ရတော့ တခါ လေယာဉ်အကူ လွှတ်လိုက်ပြီ ဆိုပြီး လိမ်ပြောနေတဲ့ အသံဖိုင်လေးတောင် ကြားယောင်မိသေး။ 

တနေ့ကလည်း သတင်းသမား ဖိုးသီဟ အပါအဝင် ၇ ဦးကို မြောက်ဦးအခြေစိုက် ခမရ ၃၇၈ တပ်ရင်းအချုပ်ထဲက ထုတ်ပြီး သတ်မိန့်ပေးတဲ့ဗိုလ်မှူး ဗိုလ်ကြီး ရဲမင်းကြီး တို့ ဝန်ခံထွက်ဆိုထားတဲ့ ဗီဒီယိုလည်း ကြည့်ရတယ်။

သူတို့လည်း လာခေါ်ထုတ်သွားရင် လွတ်ပြီ၊ ဒီကိစ္စတွေ ဘာပြသနာမှမရှိဘူး တွက်မှာပေါ့။ ဟိုက လာမကယ်ဘူးလေ။ မင်းတို့ဘာသာ အသေခံချ ဆိုတဲ့ သဘောပဲ။ အဲဒီမှာ သုံ့ပန်းအဖြစ် အဖမ်းခံရတော့ တာဝန်ခံရပြီ။ ဗိုလ်ကြီးကတော့ အထက်အမိန့်အရဆိုပြီး ပေါတောတောတွေကို ကြောင်တောင်တောင် ပြောနေသေးတယ်။ ဒါက မိတဲ့ဟာလေးမို့ ဖြောင့်ချက်ပေးတာ။ ဘယ်လောက်တောင် သတ်ထားပြီးလဲဆိုတာ လူခုနှစ်ယောက်ကို ရှင်းပစ်လိုက်လို့ လွယ်လွယ်အမိန့်ပေးနိုင်တာနဲ့တင် မှန်းကြည့်လို့ရပါတယ်။ 

သူတို့မိသားစုတွေနဲ့ အသတ်ခံရသူ မိသားစုတွေ ဗလောင်ဆူနေချိန်မှာ မင်းအောင်လှိုင်သားကတော့ ဝန်ကြီးဌာနပေါင်းစုံက တင်ဒါ ၁၃ ခု တရက်တည်း ရသွားသတဲ့။ တတိုင်းပြည်လုံးကို စစ်မှုထမ်းဥပဒေထုတ် လူပြန်ပေးဆွဲနေချိန်လေ၊ အောင်ပြည့်စုံက စစ်မှုထမ်းစာရင်း မပေးဘဲ တင်ဒါလိုက်ဆွဲ စီးပွားရေးသရဲ လုပ်ကောင်းနေပေါ့။ 

ဒီလ တပ်က အရာရှိ အရာခံ သေစာရင်း ထွက်လာတယ်။ ဗိုလ်မှူးချုပ်အဆင့်ကနေ ဗိုလ်ကြီးအဆင့်ထိ ၁၉ ယောက်တဲ့။ စစ်သုံ့ပန်းက ၁၇ ယောက်တဲ့။ တပ်သားနဲ့ အချောင်သေပေးရတဲ့မိသားစုဝင်တွေကတော့ တွက်မနေနဲ့၊ မှန်းသာ ကြည့်ပေတော့။ ရခိုင်မှာ သောက်သောက်လဲပဲလေ။ ဒါတောင် ရက်နည်းတဲ့ဖေဖော်ဝါရီလမို့။ 

မအလကတော့ ရူးသလို ပေါသလို ဘာမှမဖြစ်သလို စစ်ဗိုလ်ချုပ်တွေကို အသုံးလုံးသင်တန်းပေးဖို့တောင် လှည့်ပြောခိုင်းနေသေး။ အိုင်တီခေတ်ထဲ စုန်းစုန်းမြှုပ်ထားလို့ရတဲ့ ကာလနော်။ အိုင်ပက်ခေတ်မှာ ကျောက်သင်ပုန်းအကြောင်း ထွက်ထွက်ပြောခိုင်းတာ။ 

အရူးလင်လုပ်မိတော့လဲ လမ်းလယ်ကောင် အဆော်ခံရတဲ့အဖြစ်မျိုး ဆိုက်တာပေါ့လေ။ ဟိုက စိတ်လာရင် လာသလို ဘယ်နေရာကိုမှ ထည့်မတွက်၊ ဘယ်မျက်ခွက်မှ မကြည့်၊ ဖိချင်သလို ဖိတာ ခံရတာပ။ 

ဒီအဖြစ်အပျက်တွေကို ကြည့်ရင် စစ်သား ဆိုတာ နွားသက်သက်လို့ ပြောရင် မနာကြနဲ့ပေါ့။ ခိုင်းတာ လုပ်ရတာပဲလေ။ ကြိုးဆွဲရာသွား၊ အူကြောင်ကြားလုပ်ရင် တပြာကျွေး၊ ဘေးလှည့်မကြည့်နဲ့။ နွားဖြစ်ရုံနဲ့မရ အလုပ်ကျ ခွေးထက်ဆိုးတဲ့ အလုပ် လုပ်ရတာ။ 

ခွေးတွေဟာ တော်သလင်း ရောက်လာတဲ့အခါ မွေးထားတဲ့ အမေခွေးကို ပြန်ခွ၊ အဖေကိုကျ ပြန်ကိုက် မိုက်ဇာတ်ခင်းပြီးရင်း ခင်းရတော့တာကိုး။ တအူထုံ့ဆင်း မောင်နှမရင်းရယ်လို့ကော ဘယ်ရှိမလဲ။ သူငယ်ချင်း မိတ်ဆွေဆို ဝေးရော။ ခုထိ တိုင်းပြည်ကို ခွေးဇာတ်ခင်းပေးနေရတုန်း။ လူတွေ ရွံလိုက်မုန်းလိုက်တာမှ ကျွတ်ကျွတ်ကို တူးရောပဲ။ 





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar