မတ် ၂၁ ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ် ကဗျာများ - ဟာရှိန်း၊ မိုးခါး
မတ် ၂၁ ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ် ကဗျာများ
မိုးမခ) မတ် ၂၂၊ ၂၀၂၄
ကြယ်များ
ဟာရှိန်း
ညည မြင်နေရတဲ့ ကောင်းကင်ဟာ
လင်းပွင့်ကြယ်စုံ မိုးကောင်းကင်။
မြောက်ဘက်အရပ်မှာ
အမြဲလင်းလက်နေတာ တော်လှန်ကြယ်။
မိုးသောက်ယံအချိန်မှာမြင်ရတာ
လွတ်လပ်သော လွတ်လပ်ကြယ်။
အမှောင်မလာမီ
သင်မြင်ရမှာ ဘဝကြယ်။
ရင်ကိုဖွင့်ပြီး မော့ကြည့်စမ်းပါ
တော်လှန်လုပ်သားပြည်သူတွေရဲ့ကြယ်ဟာ
ကြယ်အစုအဝေးအားလုံးရဲ့ တပ်ဦးကြယ်။
စုဖွဲ့မှုအပြည့်နဲ့ ရဲဝံ့တဲ့ ဂလက်စီ
ဒါ...ဗကသ ကြယ်။
အဲဒီကြယ်တွေရဲ့အနီးဆုံးမှာ လင်းပနေတာ
တော်လှန်ကဗျာတို့ရဲ့ ကဗျာကြယ်။
ဘဝအမောတွေချွေးသိပ်
သင့်ရဲ့အားအင်
ဟောဟိုမှာ ဂီတကြယ်။
မျက်စိတဆုံး
အာကာပြင်တဆုံး
သမိုင်းအစ သမိုင်းအဆုံး
တော်လှန်သူများသာ ကြယ်အဖြစ်ဝင်စားခဲ့ကြ။
လင်းပွင့်ကြယ်စုံ ကောင်းကင်မှာ
ကြယ်စုံလင်းပွင့်ကောင်းကင်ဟာ
အာဏာရှင်အတွက် နေရာမရှိ။
ကမ္ဘာ့ကဗျာနေ့၊ ၂၀၂၄
...
တွန့်ကြေနေတဲ့ ရှပ်အင်္ကျီ
မိုးခါး
ဘယ်သူ့ ပရောဂနဲ့ ထိရှလင်းပွင့်ရပြီလဲ
ငှက်တွေ လေဟုန်စီးသလောက်
ပန်းလေးတွေ သူ့အလုပ်သူမလုပ်နိုင်
စမ်းချောင်းလေးပုံဖော်ကြည့်တော့
ပူလောင်ခြင်းက မပြေပျောက်
နှလုံးသားပေါ်တေ့ထားတဲ့အကြောင်းရာက လွတ်လမ်းကိုပိတ်ဆို့လို့
အမုန်းတရားနဲ့ဖွဲ့တည်လာတဲ့ ကြေးနန်းတစောင်လည်း အချိ န်မှန်စွာ နှောင့်ယှက်လို့
ဘဝ
ပြန်သန်းဆဲအခွင့်လမ်းမှာ
စကားလုံးမဲ့နေတဲ့ ဘယ်နှစ်ယောက်လဲ ဘယ်နှစ်သက်လဲ
မေးခွန်းထက်မဆန့်တဲ့အလွမ်းကို
ထုတ်ထုတ်လှမ်းနေရတဲ့အချိန်တွေသာကုန်ခမ်းမသိကုန်ခမ်းလို့.....။ ၊၊
21.3.2024
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar