Breaking News

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက လူမျိုးရေး ပဋိပက္ခ ဖန်တီးဖို့ ကြိုးပမ်း

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၂၃ မြင်ကွင်း

(မိုးမခ) မတ် ၂၄၊ ၂၀၂၄

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက လူမျိုးရေး ပဋိပက္ခ ဖန်တီးဖို့ ကြိုးပမ်း

ခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နဲ့ စစ်တွေမြို့တွေမှာ ရိုဟင်ဂျာလူမျိုးတွေကို AA လက်နက်ကိုင်အဖွဲ့ကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပြီး ဒီဆန္ဒပြပွဲတွေကို စီစဥ်ခိုင်းစေတာ စစ်ကောင်စီ အုပ်ချုပ်ရေးနဲ့ စစ်တပ်ဆိုတာ သတင်းဖတ်ရှုသူတိုင်း သိရှိကြတဲ့ ကိစ္စဖြစ်ပါတယ်။ တိုက်ပွဲတွေ အနှံ့အပြားဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်၊ မြို့တွေတမြို့ပြီးတမြို့ AA က တိုက်ခိုက်သိမ်းယူနေတဲ့ ရခိုင်ပြည်နယ်မှာ အခုလို AA ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စစ်ကောင်စီက စေခိုင်းညွှန်ကြားနေတဲ့ လုပ်ရပ်ဟာ လူမျိုးရေး ပဋိပက္ခကို ဖြစ်ပွားအောင် လုပ်ဆောင်တာ၊ AA က အခုလို ဆန္ဒပြတဲ့ ဘူးသီးတောင်၊ စစ်တွေတို့လိုမြို့တွေ၊ နယ်မြေတွေကို သိမ်းယူပြီးနောက်မှာ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာတွေအကြား ပဋိပက္ခဖြစ်ပွားအောင်၊ AA အနေနဲ့ ရိုဟင်ဂျာ လူမျိုးစုတွေကို လက်တုံ့ပြန်အရေးယူမှုတွေ ဖြစ်ပေါ်အောင် ရည်ရွယ်လုပ်ဆောင်တာလို့ ကောက်ချက်ချရပါတယ်။

စစ်ကောင်စီက စေခိုင်းညွှန်ကြားတာ မဟုတ်ခဲ့ရင် ဘယ်လူမျိုးစု၊ ဘယ်လို အဖွဲ့အစည်းကမှ ဘူးသီးတောင်၊ စစ်တွေတို့မှာ ဆန္ဒပြတာတွေ လုပ်ဆောင်ခွင့်ရှိမှာ မဟုတ်ပါဘူး။ စစ်ကောင်စီ ရဲ့ လုံခြုံရေး တပ်ဖွဲ့တွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေက လွတ်လပ်တဲ့ ဆန္ဒထုတ်ဖော်မှုတွေကို ဘယ်တုန်းကမှ ခွင့်ပြုခြင်း မရှိဘဲ၊ စစ်တပ်ထောက်ခံပွဲ၊ အမျိုး၊ ဘာသာ၊ သာသနာ ဆိုတဲ့ကြွေးကြော်သံနဲ့ အမျိုးသားရေး အစွန်းရောက်အယူဝါဒ ရှိသူတွေက နိုင်ငံခြားတိုင်းပြည် တခုခုကို ဆန့်ကျင်ဆန္ဒပြတာ၊ အန်ယူဂျီ၊ ပီဒီအက်ဖ် ဆန့်ကျင်ဆန္ဒပြတာတွေကိုသာ ခွင့်ပြု အားပေးတာဖြစ်ပါတယ်။ 

ရိုဟင်ဂျာလူမျိုးစုတွေရဲ့ အခွင့်အရေးကို ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့သလို ၂၀၁၇ ခုနှစ်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်ပေါ်ပြီး လူ ၁ သန်းကျော်ကို အိမ်နီးချင်းနိုင်ငံဆီ ထွက်ပြေးစေခဲ့တဲ့ ဖြစ်ရပ်ကို ကျူးလွန်ခဲ့တာ အခုစစ်ကောင်စီ စစ်တပ်သာ ဖြစ်ပါတယ်။ 

ဒီလို ကျူးလွန်ခဲ့တဲ့ စစ်တပ်အနေနဲ့ ရခိုင်ပြည်နယ်မှာ စစ်ရေး ရှုံးနိမ့်မှုတွေ ဆက်တိုက်ကြုံလာရတဲ့ အချိန်မှာ အခုလို အောက်တန်းကျတဲ့ လူမျိုးရေး လှုံ့ဆော်မှုတွေ အသုံးချမှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာလူမျိုးစုတွေနဲ့ ရခိုင်လူမျိုးတွေ အားပေးထောက်ခံတဲ့ AA လက်နက်ကိုင်အဖွဲ့အကြား မုန်းတီးမှုတွေ ဖြစ်ပေါ်အောင် စစ်ကောင်စီက ဖန်တီးပြီး၊ လူမျိုးရေး သို့မဟုတ် နိုင်ငံရေးအရ လက်တုံ့ပြန်မှုတွေ ပေါ်ထွက်လာအောင် ရည်ရွယ် လုပ်ဆောင်တာလို့ ကောက်ချက်ချနိုင်ပါတယ်။ 

လက်ရှိ ရခိုင်ပြည်နယ် အနေအထားက စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်ရဲ့ နယ်မြေဘယ်လောက်ကို AA လက်ထဲမကျအောင် ထိန်းသိမ်းနိုင်မလဲ ဆိုတဲ့မေးခွန်းသာ ရှိနေပြီး ရခိုင်ပြည်နယ် တခုလုံးကိုပြန်လည် ထိန်းချုပ်နိုင်ဖို့ မျှော်လင့်ချက်က မရှိသလောက် အနေအထားဖြစ်လို့ စစ်ကောင်စီက မစားရတဲ့ အမဲ သဲနဲ့ပက် ဆိုတဲ့ သဘောမျိုးနဲ့ အခုလိုဆန္ဒပြပွဲတွေကို ဖန်တီးတာလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ 

ရိုဟင်ဂျာ လူမျိုးစုတွေအနေနဲ့ ၂၀၁၂ ခုနှစ် လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်လူမျိုးတွေနဲ့ သီးခြားဖြစ်အောင် ၄င်းတို့ မူလနေထိုင်ရာ ကျေးရွာတွေ ရပ်ကွက်တွေကနေ ရွှေ့ပြောင်းနေရာချထားတဲ့ ကန့်သတ်စခန်းတွေမှာသာ နေထိုင်ကြရတာ၊ သို့မဟုတ် စစ်တွေမြို့မှာလို ရိုဟင်ဂျာ မူဆလင်တွေနေထိုင်တဲ့ ရပ်ကွက်အချို့ကို လုံခြုံရေးတွေက ကန့်သတ်ထားပြီး အစောင့်အရှောက်နဲ့ ဝင် ထွက်စေရတဲ့ ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ စစ်တွေမြို့၊ ကျောက်ဖြူမြို့ တွေမှာ ဆယ်စုနှစ်တခုကျော် အထက်ကဆိုခဲ့သလို ကန့်သတ်ရပ်ကွက်၊ ခွဲထုတ်ထားတဲ့ စခန်းတွေမှာ နေထိုင်ရပြီး လွတ်လပ်စွာ အသက်မွေးဝမ်းကျောင်း အလုပ်လုပ်ကိုင်ခွင့်နဲ့ ပညာသင်ကြားခွင့်တွေ မရရှိခဲ့ဘဲ နေထိုင် ခဲ့ကြရတာ ဖြစ်ပါတယ်။ 

ဒီလိုစခန်းတွေမှာ နေထိုင်သူတွေ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတွေကို ပင်လယ်ရေလမ်းက လူကုန်ကူးတဲ့ စက်လှေတွေနဲ့ ဖြစ်စေ၊ ကုန်းလမ်းက ဖြတ်သန်းပြီး ဖြစ်စေသွားရောက်ဖို့ ကြိုးစားကြရင်း အသက်ဆုံးရှုံးရသူတွေလည်း အများအပြား ရှိတာ သတင်းတွေထဲ တွေ့ရမှာ ဖြစ်ပါတယ်။ အဲလို မွေးရာပါ လူ့အခွင့်အရေး ဆုံးရှုံးနေရတဲ့သူတွေ စစ်ကောင်စီကအပေါ်  နိုင်ငံရေးအရ အမြတ်ထုတ်တဲ့ လုပ်ရပ်၊ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပေါ်အောင် လုပ်ဆောင်ခြင်းဟာ အလွန် ယုတ်ညံ့တဲ့လုပ်ရပ်တွေ ဖြစ်ပြီး စစ်ကောင်စီရဲ့ ကျရှုံးမှုကို ပိုမိုထင်ရှားစေတာလည်း ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်ထပ် သတင်းအကြောင်းအရာ တပုဒ်ကတော့ ကရင်ပြည်နယ်ထဲက ကေအန်ယူ အုပ်ချုပ်ရေး စစ်ရေးနယ်မြေ တပ်မဟာ ၇ ထဲမှာ စစ်ကောင်စီရဲ့ စစ်စခန်းတခုကို ကေအန်ယူနဲ့ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။ 

ဘားအံခရိုင်၊ ကော့ကရိတ်မြို့နဲ့  နဘူးကျေးရွာသွားတဲ့ လမ်းပေါ်မှာရှိတဲ့ ရင်ကွဲတောင်စခန်းကို ကေအန်ယူ ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူခဲ့တယ် လို့သတင်းတွေထဲ ဖော်ပြထားတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် တပ်မဟာ ၇ နယ်မြေမှာ စစ်ကောင်စီတပ်နဲ့ ကေအန်ယူတို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ၊ တပ်မဟာ ၇ ကိုတာဝန်ယူထားတဲ့ တပ်မဟာမှူး ဖြစ်သူရဲ့ သဘောထားကြောင့် လက်နက်ကိုင် တိုက်ခိုက်မှုတွေ ကေအန်ယူရဲ့ တပ်မဟာ ၇ နယ်မြေထဲ လက်နက်ကိုင် တိုက်ပွဲမဖြစ်ဖို့ အမိန့်ပေးထားတာ ဖြစ်ပြီး အခုရက်ပိုင်းအတွင်း တပ်မဟာ ၇ နယ်မြေထဲက မဲသဝေါ ဘက် မှာ ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားတဲ့ သတင်းနဲ့ ယခု ရင်ကွဲတောင် စစ်စခန်းကို သိမ်းယူတဲ့ သတင်းက ပထမဆုံး ဖြစ်ပွားတဲ့ တိုက်ပွဲတွေလို့ ယူဆရပါတယ်။ 

ဒီလို တိုက်ပွဲတွေ ဖြစ်ပွားလာခြင်းက နောက်ထပ် တပ်မဟာ ၇ နယ်မြေထဲ ကေအန်ယူ ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာဦးမလားလို့ မှန်းဆချက်တွေ ပေါ်ထွက်နေတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar