Breaking News

သားကြီးမောင်ဇေယျ - ကဗျာကလေး တပုဒ် အကြောင်း (ကမ္ဘာ့ကဗျာနေ့ အမှတ်တရ)

ART BY THAN HTAY MAUGN

ကဗျာကလေး တပုဒ် အကြောင်း 
(ကမ္ဘာ့ကဗျာနေ့ အမှတ်တရ)
သားကြီးမောင်ဇေယျ
(မိုးမခ) မတ် ၂၂၊ ၂၀၂၄


ဒို့တတွေမှာ တောင်ပံတွေ မရှိလေတော့ လေပေါ်ပျံတက်လို့မရဘူးပေါ့
ဒါပေမယ့် အမြင့်ကိုတက်လှမ်းဖို့တော့ ခြေထောက်တွေပါလေရဲ့
တဖြည်းဖြည်းချင်း တရွေ့ရွေ့နဲ့ ပိုမိုမြင့်မားတဲ့
တို့ခေတ်ရဲ့ ထိမ်ဖုံးတောင်ထွတ်တွေဆီသို့ ….

ကဗျာဆရာ ကိုရွေးက ၂၀၁၇ ကမ္ဘာ့ကဗျာနေ့အတွက် UNESCO ညွှန်ကြားရေးမှူးချုပ် အိုင်ရီနား ဗိုကိုးဗားထံက သဝဏ်လွှာ ကို ယုဒသန်ခန်းမမှာ ဖတ်ကြားနေတာပါ။ ဒီစာသားကလေးကတော့ ကဗျာဆရာ ဟင်နရီဝဒ်စ် ဝေါသ်လောန်းဖဲလိုးရဲ့ စာသားကလေးပါ။

ကဗျာဟာရင်သပ်ရူ့မောဖွယ် လူသားတို့ရဲ့ ဘဝကို လှမ်းမျှော်ကြည့်ရူနိုင်တဲ့ ပြူတင်းပေါက်တခုလို့ အချို့က ဆိုပါတယ်။ ကဗျာဆရာတွေဟာ အဲဒီပြူတင်းပေါက်က တဆင့် အတိတ်ကို သမင်လည်ပြန်ကြည့်တတ်သလို အနာဂတ်ကို လှမ်းမျှော်ကြည့်နိုင်သူတွေ လည်း ဖြစ်ပါတယ်။ ဒါကို သတိပြုမိတဲ့ ပညာရှင်တွေဟာ UNESCO ရဲ့ ဦးဆောင်မှုနဲ့ ၁၉၉၉ ခုနှစ် မတ်လ ၂၁ ရက်နေ့က စလို့ ခုလို ကမ္ဘာ့ကဗျာနေ့ကို ကျင်းပခဲ့တာပါ။  မြန်မာပြည်မှာ တော့ ကဗျာနေ့ကို ကျင်းပခွင့် ရခဲ့တာ ငါးနှစ်ရှိခဲ့ပါပြီ။

ကျွန်တော်တို့ ကျောင်းသားဘ၀ ၁၉၇၂ ဝန်းကျင် တုန်းက ကဗျာဝါသနာပါသူ၊ ကဗျာရေးသူ လူငယ်တွေကို အစိုးရဆန့်ကျင်ရေးသမားတွေ၊ ကွန်မြူနစ်တွေ၊ ကျောင်းသားဆိုးတွေ ဆိုတဲ့ ဆိုင်းဘုတ် အမျိုးမျိုးတတ်ပြီး ကျောင်ထုတ်၊ ထောင်ထဲတည့် ခံခဲ့ရပါတယ်။ ဒါပေမယ် ကဗျာ ချစ်တဲ့ လူငယ်တွေဟာ ဖယောင်စက္ကူပေါ်မှာ ၊ ကျောင်းနံရံတွေပေါ်မှာ သူတို့ကဗျာတွေကို ရေးဖွဲ့ခဲ့ကြပါတယ်။ ထောင်ထဲရောက်တော့လဲ ထောင်နံရံတွေပေါ်မှာ သူတို့ရဲ့ ကဗျာတွေကို သီကုန်းခဲ့ကြပါတယ်။

၁၉၇၆ ၊ အမှောင်ခေတ်ရန်ကုန်တက္ကသိုလ် မှာ ကဗျာ ကြယ်ပွင့်တွေ တလက်လက်တောက်ပခဲ့ပါတယ်။ အဲဒီ အချိန်မှာ သခင်ကိုယ်တော်မှိုင်းရာပြည့် အရေးခင်း ပေါ်ပေါက်ခဲ့ပြီး ကဗျာကြယ်ပွင့်တွေ ချွေနှင်းခံခဲ့ ရ ပါတယ်။ 
မှတ်မှတ်ရရပါပဲ ခုလို ပူပြင်းတဲ့ နွေ တနေ့ ၊ အင်းစိန်ထောင်မှာ လုံးတီးထမင်း အသိုးတွေ ကြွေးတာနဲ့ ပတ်သက်ပြီး ကျောင်းသားတွေ အစာငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။ 

ပထမ နေ့  အစာငတ်ခံ ဆန္ဒပြ ကျောင်သားတွေကို စစ်ခွေးတိုက်ကိုခေါ်သွားပြီး တိုက်ပိတ်လိုက်ပါတယ်။

ဒုတိယ နေ့။  ကျောင်သားတွေ ရေသောက်ပြီး ဆက်လက် ဆန္ဒပြနိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့  သောက်ရေအိုးတွေ ရိုက်ခွဲလိုက်ပါတယ်။

တတိယ နေ့ ။  ကျောင်းသားတွေက သူတို့ရဲ့ ကျင်ငယ်ရည်ကို ဂန်ဖလားမှာ စံနစ်တကျစုဆောင်းထားပြီး ရေငတ်တဲ့အခါ ကျင်ငယ်ရည်ကိုသောက်ရင်း ဆက်လက်ဆန္ဒပြကြပါတယ်။
စတ္ထုထနေ့ ။  ကျောင်းသားတွေကို ကိုယ်တုံးလုံးချွတ်ခိုင်းပြီး ပုံစံထိုင်ခိုင်းပါတယ်။ နောက် ဝါဒါတွေက ဒုတ်နဲ့ ဝင်ရိုက် ၊ စစ်ဖိနပ်နဲ့ ရင်၀ ကန်၊ တစ်ယောက်ပြီးတစ်ယောက် ခြေထောက်က ဆွဲကာ အခန်းထဲက ဆွဲထုတ်ခဲ့တယ်လို့ဆိုပါတယ်။

ကျွန်တော်ကတော့ ကံကောင်းပါတယ်။ ကျွန်တော့်ရင်၀ကို အားပြင်းပြင်းနဲ့ တချက်အကန်ခံလိုက်ရတာပဲ သိလိုက်ပါတယ်။ နောက်ထပ် ဘာမှမသိတော့ပါ။ အခန်ဖေါ်ကျောင်းသားတွေကပြောတော့ ကျွန်တော် သတိလစ်ပြီး အကြောဆွဲနေတာအကြာကြီးပဲတဲ့။ နောက်တော့ ငြိမ်ကျသွားတယ်။ သေသွားပြီလို့ အားလုံးက ထင်နေကြတာတဲ့။

ကျွန်တော်သတိရလို့ ထကြည့်လိုက်တော့ ကျောင်းသား ဆယ်ယောက်လောက် ရှိတဲ့ကျွန်တော်တို့ အခန်းထဲမှာ ကျွန်တော်နဲ့ နောက်နှစ်ယောက်လောက်ပဲရှိပါတော့တယ်။ သူတို့က ပြန်ထလာတဲ့ ကျွန်တော့်ကို တအံတသြကြည့်ရင်း စိုးရိမ်နေပုံရပါတယ်။ ကျွန်တော်က တော့ အညောင်းအညာတော်တော်ပြေသွားသလိုလို၊ စိတ်တွေလန်းဆန်းသွားသလိုလို ပေါ့ပါးတဲ့ခံစားမှုတမျိုးကို ခံစားရပါတယ်။ အာခေါင်းခြောက်သလိုလို ဖြစ်လာလို့ ဂန်ဖလားထဲက ကျင်ငယ်ရည်ကိုသောက်ဖို့ အခန်းထောင့်ကိုဖင်တရွတ်ဆွဲပြီးသွားပါတယ်။ ဂန်ဖလားထဲက ကျင်ငယ်ရည်ဟာ အနီရောင်သန်းနေပါပြီ။ ရေမသောက်ပဲ ကျင်ငယ်စွန့်ခဲ့ရလို့ထင်ပါရဲ့ ကျင်ငယ်ရည်မှာ သွေးရောင်သန်းနေတာဖြစ်ပါလိမ့်မယ်။ ကျင်ငယ်ရည်ကို အားပါးတရ သောက်မယ်ပြင်လိုက်တော့ ပါးစပ်က ဟ လို့မရဘူးဆိုတာ သိလိုက်ရပါတယ်။ ကျင်ငယ်ရည်က အနည်တွေတောင်ထိုင်လို့။ အပေါ်ယံအရည်ကြည်ကို လက် နဲ့ အသာတို့လိုက်၊ နှုတ်ခမ်းပေါ် အသာစွတ်လိုက် အခါခါ လုပ်မိပါတယ်။ တခါတခါ နူတ်ခမ်းကွဲ အနာနဲ့ထိလိုက်တဲ့အခါ စပ်သလိုလို ဘာလိုလို။ 

ပဉ္စမ နေ့ ။ သတိရလို့မျက်စိဖွင့်ကြည့်လိုက်တော့ အခန်းထဲမှာ ကျွန်တော်တစ်ယောက်ထဲ။ 
ညနေစောင်းတော့ တခါးလာဖွင့်။ အခန်းပြောင်းမယ်တဲ့။ သူဆွဲခေါ်ရာနောက်ကို ဒယီးဒယိုင်ပါသွားပါတယ်။ ကျွန်တော့်ကို အခန်း ၂ ကနေ အခန် ၉ ကိုရွှေ့လိုက်ဖို့ အမိန့်ရတယ်တဲ့။

အခန်း ၉ တံခါးကို ဖွင့်လိုက်တော့ သွေးညှီနံတွေ နံနေတယ်။ နံရံမှာ သွေးတွေ အဖတ်လိုက်ကပ်နေတာတွေ့ရတယ်။ အခန်းဒေါင့်မှာတော့ လူလိုလို သစ္ဆေ လိုလို သတ္တဝါ တစ်ကောင်။ ထောင်ဝါဒါ က အခန်းတံခါးပိတ်ပြီး ထွက်သွားပြီ။ အဲဒီသတ္တဝါက တဖြည်းဖြည်းလူပ်လာလာတယ်။ သူခေါင်းက ဆံပင်ရှည်မှာ သွေးတွေနဲ့ကပ်နေပါတယ်။ သူခေါင်းက လူတစ်ယောက်ခေါင်းထက် ၂ ဆလောက် ကြီးနေတယ်။ နဖူးက ဖုကြီးက မျက်စီကို ဖုံးနေတယ်။ မျက်လုံးတွေက ခေါင်းထဲကိုချိုင့်ဝင်နေတယ်။ သူက ဘယ်သူလဲ လို့မပီကလာ အသံဝါးဝါးနဲ့မေးလိုက်တဲ့အခါ ပါးစပ်က သွေးတွေ ပွက်ကနဲ ထွက်ကျလာပါတယ်။

ကျွန်တော်သူ့အနားအရဲစွန့်ပြီးကပ်သွားပါတယ်။ 
‘မင်းဘယ်သူလဲ’ လို့ ကျွန်တော်က ခတ်တိုးတိုးမေးပါတယ်။
‘ ငါ သန်းလင်းပါ’
‘အာအိုင်တီက သန်းလင်းလား’
‘အေး ‘
‘ငါ ဇေယျကြီးပါ’
သူ ကျွန်တော့်လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း ...
‘ကဗျာကလေး တပုဒ်ပါကွာ’ တဲ့ ။ 

ဒီအဖြစ်အပျက်ကလေးဟာ နှစ်ပေါင်းလေးဆယ်ကျော်ခဲ့ပါပြီ။ ခုတော့ ကမ္ဘာကြီးတခုလုံးမှာ ၊ မြန်မာပြည် တနှံတလျှားမှာ ကဗျာဆရာတွေ စုကြ ဝေးကြ။ ကဗျာတွေရွတ်ကြ။ ကဗျာ ကို အဓိပ္ပါယ်တွေဖွင့်ကြ။ ဘယ်သူတွေ ဘာပြောပြော သူငယ်ချင်းပြောတဲ့ ကဗျာကလေးကိုတော့ ကျွန်တော် အဓိပ္ပါယ် မဖွင့် ရက်နိုင်ပါ။ 
သားကြီးမောင်ဇေယျ
၂၁-၀၃-၂၀၁၇
*** စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။ 
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar