Breaking News

လေခဏီ - နှစ်ကျပ်ကွက်

လေခဏီ - နှစ်ကျပ်ကွက်

(မိုးမခ) မတ် ၂၄ ၊ ၂၀၂၄


မအလကတော့ နှစ်ကျပ်ကွက် ထုတ်သုံးပြီ။

မဘသနဲ့ YMBA အသင်းကြီးက ပေးတဲ့ ဘွဲ့တော်ကြီးမှ အားမနာ မွတ်စလင်တွေကို ဖရီးသင်တန်းပေး လက်နက်တပ်ဆင်ပြီး တပ်သီးသန့်ဖွဲ့ပေးမယ်ဆိုပြီး ဆွယ်တယ်။ ပြီးတော့ မွတ်စလင်တွေကိုဘဲ AA ကို ဆန္ဒပြဖို့ လုပ်ခိုင်းတယ်။ ဒီနည်းနဲ့ ခုကစ ချကြပြီး နောင်အရှည်သဖြင့် လူမျိုးစုနှစ်ခု ရန်ဖြစ် သတ်ဖြတ်နေအောင် လုပ်ထားခဲ့မယ်ပေါ့။ ဒါက တပိုင်း။

ဟော အခု တပ်ထဲက လက်သပ်မွေးထားတဲ့ ရခိုင်ဗိုလ်ကလေးကို မြန်နှုန်းမြင့်စနစ်နဲ့ တိုင်းမှူးအဖြစ် ရာထူးတိုးပေးပြီး ရခိုင်ချင်း စစ်တိုက်ခိုင်းပြီ။ တပ်ထဲရှိတဲ့ ရခိုင်စစ်သားတွေပါ ပို့ကောင်း ပို့လာအုံးမယ်။ ဒါက လူမျိုးတူချင်း ရန်တိုက်တာ။

ဒါကို နှစ်ကျပ်ကွက်လို့ ပြောတာက နှစ်ဖက် အကျပ်ကိုင်ထားတဲ့ အကွက်လို့ ပြောတာပါ။ တကယ်တော့ ဒီလက်နက်အားကိုး အကွက်မျိုးက တချက်ထိုးပဲ ရှိတာပါ။ လူမိုက်ထုံးစံ ပြန်မနှံသမျှ ထိုးပြရိုက်ပြ ခြိမ်းပြခြောက်ပြ ဟောင်ပြ ထောင်ပြ လုပ်တာပါဘဲ။ ရှမ်းမြောက်သာကြည့်။ 

ရိုနဲ့ ရခိုင်က နှစ်ပေါင်းများစွာ အတူနေလာကြပြီးသား၊ သက်သက်မီးမွှေးခံရ အရှို့ခံရလို့ဖြစ်တာ။ အချင်းချင်း နားလည်မှုယူရတာ ဘာမှမခက်။ သူတို့က စစ်တပ် ခုတ်ဖဲ့ထားတဲ့ ဒဏ်ရာတွေနဲ့ နာကျင်နေတုန်း။ ဒါကို ခံခက်အောင် ထပ်လုပ်တာ၊ အနာကို အပ်နဲ့ ထိုးတာ။ ရိုတွေမှာလဲ ကိုယ့်လူမျိုးကို တုံးသွားအောင် သတ်တဲ့ကောင်ရဲ့ဘောကို ပြန်မပေးနေရတာ ဘယ်လောက်ရင်နာစရာကောင်းလဲ။ အဝေးကကောင်က မဆီမဆိုင် လာအုပ်ချုပ်ပြီး တမြေတည်းမှာ အတူယှဉ်တွဲနေထိုင်ရမယ့်သူနဲ့ ရန်တိုက်ပေးနေတာကို သိသိနဲ့ လိုက်လုပ်နေရတာလေ။ 

ရခိုင်တွေကို သတ်၊ ရခိုင်မြေရဲ့ ယဉ်ကျေးမှုတွေကို ဖျက် ရခိုင်မြေကို အမှုန့်ချေပြီး ခု ရခိုင်ချင်း ထပ်သတ်ခိုင်းပြန်ပြီ။ ရခိုင်ချင်းကလည်း တသွေးတည်းလေ။ နွေးပြီးသား။ သွေးတူရင် အလိုလိုကို နွေးတာကလား။ ခုက နွေးတာထဲ ဆွေးတာထည့်ပြီး ဆွေးနွေးလိုက်ရင် သာလီစွပြီလေ။ တဖက်ကကြည့်ရင် ရခိုင်သားကို စစ်တိုင်းမှူး ခန့်ပြီး ရခိုင်မြေကို နင်းခိုင်းလိုက်တာဟာ ရခိုင်ပြည် ရခိုင့်လက် ရောက်နေပြီဆိုတဲ့ အခြေပဲ။ တကယ်တော့ အကွက်တကွက် ရွှေ့လိုက်တာဟာ တကွက် ဖယ်ပေးရတာပဲမဟုတ်လား။

ရပ်ကွက်ထဲမှာတော့ အရူးကွက်ကို နှစ်ကျပ်ကွက်လို့ ညှာညှာတာတာ ခေါ်တတ်ကြရဲ့။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar