Breaking News

စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီရတဲ့ အရှုံး အမြတ်

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၃၀ မြင်ကွင်း

(မိုးမခ) မတ် ၃၁၊ ၂၀၂၄

စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီရတဲ့ အရှုံး အမြတ် 

စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းလိုက်တဲ့ အချိန်က စရေတွက်ရင် တလ နဲ့ ရက် ၂၀ ရှိချိန်မှာ အမျိုးသားညီညွတ်ရေး အစိုးရ က “အဓမ္မစစ်သားစုဆောင်းတာကြောင့် ထိခိုက်နေသူတွေကို ကူညီမယ်” လို့ ကြေညာချက် ထုတ်ပြန်လာတာတွေ့ရပါတယ်။ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ မှာ ဥပဒေအသက်ဝင်ကြောင်း ကြေညာပြီး တလ မပြည့်ခင်၊ နည်းဥပဒေကို မထုတ်ပြန်နိုင်ခင် ရပ်ကွက်အလိုက် စာရင်းကောက်ယူတာတွေ ရှိနေတာကြောင့် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ နေထိုင်ကြတဲ့ လူထုတွေ အနေနဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေနဲ့ ဆွဲခေါ်ခြင်း မခံရဖို့ အတွက် နည်းလမ်းအသွယ်သွယ်နဲ့ တိမ်းရှောင်ကြဖို့ လုပ်ဆောင်နေကြတာ ပတ်ဝန်းကျင်မှာတွေ့ရမှာ ဖြစ်ပါတယ်။ လူထုကို နှိပ်စက်သတ်ဖြတ်နေတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ နာမည်ဆိုးနေတဲ့ စစ်တပ်ထဲ မိမိတို့ရဲ့ သားသမီးတွေကို မဝင်စေချင်သလို၊  ခုလက်ရှိ အနေအထားမှာ အရှုံးတွေနဲ့ချည်း ရင်ဆိုင်နေရပြီး သေဆုံးမှု အများဆုံးဖြစ်နေတဲ့ စစ်တပ်ထဲကို ဒရောသောပါး ဆွဲသွင်းခံရတဲ့ အဖြစ်ကို ဘယ်လိုမှ ရင်ဆိုင်နိုင်စွမ်းမရှိကြပါဘူး။ စစ်ကောင်စီကို ဆန့်ကျင်ကြတဲ့ ခါးခါးသည်းသည်းမုန်းကြတဲ့ လူထုကို မဆိုထားနဲ့ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ကို ထောက်ခံသူတွေ အများစုတောင်မှ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ အခေါ်ခံရမယ့်အရေးကို ရှောင်တိမ်းဖို့ လုပ်နေကြတာတွေ တွေ့နေရမှာဖြစ်ပါတယ်။ ရှုံးနေတဲ့ စစ်ပွဲတပွဲ၊ အသက်သေတဲ့အပြင် ဂုဏ်သိက္ခာပါ ပျက်စီးဆုံးရှုံးရမယ့် စစ်ပွဲထဲ မပါဝင်လိုကြတဲ့ လက္ခဏာ ထင်ထင်ရှားရှားတွေ့ရမှာ ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေမှာ ပြည်ပကို တရားဝင် ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ထွက်ခွာကြမယ့်သူတွေ၊ ရာနှုန်းမည်ရွေ့မည်မျှ ရှိသလဲ ဆိုတာ မသိရပေမယ့် အချို့သော လူငယ်တွေကိုတော့ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်တဲ့ လက်နက်ကိုင် အဖွဲ့ထဲဝင်ရောက်ဖို့ တွန်းအားပေးသလို ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းတာနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကလည်း ၄င်းတို့ထိန်းချုပ်နယ်မြေထဲ စစ်သားစုဆောင်းမှုကို ပြန်လည်လှုံ့ဆော်လာကြတာ တွေ့ရပါတယ်။ ရှမ်းလက်နက်ကိုင် အဖွဲ့လိုမျိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ၄င်းတို့ ထိန်းချုပ် စိုးမိုးထားတဲ့ ဒေသတွင်းက လူထုကို ၄င်းတို့အဖွဲ့မှာ စာရင်းသွင်း စစ်မှုထမ်းဖို့၊ စစ်မှုထမ်း အသက်အရွယ်နဲ့ အကျုံးဝင်တဲ့ လူငယ်တွေ မြို့တွေရွာတွေကနေ အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ကို ထွက်ခွာတာတွေကို စစ်ဆေး တားမြစ်တာတွေလည်း လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။ 

ဒီလို ဒီဥပဒေ အသက်သွင်းမှုနဲ့အတူ အမျိုးမျိုးသော မတူညီရှုပ်ထွေးနေတဲ့ တုံ့ပြန်မှုတွေ ရှိနေတဲ့ အချိန်မှာပဲ စစ်ကောင်စီကတော့ နကို သင်္ကြန်ပြီးကာလလောက်မှ စတင်ခေါ်ယူမယ်လို့ ပြောဆိုရာကနေ တလဝန်းကျင် စောပြီး စာရင်းကောက် ဆင့်ခေါ်တာ၊ လေ့ကျင်ရေး သင်တန်းတွေဆီ ပို့ဆောင်နေတာတွေကို တွေ့နေရတာ ဖြစ်ပါတယ်။ ဒီအချက်ကိုကြည့်ရင် စစ်ကောင်စီအနေနဲ့ လူအင်အား ဖြည့်ဆည်းဖို့ အသည်းအသန် လိုအပ်နေတဲ့ အခြေအနေကို တွေ့နိုင်ပါတယ်။ လျင်မြန်စွာ လျော့ကျလာနေတဲ့ တိုက်ခိုက်ရေး အင်အားတွေကို အမြန်ဆုံးဖြည့်ဆည်းဖို့ စိတ်စောနေတာကြောင့် နည်းဥပဒေ မထုတ်ပြန်နိုင်ခင်၊ နကိုက ပြောဆိုထားတဲ့ သင်္ကြန်အပြီးမှ စတင်ခေါ်ယူမယ်ဆိုတဲ့ ပြောဆိုမှုတွေကို ဆန့်ကျင်ပြီး အလောသုံးဆယ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

တိုင်းပြည်က စီးပွားရေးအရ ကြပ်တည်းခက်ခဲနေတဲ့ ကာလ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လည်ပတ်ဖို့ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတဲ့ ကာလမှာ အောက်ခြေမြေပြင်မှာတော့ သိန်း ၂၀ ကနေ သိန်း ၅၀ အထိ ငွေရယူပြီး စစ်မှုထမ်းဖို့ လိုက်မယ့်သူတွေလည်း ဖြစ်ပေါ်လာနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ တပ်ထဲလိုက်သူ အတွက် သူ့ရပ်ကွက်/ ကျေးရွာက ငွေကြေးစုထည့်ဝင်ကြပြီး ဆင့်ခေါ်ခံရတဲ့ အရေအတွက်ကို ဖြည့်ဆည်းကြတဲ့ သဘောမျိုး မြေပြင်မှာ ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဗဟုသုတ မရှိခြင်း၊ စားဝတ်နေရေး၊ အသက်ရှင်သန်ရေး အတွက် ကျန်တဲ့အရာ အားလုံးကို လဲလှယ်ဖို့ မခက်ခဲ့တဲ့ သူတွေ ကျနော်တို့ လူမှုအဖွဲ့အစည်းမှာ ရှိနေကြတာဖြစ်ပါတယ်။ ဒီလိုလူ့အလွှာတွေကို အခုလို စစ်မှုထမ်း ဆင့်ခေါ်တဲ့ အခြေအနေမှာ အသုံးချလာကြတာ ဖြစ်ပါတယ်။ ဒီလို စားဝတ်နေရေး ခက်ခဲသူတွေ အပေါ် အမြတ်ထုတ် စည်းရုံးပြီး နိုင်ငံရေး အတိုက်အခံအဖွဲ့တွေကို လုပ်ကြံဆန္ဒပြမှုတွေ၊ နိုင်ငံရေးအရ ဆန္ဒပြမှုတွေကို ဖြိုခွဲနှိမ်နှင်းရာမှာ အရပ်သား ပြည်သူအသွင်နဲ့ ရုန်းရင်းဆန်ခတ် ရိုက်နှက်ရန်ပြု တာတွေမှာ စစ်အာဏာရှင်တွေ အသုံးပြုခဲ့ကြတဲ့ သာဓကတွေ ရှိပြီး အဲဒီလို ငွေကြေးပေးပြီး ခိုင်းစေနိုင်တဲ့ သူတွေရဲ့ အခန်းကဏ္ဍက အခုစစ်မှုမထမ်းမနေရ ဆင့်ခေါ်ရာမှာ တဖန် ပြန်လည်တွေ့မြင်လာရတာ ဖြစ်ပါတယ်။ 

စစ်မှုမထမ်းမနေရ ဥပဒေကြောင့် အထက်ကလို လူမှုအသိုင်းအဝိုင်းတခုလုံး ဗြောင်းဆန်နေတဲ့ အခြေအနေမှာ NUG အနေနဲ့ အဓမ္မစစ်သားစုဆောင်းမှုကြောင့် ထိခိုက်နေသူတွေကို  ကူညီမယ်ဆိုတဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဘယ်လို ကူညီမလဲဆိုတာတော့ အသေးစိတ်ပြောဆိုထားတာ မပါရှိပေမယ့် တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေအထဲ ဝင်ရောက်လိုသူတွေကို ဆက်သွယ်ကူညီပေးတာမျိုး သို့မဟုတ် တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတွေမှာ ခိုလှုံနေထိုင်ဖို့ ဆက်သွယ်ဆောင်ရွက်တာမျိုး ဖြစ်ကောင်း ဖြစ်မယ်လို့ မှန်းဆရပါတယ်။ တော်လှန်ရေးလက်နက်ကိုင်  အဖွဲ့ထဲ ဝင်ရောက်လိုတဲ့ ဆန္ဒမရှိသူတွေကို ပြည်တွင်းမှာပဲ စိတ်ချလုံခြုံတဲ့ နေရာမျိုး ဖန်တီးပေးနိုင်မလား ဆိုတဲ့ မေးခွန်းလည်း ရှိနေပြီး ရုပ်ဝတ္ထု လိုအပ်ချက်၊ နယ်မြေ အသုံးပြုခွင့် စတဲ့ ကြီးမားတဲ့အခက်အခဲတွေ တော့ရှိနေမှာ ဖြစ်ပါတယ်။ 

အနှစ်ချုပ်ဆိုရရင်တော့ စစ်ကောင်စီအနေနဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းခြင်းဟာ ကြီးမားတဲ့ အရှုံး အမြတ် အကျိုးသက်ရောက်မှုတွေရှိနေတဲ့ နောက်ဆုံးသော ဖဲချပ် ထုတ်သုံးတာနဲ့ အလားသဏ္ဌာန်တူပြီး NUG အဖို့လည်း ဒီအခြေအနေကို ဘယ်လို တုံ့ပြန်ဆောင်ရွက်မလဲ ဆိုတဲ့ စမ်းသပ်မှုတခုကို ရင်ဆိုင်ရတဲ့ အနေအထားလို့ ဆိုရင်မှားမယ် မထင်ပါ။ ၃ နှစ်တာကာလ တော်လှန်ရေး၏ တပ်ဦးက ရှိနေတဲ့ NUG, CRPH, NUCC တို့တတွေ၊ ERO မဟာမိတ်တွေနဲ့ တော်လှန်ရေး၏ အခြေခံအင်အားစုတွေလို့ ဆိုရမယ့် CDM အင်အား၊ PDF အင်အား၊ ပကဖ၊ ပအဖ၊ ပလဖနဲ့ မြေပြင်က သပိတ်၊ လက်နက်ကိုင်တွေ အထွေထွေဝန်းရံသူ လူထုလူတန်းစာတွေနဲ့  သူတို့တောက်လျောက် ထူထောင်ခဲ့ကြတဲ့ ဆက်ဆံရေး၊ လမ်းကြောင်း၊ အလားအလာတွေ၊ မှတ်တမ်းတွေကို ပြန်လည် ချိန်ဆကြည့်ရမယ့် အချိန်လည်း ဖြစ်လာပါတယ်။ နောက်ထပ် တိုးလာမယ့် အဓမ္မစစ်မှုထမ်းဘေးက ရုန်းကန်ထွက်ပေါ်လာမယ့် လူငယ်အင်အားများနဲ့ တော်လှန်ရေးအတွက် အခန်းကဏ္ဍ ဘယ်လို သက်ရောက်လာမလဲဆိုတာလဲ အားလုံးက စိတ်ဝင်စားနေကြပြီ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar