Breaking News

ကိုသန်းလွင် - လမ်းလျှောက်ရသည့်ပမာ

ကိုသန်းလွင် - လမ်းလျှောက်ရသည့်ပမာ

(မိုးမခ) မတ် ၂၄ ၊ ၂၀၂၅

( ၁ )

ကျွန်တော်သည် စနေနေ့တိုင်း လမ်းလျှောက်ထွက်နေကျ အကျင့်အတိုင်း လမ်းလျှောက်ထွက်လာခဲ့သည်။ ကျွန်တော့်အဖော်မှာ နှစ်ပေါင်း ၆၀ ကြာ သိကျွမ်းခဲ့သော ငယ်သူငယ်ချင်း ကိုစန်းလွင် ဖြစ်ပါသည်။ သူ၏ ဘဝတွင် ကြီးမားသော ဆုံးရှုံးမှုများကို ရင်ဆိုင်ရသည့်တိုင် အမြဲတမ်း အပေါင်းလက္ခဏာဆောင်သော အတွေးများကိုသာ တွေးတတ်သူ ဖြစ်သည်။ သူ့အယူအဆများကို ကျွန်တော် မကြိုက်။ သို့သော် သူက တရားရှိသူ ဖြစ်သည်။ ယခင်ကလည်း သူနှင့် ကျွန်တော်သည် ယခုလို လမ်းလျှောက်ခရီးကို အဝေးကြီးကို သွားခဲ့ဖူးသည်။ ယခုတကြိမ်တော့ ရေစီးနေသော စမ်းချောင်းလေးတစ်ခုအတိုင်း ကွေ့လိုက်ကောက်လိုက်ဖြင့် လမ်းလျှောက်ကြရန် ဖြစ်ပါသည်။

( ၂ )

စာရေးဆရာများက  ပြောသည် “ဘဝဆိုသည်မှာ ကျွန်တော်တို့ မမြင်နိုင်သော အရာကြီးက အောက်ဘက်ကို ကျမသွားစေရန်ကူညီသည်” ဟု ဆိုသည်။ ထိုအယူအဆသည် တချို့တဝက်သာ မှန်ကန်သည်ဟု ယူဆပါသည်။ သူရော ကျွန်တော်ရောသည် ဤဇာတ်ဆရာ၏ ပစ်ချခြင်းကို အကြိမ်ကြိမ် ခံစားရဖူးသည်။ ထိုဇာတ်ဆရာကပင် ကျွန်တော်တို့ကို ပြန်ထနိုင်ရန်၊ မိမိခြေထောက်ပေါ်တွင် ရပ်နိုင်ရန် ကူညီခဲ့သည်။ ပြန်မထနိုင်ခင်စပ်ကြား ကြားကာလ၌မူ အနေအထိုင် ခက်ခဲခဲ့သည်များ ရှိခဲ့ပါသည်။ ကျွန်တော်တို့ ကိုးကွယ်သော ဘုန်း တော်ကြီးကမူ “တတ်နိုင်တာကို လုပ်ပါ၊ အကောင်းဆုံးကို မျှော်လင့်ထားပါ” ဟုပြောသည်။ သူ ပြောသလိုသာ ဖြေရပါသည်။

ဟုတ်ပါပြီ။ ဘာတွေများဖြစ်နိုင်ပါမည်နည်း။ ကျွန်တော်တို့သည် လက်တွေ့ကျသော၊ ရိုးရှင်းသော၊ ကြင်နာတတ်သော အမူအကျင့်များဖြင့်သာဘဝကိုကျော်ဖြတ်ခဲ့သည်။ ကျွန်တော်တို့ တတ်နိုင်သမျှ အလုပ် လုပ်ကြပါသည်။ ချစ်ခင်လေးစားမှုများဖြင့် အများသူငါကို ကူညီကြပါသည်။ 

ထိုအရာသည် အနည်းငယ်တော့ စိတ်မကျေမနပ် ဖြစ်စရာကောင်းသည်။ သို့သော် ကျွန်တော်တို့ အသက်အရွယ်က သင်ကြားပြသပေးသည်မှာ ကြင်နာသနားခြင်းဖြင့် ရိုးသားသော လက်တွေ့ကျသော အလုပ်များသည် ဘဝတွင် အဆိုးရွားဆုံးသော အရာများကို ရင်ဆိုင်ရသည့်တိုင် အခက်အခဲများကို ကျော်ဖြတ်နိုင်သည်။ မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်း၊ စိတ်မကျန်းမမာဖြစ်ခြင်း၊ ဆိုးရွားသော မိတ်ဆွေများကို တွေ့ကြုံရခြင်း၊ ရုတ်တရက် သေဆုံးရခြင်း စသည်တို့ ဖြစ်ပါသည်။ သူ့ကို တခါက မိတ်ဆွေတယောက်က မိမိကိုယ်ကို အဆုံးစီရင်လို ခြင်း စိတ်သဘောထားဖြင့် ဖုန်းဆက်လာသည်။ “ ဒါတွေက ဘာတွေလဲ၊ ဘာဖြစ်တာလဲ” စသည်ဖြင့် ရေရေရာရာ မရှိသော မေးခွန်းတွေ မေးသည်။ “’ဒီနေ့မနက်ခင်းဟာ ကြည်လင်နေတာပါ၊ စိတ်ပျက်မနေပါနဲ့” ဟု ထူးထူးခြားခြား ပြောလိုက်ပါသည်။ သူ့မိတ်ဆွေမှာ အခြေအနေကောင်း၍ တိုးတက်လာပါသည်။

ကျွန်တော်သည် တင်ပါးမှ ဒဏ်ရာကြောင့် လမ်းကြာကြာမလျှောက်နိုင်ပါ။ ထို့ကြောင့် တတ်နိုင်သမျှသာ လျှောက်ရသည်။ စမ်းချောင်းလေးတလျှောက် ထိုင်စရာတွေရှိရာ ၁၀ မိနစ်ခန့် တနေရာရာတွင် ထိုင်ရ သည်။ လမ်းလျှောက်လာရင်း အိုမင်းမစွမ်းဖြစ်ရခြင်း ဆိုသည်ကို ထင်ထင်ရှားရှား တွေ့နေရသည်။

လမ်းလျှောက်ပြီး ပထမအကြိမ် မနားမီကတည်းက သူနှင့် ရှေးဟောင်းနှောင်းဖြစ်များကို ပြန်ပြောဆိုမိသည်။ ကျွန်တော်တို့သည် အမြဲတစေ စကားပြောတတ်သူ၊ စာဖတ်သူ၊ ရုပ်ရှင်ချစ်သူ၊ သီချင်းချစ်သူများ ဖြစ်ကြပါသည်။ ၆ နှစ်သားအရွယ်က ရည်မှန်းခဲ့သော အရာများမှာ ယခုအချိန်အထိ မှန်ကန်နေဆဲ ဖြစ်ပါသည်။ ကျွန်တော်တို့သည် ဟိုအကြောင်း သည်အကြောင်း ရောက်တတ်ရာရာများကို ပြောလိုက်ကြ၊ ရယ်လိုက်ကြ၊ ဝမ်းနည်း ပူဆွေးလိုက်ကြ ဖြစ်နေသည်။ ငယ်ငယ်ကအတိုင်း ဘာမှမပြောင်းလဲပါ။ ကျွန်တော်တို့သည် အသက်အရွယ် မတိမ်းမယိမ်း၊ ကိုယ်အလေးချိန်တို့မှာ ဆင်ဆင်တူပါသည်။ သူ့ထက် ကျွန်တော်က အရပ်အနည်းငယ် ရှည်ပြီး အရွယ်အစား သေးငယ်သည်။ ကျွန်တော်တို့နှစ်ယောက်ကို ညီအစ်ကိုအရင်းသဖွယ် ဘေးက သတ်မှတ် ကြပါသည်။ ညီအစ်ကိုအရင်းတွေလို တစ်ဦးကိုတဦး ဒုက္ခပေး၍ ပျော်စရာရှိလျှင် အတူတကွ ပျော်လိုက်ကြသည်။ ကျွန်တော်တို့ငယ်ငယ်က မြို့မှာမတက်ဖူးသည့် သစ်ပင်ဟူ၍ မရှိ။ အပင်တိုင်း တတ်လိုက်၊ ဆင်းလိုက် ပျော်ခဲ့ကြသည်။

အထက်တန်း အရောက်မှာ သူတို့မိဘများ အလုပ်အကိုင်အရ ရန်ကုန်မြို့သို့ ပြောင်းသွားကြသည်။ ကျွန်တော် တက္ကသိုလ်ရောက် ပြန်ဆုံပြီး ကွဲကွာသွားကြပြန်သည်။ ငယ်ဘဝက သူတို့အိမ်မှာ ကြီးပြင်းခဲ့ရသည်။ သူ့မိခင်သည် ကျွန်တော်၏နောက်ထပ်မိခင်တဦး ဖြစ်ပါသည်။ သူ့အမေကို အပြင်လူတစ်ဦး သိသလို မဟုတ်ဘဲ တအိမ်တည်း အတူနေ သားသမီးအရင်းသဖွယ် သိခဲ့ရပါသည်။ သူနှင့် ကျွန်တော် ကြက်တောင် အတူတူရိုက်ကြသည်။ သူနှင့် အနှစ် ၃၀ ကျော်ကြာမှ ပြန်တွေ့ခဲ့ရသောအခါ သားသမီးများ ကြီးအောင် မွေးလာခဲ့ကြပြီး ကျွန်တော်တို့ မိဘများကို မြှုပ်နှံခဲ့ကြပြီးပါပြီ။ ဝမ်းနည်းစရာနှင့် ကြောက်စရာကောင်းသော အတွေ့အကြုံများကို တွေ့ကြုံခဲ့ကြပြီး အရွယ်ရောက်သူတိုင်း ကြုံသလို ကြုံခဲ့ကြသည်။ ယခုတော့ နှေးကွေးသွားကြပါပြီ။ ကလေးဘဝကလို မဟုတ်တော့ပါ။ ပို၍လည်း ခေါင်းမာလာကြပါသည်။

ယနေ့မနက်ပိုင်းက ဇာတိဖ္ဖိုလ်သီးထွက်သော အင်ဒိုနီးရှား ကျွန်းကလေးနှစ်ကျွန်းနှင့် အမေရိကားမှ မင်ဟတ်တန်ရပ်ကွက်တို့ကို ၁၆၆၄ ခုနှစ်က ကိုလိုနီဒတ်ချ်အစိုးရက တစ်ခုကို လက်လွှတ်၍ တစ်ခုကို အပိုင် ယူခဲ့သည်။ ထိုနေရာ နှစ်ခု ယခုအခါ ခြားနားပုံကို ဒတ်ချ်အစိုးရအဖို့ သင်ခန်းစာယူဖွယ် ဖြစ်ပါသည်။ ကျွန်တော်သည် စကားပြောရင်းမှ “ဇာတိဖ္ဖိုလ်သီး” ဆိုသည်ကို အစရှာမရတော့ပါ။ ကျွန်တော် မေ့နေသဖြင့် ဇာတ်လမ်းကောင်းတစ်ခုကို ပြောပြရန် ကျွန်တော့်ရည်ရွယ်ချက်မှာ မအောင်မြင်ခဲ့ပါ။ သူက ပြက်လုံးကောင်းတခုကို ကြားရသလို ခွက်ထိုးခွက်လန် ရယ်ခဲ့ပါသည်။ သူက သဘောကျ၍ ရယ်လေလေ ကျွန်တော်မှာ မခံမရပ်နိုင်အောင် ဖြစ်ခဲ့ရသည်။

ဒုတိယအကြိမ် လျှောက်ကြတော့ ကျွန်တော့်ကိုယ်ခန္ဓာမှာ ပင်ပန်းနေသည်။ စကားကို နည်းနည်းသာ ပြောပြီး ဘေးဘီကို လျှောက်ကြည့်ကြသည်။ စမ်းချောင်းနံဘေးမှာဆိုတော့ မြေပြင်သည် ရေပြင်နှင့်ဆက်စပ် နေသည်။ ကျွန်တော်သည် မျက်ရည်ခြောက်သောရောဂါကြောင့် မျက်စိကို အကြိမ်ကြိမ်ပွတ်နေမိပါသည်။

ကျွန်တော်တို့ လမ်းလျှောက်ကြသည်မှာ မိုးကလေးဖွဲဖွဲကျနေနေသဖြင့် မိုးကာအင်္ကျီတွေ ဝတ်ထားကြသည်။ မိုးက ဖွဲခနဲ ကျလိုက်၊ ရပ်သွားလိုက် ဖြစ်နေသည်။ နေကလည်း ပွင့်လာလိုက်၊ ပျောက်သွားလိုက် ဖြစ် နေသည်။ 

ကျွန်တော်တို့သည် ကာလရှည်ကြာ သိကျွမ်းခဲ့သူများ ဖြစ်သောကြောင့် တယောက်ကိုတယောက် သိနားလည်ပြီး ဖြစ်သည်။ တယောက်က အမှားများကို လုပ်ဆောင်နေချိန်၊ မသေမချာ ဖြစ်နေချိန်တို့တွင် တစ်ဦး ကို တစ်ဦး ဖေးမကူညီမှုများ ရှိခဲ့ကြသည်။ တစ်ယောက်ကိုတစ်ယောက် သစ္စာဖောက်သည်ဟု ယူဆနိုင်သော အကြောင်းအရာများလည်း ရှိခဲ့ဖူးသည်။ ဤသည်မှာ မိသားစုများနှင့်လည်း သက်ဆိုင်ပါသည်။ မိသားစု အရေးဖြစ်ဖြင့် ကျွန်တော်တို့ကိုယ်တိုင်တွင် တာဝန်ရှိ၊ မရှိ မသေချာပါ။ ထိုကာလများတွင်စိတ်ကုန်နေမှုကြောင့် တယောက်နှင့်တယောက် အကြီးအကျယ် စကားများခဲ့သည်။ တချိန်ကဆိုလျှင် “ခင်များနှင့် ကျွန်တော် လမ်းခွဲကြပါစို့” ဟု ပြောခဲ့မိသည်များလည်း ရှိသည်။ သို့သော် ထိုသို့ ပြတ်ပြတ်သားသား ပြောရခြင်းမှာ စိတ်ထိခိုက်လွယ်သော ကျွန်တော်ဘက်ကသာ ဖြစ်ပြီး သူက ဘာမှမဖြစ်ပါ။

တခါတလေကျတော့လည်း နှစ်ပေါင်းများစွာ ခွဲခွာနေရခြင်းမှာ ကျွန်တော်တို့၏ ရင်းနှီးမှုကို မထိခိုက်ပါဟု မိမိကိုယ်ကို ပြောမိသည်။

သူတို့ ရန်ကုန် ပြောင်းသွားပြီး ပြန်တွေ့ကြသောအခါ ကိုစန်းလွင်က ပြောသည်။ သူသည် မဟာစည် သာသနာ့ရိပ်သာသွားပြီး တရားထိုင်ကြောင်း သူ၏ တိုးတက်မှုအခြေအနေကို ပြောပြသည်။ “တရားဓမ္မနဲ့ နေရ တဲ့ ဘဝဟာ သာယာအေးချမ်းပါတယ်” ဟု ဆိုသည်။ ကျွန်တော့်ကိုလည်း လိုက်ရန် ခေါ်သည်။ ကျွန်တော်တို့ နယ်က ကျောင်းသာတွေမှာ ရန်ကုန်ကို ဧည့်သည်လိုလာ၊ မဟာစည်ရိပ်သာ သွားဖို့ဆိုသည်မှာ မလွယ်ပါ။ သူ အကြိမ်ကြိမ် တိုက်တွန်းသည့်တိုင် ကျွန်တော် တရားမထိုင်ဖြစ်ခဲ့ပါ။ ကိုစန်းလွင်မှာ သူငယ်ချင်းတွေကြားမှာ မဟာစည်ကို တရားထိုင်ရန်ခေါ်သော သူငယ်ချင်းအဖြစ် နာမည်ကြီးခဲ့သည်။ ကျွန်တော်သည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က ရရှိခဲ့သော အခွင့်အရေးတစ်ခု လက်လွှတ်ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

 ကျွန်တော်၏ တင်ပါးဆုံမှာ မခံမရပ်နိုင်အောင် နာကျင်လာသည်။ နောက်ဆုံး လက်လျှော့ပြီး အိမ်ကို ထော့နင်းထော့နင်းနှင့် ပြန်ခဲ့ရသည်။ ကျွန်တော်တို့ ပြောခဲ့ကြသောလူတွေ၏ တဝက်ခန့်မှာ သေဆုံးကုန်ကြပြီ။ နှစ်ဖက်မိဘများ၊ သူနှင့် ကျွန်တော်၏ ညီအစ်ကိုမောင်နှမများ ရင်းနှီးသော မိတ်ဆွေများအားလုံးသည် ကွယ်လွန်သွားကြပြီ။ ဖြစ်ရပ်တစ်ခုစီသည် အလွန်ခက်ခဲကြောင်း သိပါသည်။ သူတို့၏ နောက်ဆုံးအချိန်များကို တွေ့ရခြင်းမှာ ဘယ်တော့မှ မကောင်းပါ။

( ၃ )

အိုမင်းရင့်ရော်ခြင်းက အကောင်းဆုံးအရာ နှစ်ခုကို ပေးပါသည်။ ပျော့ပျောင်းခြင်းနှင့် မြင်နိုင်ခြင်း (Illumination) တို့ ဖြစ်သည်။ အကယ်၍ ထိုအရာများကို ကျွန်တော်တို့ ငယ်စဉ်ကများရ ရှိခဲ့လျှင် ပို၍ကောင်းစရာရှိသည်။ သို့သော် လောကကြီး အလုပ်လုပ်ပုံမှာ ဤသို့ မဟုတ်ပါ။ အသက်အရွယ်သည် ဖြတ်ကျော်ရမည့် လမ်းတလျှောက် သယ်ဆောင်သွားရပါသည်။ ဘာတွေပဲ တွေ့တွေ့ တွေ့ကြုံရမည်သာ။

Ref: All that is true is illustrated in a walk, Anne Lamott, Washingtonpost  March14 2024.





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar