Breaking News

NUG ကာကွယ်ရေးဝန်ကြီး ကချင်ပြည်နယ်က စစ်စခန်းတချို့ KIA စစ်ဦးစီးချုပ်နဲ့ အတူစစ်ဆေး

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၂၂ မြင်ကွင်း

(မိုးမခ) မတ် ၂၃၊ ၂၀၂၄

NUG ကာကွယ်ရေးဝန်ကြီး ကချင်ပြည်နယ်က စစ်စခန်းတချို့ KIA စစ်ဦးစီးချုပ်နဲ့ အတူစစ်ဆေး

မကြာခင် သီတင်းပတ်တွေက စတင်ခဲ့တဲ့ ကချင်ပြည်နယ်ထဲက KIA ရဲ့ စစ်ဆင်ရေးတွေ အတွင်း မြစ်ကြီးနား-ဗန်းမော်ကားလမ်း တလျှောက်က စစ်ကောင်စီရဲ့ စစ်စခန်းကြီးငယ် ၄၀ နီးပါး သိမ်းယူနိုင်ခဲ့တယ် ဆိုတဲ့ သတင်းတွေ KIA ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းဌာနတွေက ဖေါ်ပြခဲ့ကြတာ တွေ့ရပါတယ်။ ဝိုင်းမော်မြို့နယ်ထဲက နေရာတချို့၊ စစ်စခန်းတွေ၊ လိုင်ဇာသွားတဲ့ လမ်းက စခန်းတွေ၊ နားဖေါ့၊ ပါဂျောင်က စစ်ကောင်စီ ဗျူဟာကုန်းတွေ၊ ဖားကန့်ကို ဝင်တဲ့လမ်းက တာမခန် ကျေးရွာ စသဖြင့် ကချင်ပြည်နယ်ထဲက စစ်ကောင်စီရဲ့ စစ်ဗျူဟာ စခန်း၊ တောင်ကုန်းတွေ အများအပြား KIA က တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဒီလို သိမ်းယူခဲ့တဲ့ စခန်းတွေအနက် တချို့ဖြစ်တဲ့ ဘွမ်ရေဘွမ် တောင်ကုန်းစစ်စခန်းကို အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က KIA စစ်ဦးစီးချုပ်နဲ့ အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း ဓါတ်ပုံနှင့်တကွ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ကချင်လွတ်လပ်ရေးတပ်မတော် ရဲ့ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်းနဲ့အတူ မကြာသေးခင် စစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ်တွေဆီကနေ သိမ်းယူရရှိတဲ့ ဘွမ်ရေဘွမ် ပွိုင့် (တောင်ကုန်း) အမှတ် ၇၇၁ ကို မတ်လ ၂၀ ရက်မှာ သွားရောက်စစ်ဆေး ခဲ့တယ်လို့ ဖေါ်ပြထားတာ တွေ့ရပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရ NUG အနေနဲ့ KIA နဲ့ ဘယ်လို သဘောတူညီမှုတွေ ရှိထားသလဲ၊ လတ်တလော KIA ရဲ့ စစ်ဆင်ရေးတွေမှာ NUG လက်အောက်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) တွေရော ပါဝင်သလား စတဲ့အချက်အလက်တွေကတော့ ရှင်းရှင်းလင်းလင်း မသိရှိရပါဘူး။ မကြာခင် လအနည်းငယ်ကလည်း ကိုးကန့် လက်နက်ကိုင် အဖွဲ့က ကျင်းပတဲ့ ကွမ်လုံမြို့နယ်ထဲက တံတားသစ် ဖွင့်လှစ်တဲ့ အခမ်းအနားကို NUG ရဲ့ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် တက်ရောက်တဲ့ သတင်းဓါတ်ပုံ ပေါ်ထွက်လာခဲ့ပါတယ်။ NUG အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး၊ KIA ရဲ့ စစ်ဆင်ရေးတွေမှာ ဘယ်လို အခန်းကဏ္ဍ၊ ဘယ်လိုပူးပေါင်းကူညီမှုတွေ ရှိသလဲဆိုတဲ့ အချက်တွေတော့ ရှင်းရှင်းလင်းလင်း မသိရှိကြရပါဘူး။ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူဖြစ်တဲ့ ဦးနေဘုန်းလတ်ကတော့ သတင်းမီဒီယာတွေကို ပြောဆိုရာမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ NUG အကြား နားလည်မှုတွေ ရှိတယ်ဆိုတဲ့ သဘောမျိုး ပြောဆိုတာတွေ့ရပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ ၄င်းတို့ လူမျိုးစုတွေ နေထိုင်ရာ၊ သမိုင်းကြောင်းအရ ၄င်းတို့ရဲ့ ဒေသလို့ ယူဆသတ်မှတ်ရာ ဒေသတွေကို ထိန်းချုပ်နိုင်ဖို့ အုပ်ချုပ်နိုင်ဖို့ စစ်ဆင်ရေးတွေ တိုက်ခိုက်သိမ်းယူမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပြီး ကိုးကန့်၊ တအန်းပလောင်၊ ကရင်နီ၊ ရခိုင်၊ ပအို့ဝ်၊ ကရင် နဲ့ ကချင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက သက်ဆိုင်ရာ ဒေသအသီးသီးမှာ တိုက်ပွဲတွေ၊ စစ်ပွဲတွေ ဖြစ်ပွားနေပြီး နယ်မြေထိန်းချုပ်နိုင်မှု တိုးမြင့်လာနေတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ 

တိုင်းရင်းသား ဒေသနယ်မြေ မဟုတ်တဲ့ စစ်ကိုင်းတိုင်းထဲက ဒေသတွေ၊ မကွေးတိုင်း မြောက်ပိုင်း၊ မန္တလေးတိုင်း နဲ့ ပဲခူးတိုင်းထဲက ဒေသအချို့ တို့လိုဒေသတွေမှာ NUG အနေနဲ့ ဘယ်လို စစ်ရေးထိန်းချုပ်မှုတွေ ချဲ့ထွင်လာနိုင်မလဲ ဆိုတဲ့အချက်က လတ်တလော တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ် နယ်မြေတွေ တိုးမြင့်လာတာနဲ့ အတူ ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။ တိုင်းဒေသကြီးတွေထဲ မြို့နယ် အရေအတွက် အများဆုံးနဲ့ အကျယ်ပြန့်ဆုံးလို့ ဆိုနိုင်တဲ့ စစ်ကိုင်းတိုင်းထဲ လက်နက်ကိုင် အဖွဲ့တွေ ရဲ့ လှုပ်ရှားမှုက ဘယ်လို စစ်ရေး၊ နိုင်ငံရေးအရ စုစည်းမှုရှိသလဲ ဆိုတဲ့အချက်လည်း မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။ စစ်ကိုင်းတိုင်းက တိုင်းရင်းသား နယ်မြေ မဟုတ်ပဲ ဗမာ လူမျိုးစုတွေ အများစုနေထိုင်ကြတဲ့ဒေသ ဖြစ်ပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း ကာကွယ်ရေး တပ်ဖွဲ့တွေ ပေါ်ထွက်လာရာမှာ ကျေးရွာအလိုက်၊ မြို့အလိုက်၊ အန်အယ်လ်ဒီပါတီဝင်တွေ အန်အယ်လ်ဒီပါတီက လွတ်တော် ကိုယ်စားလှယ်ဟောင်းတွေ၊ စည်းရုံးရေးမှူးတွေနဲ့ စုဖွဲ့ထားတဲ့ ပြည်သူအုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူလုံခြုံရေး အဖွဲ့တွေ အသီးသီးရှိပေမယ်လို့ နယ်မြေတိုင်း မှာ မစိုးမိုးနိုင်တဲ့ အနေအထား အချို့သော ဒေသအလိုက် အမည်ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေက သူ့နယ်မြေ သူ့ရွာ၊ သူ့မြို့နယ်နဲ့ တည်ရှိပြီး ဖြစ်နေကြလို့ ပကဖ တွေနဲ့ မပေါင်းစည်းနိုင်ကြတဲ့ အခက်အခဲတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းကို နိုင်ငံရေးအရ စစ်ရေးအရ စုစည်းကြဖို့ ယမန်နှစ်က စစ်ကိုင်းဖိုရမ် ဆိုတဲ့ ဆွေးနွေးမှု နဲ့ ဖွဲ့စည်းမှု တခုပေါ်ထွက်လာခဲ့ပါတယ်။ သို့ပေမယ့် စစ်ကိုင်းဖိုရမ်နဲ့ NUG ရဲ့ ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့တွေ အကြားစည်းခြားထားမှုရှိနေခဲ့တာ ဖြစ်ပြီး စစ်ကိုင်းဖိုရမ်က မျှော်လင့်ထားသလို စစ်ကိုင်းတိုင်းကို နိုင်ငံရေး စစ်ရေးအရ တစုတစည်းထည်း စုစည်းနိုင်တဲ့ အနေအထားမရောက်ခဲ့တဲ့ သဘောလို့ အကဲဖြတ်ရမှာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းမှာ မြို့/ရွာအလိုက် လက်နက်ကိုင် အဖွဲ့တွေ ရှိနှင့်ပြီးဖြစ်ပေမယ့် အချင်းချင်းအကြား အခွန်ကောက်ခံမှု၊ ဖြတ်သန်းသွားလာခွင့်၊ နယ်မြေထိန်းချုပ်မှုနဲ့ နိုင်ငံရေး ရေရှည်အမြင်တွေမှာ ကွဲလွဲမှုတွေ၊ ဆန့်ကျင်မှုတွေ ရှိနေကြဆဲဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသက ဗမာလူမျိုးစု လွတ်မြောက်နယ်မြေ အသွင်ပီပီပြင်ပြင် ပေါ်ထွက်ဖို့ မလွယ်ကူတဲ့ အနေအထားဖြစ်နေဆဲ လို့ဆိုရမှာ ဖြစ်ပါတယ်။ 

NUG အစိုးရ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဘယ်လို ဆက်ဆံရေးမျိုးရှိလဲ ဆိုတာ ဘုံသဘောတူညီမှု နိုင်ငံရေး အဖွဲ့အစည်းတခု ပလက်ဖောင်း တခု ရှိမနေသေးတဲ့ သဘောလို့လည်း ဆိုမယ်ဆို ဆိုနိုင်ပါတယ်။ NUG အနေနဲ့  KIA နယ်မြေမှာ စစ်ရေးအောင်မြင်မှုတွေကို စစ်ဆေးတာ၊ ကိုးကန့်ဒေသက စစ်ရေးအောင်မြင်ပြီးနောက် အခမ်းအနား သွားရောက်တက်တာမျိုး ထက် ပိုလွန်တဲ့ သဘောတူညီမှု ပူးပေါင်းဆောင်ရွက်မှု၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အခြေခံသည်ဖြစ်စေ ၊ ကွန်ဖက်ဒရေးရှင်း ပြည်/ ပြည်နယ် လိုမျိုးကို အခြေခံသည်ဖြစ်စေ အများကိုလည်း ယေဘုယျ အားဖြင့် အသိပေးနိုင်တဲ့ သဘောတူညီမှုတခုကို လက်ဆုပ်လက်ကိုင် ပြသနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ 

ဗမာလူမျိုးတွေ အများစုနေထိုင်ရာ စစ်ကိုင်း၊ မကွေး နဲ့ ပဲခူးတိုင်းတို့လို ဒေသအခြေခံတဲ့ စစ်ရေး နိုင်ငံရေး စုစည်းမှုတခုကို ထူထောင်နိုင်ဖို့ NUG အဖို့ အရေးကြီးတဲ့ လက်ရှိ ခေတ်ရဲ့ သမိုင်းတာဝန်တရပ်လို ဖြစ်လာနေတာ ဖြစ်ပါတယ်။ 

ဖဲသမားစကားနဲ့ ပြောရရင် NUG အနေနဲ့ ဖဲဝိုင်းမှာ အခြားအိမ်တွေရဲ့ အလျော်အစားကို အားပေးတာ ဝမ်းမြောက်ဂုဏ်ယူတာထက် အိမ်တအိမ် အနေနဲ့ ထိုင်ထားပြီး ကစားဖို့ လိုအပ်နေတာမျိုး ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar