မြန်မာ့အရေး နဲ့ ကမ္ဘာ့အကူအညီ မျှော်လင့်ချက်
မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၁ မြင်ကွင်း
(မိုးမခ) မတ် ၂၊ ၂၀၂၄
မြန်မာ့အရေး နဲ့ ကမ္ဘာ့အကူအညီ မျှော်လင့်ချက်
ခုရက်တွေအတွင်းမှာ ထိုင်းနိုင်ငံ လွှတ်တော်မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို ဆွေးနွေးပွဲတခု ကျင်းပဖို့ ရှိသလို ဒီဆွေးနွေးပွဲဟာ ၃ နှစ်တာအတွင်း ထိုင်းနိုင်ငံရဲ့ အစိုးရအဖွဲ့မဟုတ်သော်လည်း ဥပဒေပြုမဏ္ဍိုင် လွှတ်တော်ကော်မတီက ဖိတ်ကြားတဲ့ လူသိရှင်ကြား ဆွေးနွေးပွဲဖြစ်လို့ ဖြစ်ထွန်းမှု တခု တိုးတက်မှုတခုလို ရှုမြင်နေကြတဲ့ အဖြစ်အပျက်လည်း ရှိပါတယ်။
တပြိုင်နက်တည်းမှာပဲ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မင်းကြီး ဗော်လ်ကာတပ်ခ်ကလည်း မြန်မာနိုင်ငံ စစ်အစိုးရဆီ လက်နက်နဲ့ ငွေကြေးတွေ စီးဝင်ခြင်း မရှိနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုက်တဲ့အကြောင်း ပြောဆိုသွားပါတယ်။
ဒီအဖြစ်အပျက်တွေက မြန်မာ့အရေးကို ကမ္ဘာ့လုံးဆိုင်ရာ အဖွဲ့အစည်းကြီးတခုဖြစ်တဲ့ ကုလသမဂ္ဂက အရေးတကြီး ဆောင်ရွက်လာတော့မလား ဆိုတဲ့ မျှော်လင့်ချက်တွေ ဖြစ်ပေါ်စေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံက အာဏာသိမ်းစစ်အစိုးရကို လက်နက်နဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ထိရောက်အောင် လုပ်နိုင်တော့မလားဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိကောင်းရှိလာစေနိုင်ပါတယ်။
သို့ပေမဲ့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် နိုင်ငံတကာမှာ ဖြစ်ပွားလာတဲ့ ဥရောပနဲ့ အရှေ့အလယ်ပိုင်းက စစ်ပွဲ နဲ့ အကြမ်းဖက်မှု နှိမ်နှင်းရေး ခေါင်းစဥ်တပ်ထားတဲ့ အစ္စရေးလ် နိုင်ငံရဲ့ ပါလစ္စတိုင်းဒေသတွေကို မြေလှန်ရှင်းလင်းရေး စစ်ဆင်ရေးတွေကို ကြည့်ရင် ကုလသမဂ္ဂအဖွဲ့ကြီးဟာ လူသားချင်းစာနာမှု အကူအညီပေးရေး နဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ဒုက္ခသည်အရေးတို့ကို စောင့်ကြည့်မှတ်တမ်းတင်၊ အကန့်အသတ်ပမာဏနဲ့ အကူအညီပေးတဲ့ အဖွဲ့တခု အဆင့်ကို လျှောကျနေခဲ့တာ ထင်ရှားစွာ တွေ့ရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ရဲ့ သြဇာက ၁၉၆၀ ပြည့်နှစ်များက ကျူးဘားဒုံးလက်နက် အရေးအခင်းတို့လို ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံအကြား သံတမန်ရေးအရ ကြားဝင်ဖြေရှင်းနိုင်တဲ့ သြဇာအာဏာ မရှိတော့သလို၊ အင်အားကြီးနိုင်ငံတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ အသုံးချခံရတာ သို့မဟုတ် လျစ်လျူရှုခံရတဲ့ အနေအထားမျိုး ရောက်ရှိနေတာ ဖြစ်ပါတယ်။
ယူကရိန်း-ရုရှား စစ်ပွဲမှာလည်း ကုလသမဂ္ဂအနေနဲ့ မဖြစ်ပွားခင် အနေအထားမှာလည်း ကြားဝင်ဖြေရှင်းနိုင်ခွင့် မရှိခဲ့သလို နှစ်ဖက်စလုံးက ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍထက် လက်နက်နဲ့ ငွေကြေးထောက်ပံ့နိုင်တဲ့ မဟာမိတ်နိုင်ငံတွေကိုသာ အလေးထား စည်းရုံးကြ နားထောင်ကြတဲ့ အနေအထားဖြစ်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီ ဆိုတာ ဗီတိုအာဏာသုံးဖို့ အခွင့်အရေးရှိတဲ့ နေရာတခုသာ ဖြစ်ပြီး စကားနိုင်လု၊ ငြင်းခုံကြတဲ့ အဆင့်နဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေက ရရှိထားတဲ့ ဗီတိုအာဏာကို အသုံးချဖို့ ဝန်မလေးကြသလို ကိုယ်ကျင့်တရား၊ နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းတွေထက် မိမိတို့ အကျိုးစီးပွားကိုသာ ဦးထိပ်ထားအသုံးချကြတဲ့ နေရာ ဖြစ်လာပြီး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေက ပဋိပက္ခဖြစ်ပွားရာ မြေပြင်အနေအထားမှာ လိုက်နာဆောင်ရွက်ကြရတဲ့ အဆင့်၊ အလေးထားရတဲ့ အဆင့်မျိုးကနေ ဝါဒဖြန့်ဖို့ရာ အသုံးချတဲ့ ထုတ်ပြန်ချက် တစောင်အနေအထားမျိုးအဖြစ် ရောက်ရှိနေခဲ့တာ နှစ်နဲ့ချီရှိပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒီအချက်တွေကို ကြည့်ရင် ကုလသမဂ္ဂဟာ သဘောထားကွဲလွဲမှုတွေကို မြင်သာထင်သာရှိတဲ့ စင်မြင့်တခု၊ အပြန်အလှန် နှုတ်လှန်ထိုးကြတဲ့ စင်မြင့်တခုနဲ့ လက်နက်နဲ့ အာဏာရှိတဲ့ နိုင်ငံအစိုးရတွေက ခွင့်ပြုခဲ့ရင် လူသားချင်းစာနာမှု အကူအညီပေးတဲ့ အဖွဲ့အစည်း တခုအဆင့်ကို လျောကျနေခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အနေအထားကိုက အုပ်စုဖွဲ့မှုတွေ၊ ပိတ်ဆို့မှုတွေ၊ လက်နက်အပြိုင်အဆိုင် တပ်ဆင်မှုတွေ နဲ့ ၁၉၄၅ ကနေ ၁၉၈၉ ခုနှစ်အကြား ပေါ်ထွန်းခဲ့တဲ့ အမေရိကန်ဦးဆောင်တဲ့ အုပ်စုနဲ့ ဆိုဗီယက်ပြည်ထောင်စု ဦးဆောင်တဲ့ စစ်အေးတိုက်ပွဲထက် ပိုမိုရှုပ်ထွေးတဲ့ နှစ်ခုထက်ပိုတဲ့ အင်အားဗဟိုပြုမှုတွေနဲ့ စစ်အေးတိုက်ပွဲ တခုဆီ ဦးတည်နေကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ဒီလို ကမ္ဘာ့အခြေအနေ နောက်ခံမှာ မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခအရေးဟာ အင်အားကြီးနိုင်ငံတွေအတွက် အရေးပါတဲ့ အဖြစ်အပျက် တခုမဟုတ်တော့သလို မြန်မာနဲ့ အိမ်နီးချင်း ဖြစ်နေတဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယ တို့လို နိုင်ငံတွေကသာ တိုက်ရိုက် သက်ရောက်မှုရှိနေတဲ့ နိုင်ငံတွေအနေနဲ့ အလေးထား ပါဝင်ပတ်သက်ကြမယ့် သဘောလည်း ဖြစ်ပါတယ်။
ဒီရှုထောင့်ကနေ ကြည့်ရင် ခုရက်ပိုင်းမှာ ကျင်းပမယ့် ထိုင်းလွှတ်တော်က မြန်မာ့အရေး ဆွေးနွေးပွဲဟာ လက်ရှိ ထိုင်းအစိုးရအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပိုမိုနားလည်ဖို့ ကြိုးပမ်းတာ တခုအဖြစ် မှတ်ယူနိုင်ပြီး ထိုင်းအစိုးရအနေနဲ့ ကမကထ လုပ်ဆောင်တာလို့တော့ မဆိုနိုင်ပါဘူး။ ထိုင်းအစိုးရ အနေနဲ့ စစ်ကောင်စီကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုထားဆဲဖြစ်လို့ အခုလို NUG က နိုင်ငံခြားရေးဝန်ကြီးဖြစ်သူနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ဖြစ်သူတို့ တက်ရောက်မယ့် ဆွေးနွေးပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တက်ရောက်ခြင်း မပြုတော့တာလို့ ကောက်ချက်ချရမယ့် သဘောလည်း ဖြစ်ပါတယ်။
ယမန်နှစ်က ထိုင်းနိုင်ငံ ရဲ့ ရွေးကောက်ပွဲအပြီး အာဏာရလာတဲ့ ထိုင်းအစိုးရအနေနဲ့ နိုင်ငံကာကွယ်ရေးတင်မကပဲ နိုင်ငံရေး နယ်ပယ်မှာပါ လွှမ်းမိုးထားဆဲ ထိုင်းစစ်တပ်ကို အတိုင်းအတာတခုထိ သတိပြုကာ မြန်မာ့နိုင်ငံနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ လုပ်ဆောင်နေတာလို့ အကဲဖြတ်ရပြီး အခု ဆွေးနွေးပွဲက ထိုင်းဥပဒေပြုလွှတ်တော်ရဲ့ မြန်မာအတိုက်အခံ အင်အားစုတွေနဲ့ လူသိရှင်ကြား ထိတွေ့မှုတရပ်လို့ဆိုနိုင်ပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံဟာလည်း ဒီမိုကရေစီ အပြည့်အဝရှိတဲ့ နိုင်ငံရေးစနစ်တရပ်၊ အရပ်သား နိုင်ငံရေးသမားတွေ အပြည့်အဝ စီမံခန့်ခွဲနိုင်တဲ့ နိုင်ငံရေး စနစ်တရပ် မရှိသေးတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံရေးနဲ့ စီးပွားရေး နယ်ပယ်မှာ စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှု ကြီးကြီးမားမား ရှိနေဆဲ အနေအထားလည်းဖြစ်တယ် ဆိုတဲ့အချက်ကိုလည်း မြန်မာနိုင်ငံက တော်လှန်ရေး အင်အားစုတွေအနေနဲ့ သတိပြုဖို့ လိုအပ်မှာဖြစ်ပါတယ်။
ချုံ့ပြီး ကောက်ချက်ချရရင်တော့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးတွေ၊ ဒေသတွင်းအဖွဲ့အစည်းတွေ နဲ့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း အကျိုးစီးပွားတွေ အခြေပြုတဲ့ မူဝါဒတွေ နဲ့ မောင်းနှင်နေကြတာဖြစ်ပြီး ဒီမိုကရေစီ စံနှုန်း၊ လွတ်လပ်မှု တန်းတူမှု၊ တရားမျှတမှုနဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေအပေါ် အခြေခံတဲ့ မူဝါဒက အကျိုးစီးပွားကိုလိုက်ပြီး ပြောင်းလဲချမှတ်လေ့ ရှိကြတယ်ဆိုတာ သတိမပြတ်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar