Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်အတွက် သင်္ကြန်စာ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်အတွက် သင်္ကြန်စာ

(မိုးမခ) မတ် ၂၃ ၊ ၂၀၂၄

နှစ်အမည်ကား သရီးဘရားသားနှစ်တည်း။ 

နှစ်ကို ဗျာလစောင့်၏။ 

မအလကို ခွေးစောင့်၏။ တော်လှန်ရေးကို လက်နက်စောင့်၏။ လမ်းကို မိုင်းစောင့်၏။ ဂိတ်ကို အခွန်စောင့်၏။ တပ်ကို ကုမ္ဘဏ်ဘီလူးစောင့်၏။ မြေကို နေသူစောင့်၏။ ကောင်းကင်ကို ဒရုန်းစောင့်၏။ ရေကို ကမ်းစောင့်၏။ ရပ်ရွာကို PDFစောင့်၏။ ဖေ့ဘွတ်ကို နဂါးစောင့်၏။ 

တော်လှန်ရေး၏အဓိပတိကား ကျားဖြန့်။ အခြေလေးခုတို့၏ အဓိပတိကား မအလ။ ငှက်တို့၏ အဓိပတိကား ဒရုန်း။ သစ်ပင်တို့၏ အဓိပတိကား တရုတ်။ ဝါးတို့၏ အဓိပတိကား အခွန်။ မြက်တို့၏အဓိပတိကား ခရိုနီ။ 

နက္ခတ် ၆ လုံးငုတ်၍ ၇ လုံးပေါ်၏။ တော်လှန်ရေးအဦးအလယ်အနှောင်း သုံးပါးလုံးကောင်းအံ့။ ဒရုန်းမိုး အကြိမ်ကြိမ် ရွာအံ့။ တပ်တွင်း ပုန်ကန်အံ့။ တန်ခူးလဆန်း ဒိုးသံကြားအံ့။ ကဆုန်မှာ ပြန်ဆုံအံ့။ တော်လှန်ပြည်သူကား ရန်သူဟူသမျှ အောင်မြင်အံ့။ တပ်မတော်သားများ ချစ်ခင်သူများနှင့် ကွေကွင်းအံ့။ တပ်တွင်း မီးလောင်ဖန် များအံ့။ တပ်တွင်းဖွားသော သားကား အဖမဲ့အံ့။ ဤကား အတာစက္ခုအမြင်တည်း။ 

၁၃၈၆-ခုနှစ် အတာစားသောနေ့သည် အင်္ဂါနေ့ဖြစ်သည်။

နုဂျီရာဇာအမည်ရှိသော နွေဦးဂြိုဟ်မင်းသည် ကွန်မန်ဒိုအဆင်းနှင့်တူသော ချပ်ဝတ်တန်ဆာကိုဝတ်ဆင်လျှက် ဒရုန်းကိုစီး၍ လက်တဖက်ကမောင်းပြန် လက်တဖက်က ဒေါင်းအလံကိုကိုင်လျက် အညာမှသည် အကြေသို့ဝင်၏။    

သင်္ကြန်ကျသည့်ရက်မှာ တနင်္ဂနွေနေ့ဖြစ်၏-

တနင်္ဂနွေသားသမီးတို့သည် အနောက်တောင်ထောင့်အရပ်ရှိ ထန်းပင်ရင်းတွင် ပုဆိုးကိုအခင်းပြု၍ တူမီးကို လက်၌ကိုင်ဆောင်လျှက် သင်္ကြန်အကြတ်နေ့ တနင်္လာနေ့၌ မြောက်အရပ်သို့ မျက်နှာမူပြီး ကိုးကွယ်ရာဘုရား မိဘဆရာသမား နတ်ဒေဝါများအား အရိုအသေပြုလျှက် လိုရာဆုတောင်းပြီးပါက မိမိဦးခေါင်းဆေးမင်္ဂလာအား ပြုကြကုန်ရာ၏။ 

သင်္ကြန်အခါ၌ လူတို့ရှောင်ကြည်အပ် ငရဲသနင်းယမမင်းသော်မှ မပြုအပ်သောအလုပ်မှာ သစ်ပင်ခုတ်၍ တရုတ်ပို့ခြင်း နှလုံးသွင်းမသမာ အခွန်အတုပ်များစွာကောက်ယူ တပူပေါ်နှစ်ပူဆင့်ခြင်း မအလနှင့်အပြိုင် ညစ်နိုင်မှမင်း တင်းနိုင်မှငြိမ် စည်းစိမ်ခံခြင်းအစားစား ဖင်ယားမှုအမျိုးမျိုး မပြုကျင့်ရာ သင်္ကြန်အခါ ရှောင်ရန်အမှုတည်း။ 


တနင်္ဂနွေသားသမီးများသည်- ဤနှစ်၌ စဉ်းစားတွေးခေါ်လွန်း၍ ဘောမှုထမ်းဥပဒေနှင့် ငြိစွန်းတတ်၏။ စစ်ရေးမျက်နှာများ၍ ဝင်ရမည့်အဖွဲ့ရှုပ်ထွေးမှု ကြုံရအံ့။ သရေကြိုးကောင်၏ စစ်ဥထမ်းဥပဒေထွက်လာသည့်အတွက် အလုပ်နှောင့်နှေးကြန့်ကြာမှုများ ရည်ရွယ်ချက်ပြောင်းလဲမူများ ကြုံတွေ့ရအံ့။ ဘောမမျိုဘဲ တောခိုခြင်းမှ အကျိုးအမြတ်များစွာ ရအံ့။ ကျန်းမာရေးအတွက် ကြွက်သားအားကောင်းခြင်း ဘဝနေနည်း နိဿရည်းအသီးသီး ခံစားရအံ့။

ယတြာ- တနင်္ဂနွေနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် စကစကားတွင်းသို့ ဗုံး ၂ လုံးပစ်သွင်းပြီး လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်း- (၂ ၉ ၀) 

တနင်္လာသားသမီးများသည်- ဤနှစ်တွင် မတူညီသောနယ်ပယ်မှ ထူးခြားသောပညာရပ်များလိုက်စား၍ တော်လှန်ဝန်ထမ်းဖြစ်ပါက ရာထူးနေရာအပြောင်းအရွှေ့နှင့် အိမ်ခြံမြေအသစ်များ ကြုံတွေ့ရအံ့။ ခြေထောက်နှင့်လက်မောင်းတို့ မတော်တဆ ထိခိုက်နိုင်အံ့။ လက်နက်ဆိုင်ရာနည်းပညာ အိမ်တွင်းစက်မှု မိုင်းအတတ်ဆိုင်ရာများ ကျွမ်းကျင်အံ့။ အချစ်ရေးတည်ငြိမ်မှုကာလဖြစ်ပြီး အများအချစ်ခံရ၍ ချစ်သူထားရန် ဝန်လေးနိုင်အံ့။  ကျန်းမာရေး ဒေါင်ဒေါင်မြည်အံ့။   

ယတြာ- တနင်္လာနေ့ ၉ နာရီ ၃၆ မိနစ်တွင် ပေပါမိုင်း ၃ လုံးခွဲ၍ လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်း- ( ၃ ၇ ၈) 

အင်္ဂါသားသမီးများသည်- ဤနှစ်တွင် သြဇာရှိသူ သူဌေးသူကြွယ်တို့၏ ယုံကြည်မှုကို ရရှိတတ်ပြီး တော်လှန်လုပ်ငန်းချဲ့ထွင်လာနိုင်အံ့။ နိုင်ငံရပ်ခြား၌ ကောင်းစားနိုင်အံ့။ စိတ်တည်ငြိမ်မှုအားကောင်းစေရန် အထူးကြိုးစားရမည့်ကာလဆို မမှားပေ။ မိသားစုနှင့်ခဏတာခွဲရပြီး လုပ်ငန်းကိစ္စနှင့်အများအကျိုးပြုလုပ်ငန်းများ ပါဝင်ရအံ့။ အချစ်ရေးတွင် ရတာမလို လိုတာမရ ဗျာများရခြင်း အိမ်ထောင်ရေး၌ အထူးချစ်ခင်စုံမက်ခြင်းခံရသောနှစ်ဖြစ်သည်။ ငွေကြေး၊ ခြံ၊ ကား ငှားရမ်းခြင်းကို အထူးရှောင်ကြဉ်ပါ။ တခါတည်း ရောင်းချမြှုပ်နှံပါ။ 

ယတြာ- အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ တွင် မောင်းပြန် ၄ လက် PDFတဖွဲ့ကိုထောက်ပံ့၍ လိုရာဆုတောင်းပါ။  အကျိုးပေးဂဏန်း- (၂ ၄ ၁ ) 

ဗုဒ္ဓဟူးသားသမီးများသည်- ဤနှစ်တွင် စွန့်စားလုပ်ကိုင်ရသောအလုပ်များနှင့် စနေနံပါသူများနှင့် တွဲဖက်လုပ်ကိုင်ခြင်း အကျိုးပေးအံ့။ ထောက်ပို့လုပ်ငန်းအမျိုးမျိုးလုပ်ကိုင်ခြင်းကိုအခြေပြု၍ အကျိုးဆောင်လုပ်ငန်းများ အဆင်ပြေနိုင်သည်။ အချစ်ရေးတွင် လေးနက်သောသဘောရှိကာ အိမ်ထောင်ရေးသာယာမှုရှိပြီး  ထူးချွန်ထက်မြက်သော ယောကျာ်း မိန်းမများနှင့် ဆုံတွေ့တတ်၏။ 

ယတြာ- ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီ ၁၁ မိနစ်၌ ဆန် ၁ တင်း ဆီ ‌၄၁ပုံး ဆေး ၁ ဖာ စက် ‌၁ လုံး စစ်ရှောင်စခန်း ၄ ခုတွင် လှူဒါန်း၍ လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်း( ၃ ၁ ၀) 

ရာဟုသားသမီးများသည်- ဤနှစ်တွင် အများအကျိုးပြုလုပ်ငန်းများလုပ်ကိုင်၍ မိတ်ဆွေများအလယ်၌ သတင်းကောင်းများ ကြားရအံ့။ အလုပ်ကိစ္စများ၌ မထင်မှတ်ပဲ အပြောင်းအရွှေ့ရှိသည်။ နွေဦးဆွေမျိုးတို့၏ သတင်းကောင်းအား ကြားရအံ့။ ပညာရေးနှင့်ပတ်သက်၍ စကောလားရှစ်များ ဖြေဆိုနိုင်သော အောင်မြင်သောရလာဘ်ကောင်းများ ရှိအံ့။ သားသမီးရတနာများရရှိတတ်ပြီး သားသမီးများအတွက် အမြဲထာဝရ ဂုဏ်ယူရသောအချိန်ဖြစ်လတ္တံ့။ 

ယတြာ- ဗုဒ္ဓဟူးနေ့နံနက် ၁၀နာရီ ၃၆ မိနစ်တွင် ရေ ၃ တွင်း စစ်ရှောင်စခန်းများ၌လှူ၍ လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်း- ( ၃ ၈ ၀ ) 

ကြာသာပတေးသားသမီးများသည်- ဤနှစ်တွင် ပညာရေးအထောက်အပံ့များစွာရရှိပြီး နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုဖြင့် အောင်မြင်မှုရရှိနိုင်အံ့။ တော်လှန်ရေးလုပ်ဆောင်မှုအားကောင်းလာသလို အထာက်အပို့တို့နှင့် မပြတ်ရှိနေတတ်သည်။ အခြားအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်မှု အကျိုးပေးမည်။ မထင်မှတ်ထားသောသူတို့၏ စွပ်စွဲခံရပြီး လူမျိုးခြား ဘာသာခြားတို့၏ အကူအညီဖြင့် အဆင်ပြေသွားနိုင်အံ့။ ခရီးသွားရာ၌ အခက်အခဲကြီးငယ်ကြုံတွေ့နိုင်သည်။ ကျန်းမာရေး ဆေးထိုးဆေးစား အစားအသောက်မှားယွင်းဘေး ဖြစ်နိုင်အံ့။ အိမ်ခြံမြေ အဆောက်အဦးရောင်းဝယ်မှု အကျိုးရလာဒ်နည်းအံ့။ အချစ်သစ်တွေ့မည်၊ အိမ်ထောင်ရေးသုခခံစားရမည်။  

ယတြာ- ကြာသာပတေးနံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ကျည်ဆံ ၁၉၀၀ တောင့် ကြာသပတေးနံနှင့်စသော အဖွဲ့နှစ်ဖွဲ့တွင်ကူ၍ လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်း ( ၇ ၄ ၁ ) 

သောကြာသားသမီးများသည်- ဤနှစ်တွင် ခရီးသွားရင်း ဇနီးခင်ပွန်းရှာသောနှစ် (သို့) စစ်ဥပဒ်ဘေးရှောင်ရင်း စီးပွားပျက်သောနှစ်ဟုဆိုရမည်။ အတွေ့အကြုံနှင့်မှတ်သားဖွယ်ရာများ ကျန်ခဲ့မည်။ တော်လှန်ရေးတွင် စိတ်ဝင်စားမှုအားကောင်းလာပြီး မအလပြုတ်ကျရေး အားပေးကူညီသူဖြစ်လာမည်။ စာမေးပွဲနှင့် အလုပ်အင်တာဗျူးများ မမျှော်လင့်ဘဲ ကျဆုံးရတတ်သည်။ယတြာ- သောကြာနေ့နံနက် ၁၀နာရီ ၁၁ အချိန် ယမ်း ၇ ပိဿာ ဒေသအဖွဲ့တခုတွင်လှူ၍ လိုရာဆုတောင်းပါ။  အကျိုးပေးဂဏန်းမှာ  ( ၅ ၈ ၄ ) 

စနေသားသမီးများသည်- ဤနှစ်တွင် လုပ်ငန်းအကျပ်အတည်းများ၍ အာဏာရူးအုပ်ကြီးတို့ကြောင့် ဘေးသင့်တတ်သည်။ ချဲပေါက်ခြင်း (သို့) ငွေအလုံးအရင်းနှင့် ဝင်တတ်၍ သတိကြီးစွာ စီမံမှသာ ရန်သူမျိုးငါးပါးမှ ကင်းလွတ်နိုင်မည်။ ကျန်းမာရေးတွင် အရေပြားနှင့်ဆိုင်ရာများ ခံစားရတတ်သည်။ 

ယတြာ- စနေနေ့နံနက် ၁၁နာရီ ၄၅အချိန် ဆပ်ပြာ ၉ ဖာ ဆပ်ပြာမှုန့် ၉ ထုတ် ဆပ်ပြည်ဆီ ၉ ဗူး စစ်ရှောင်စခန်းတွင်လှူ၍ လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်း-( ၃ ၈ ၀ ) 





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar