ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နွေဦးဂီတ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နွေဦးဂီတ
(မိုးမခ) ဧပြီ ၅ ၊ ၂၀၂၄
တပေါင်း နွေအကူးမှာ အကြောင်းတွေ ထူးချေပြီတမုံ့။
ဤနွေ၌ နေပူတော်သည် အခြားအရပ်တို့ထက် ပူလေပြီ၊ ငနာပုတ် မသာချုပ်ကြီး မိန့်သလို သူ့အဒေါ် အန်တီညိုကြောင့်မဟုတ်မူဘဲ ရှာထူးဝေါ်၏ အပြုံးဒရုန်းမိုးတွေ သွန်းဖြိုးဝေမည်ဖြစ်သောကြောင့်ပေတည်း။
ကာမီကာဇေဒရုန်းများသည် ငါးမန်းသွားကို လဖြဲတည်းဟူသောအပြုံးဖြင့် မျောက်မင်းအူသံ သံပြိုင်ဆို၍ မရဏတေးကို သီကြွေးရင်း နေပြည်တော်တွင်း ဆင်းသက်လာကြလေပြီတကား။
သူသတ်သမား ပါးကွက်သားတို့ အကြောက်ရွံ့ဆုံးအလုပ်မှာ ကိုယ့်ခန္ဓာကို မရဏာနုဿတိကမ္မဌာန်း စီးဖြန်းသည့်ကိစ္စ ဖြစ်ပေချေသည်။ အထူးသဖြင့် ကိုယ်မသေခင် ကိုယ့်မိသားစုဝင်များ၏ဒက်ဘော်ဒီကို ကိုယ့်မျက်စိဖြင့် စိမ်းစိမ်းတည့်တည့်ကြည့်မူ၍ ငါလည်း အချိန်မရွေး ဤကဲ့သို့ သို့တည်းမဟုတ် ဤ့ထက်ဆိုးသော သေခြင်းဖြင့် သေနိုင်သည်ဟု မရဏလက္ခဏာတင် ဆင်ခြင်ပွါးများရမည်ကို အကြောက်ဆုံးပင်။
နှစ် ၇၀ ကျော်မျှ ပြည်သူအပေါ် ရက်စက်ဆိုးသွမ်းရမ်းကား ထောင်သွင်းနှိပ်စက် ညှဉ်းပန်းသတ် ဖြတ် မြို့ ရွာ မီးတိုက် လူမုဒိမ်းကျင့် ပစ္စည်းခိုးဆိုးလုယက် ဖျက်ဆီး စိတ်ထဲရှိသလောက်ဆိုးယုတ်မှုကို လူထုနဲ့ တိုင်းပြည်အပေါ် အိပ်သွန်ဖာမှောက် အဆုံးစွန်ပြုကျင့်မှုတို့၏ နိဂုံးကား ရောက်ချေပြီ။
ငုံ့ခံခြင်း၊ သည်းခံခြင်း၊ ဖြစ်သမျှအကြောင်း အကောင်းဟု စိတ်ဖြေခြင်း အတိတ်ကံဟု စိတ်အကြံကို ပိတ်ဆို့ခြင်း အားမတန်ဟု မာန်လျှော့ခြင်းတို့ အလျှင်းကွယ်ပျောက် ဂျင်နရေးရှင်းဇက်တို့ခေတ်ရောက်ချိန်တွင် သေနတ်ကိုင်ခွင့်သည် လူတိုင်း၌ရှိကြောင်း၊ ကိုယ့်အသက်ကိုသတ်လျှင် သူ့အသက်ကို ပြန်သတ်ရသည်မှာ မခက်ကြောင်း၊ သက်ဦးဆံပိုင် သေနတ်ကိုင်တို့ခေတ်သည် ကျန် ရစ်ပြီ ဖြစ်ကြောင်း၊ နိုင်ငံအုပ်ချုပ်စီမံခွင့်ကို လူထုက ကြည်ကြည်ဖြူဖြူ မအပ်နှင်းလျှင် အုပ်ချုပ် ၍ မရနိုင်ကြောင်း၊ ကျူးလွန်ခဲ့သမျှ ပြန်ခံရမည်၊ ခိုးယူခဲ့သမျှ ပြန်ပေးရမည်သာဖြစ်ကြောင်း နားရင်းကောင်းကောင်းတီး၍ဖြင့် သတင်းမောင်းထုချေပြီလတည်း။
ယခုအခါ ခေါင်းပစ်တပ်သည် ခေါင်းမပြူ လူလုံးမပြ ဘဝစမုံတုံး၍ သေချင်တဲ့ကောင် ထွက်ခဲ့မှသည် သေချင်တဲ့ကောင် ထွက်ကြဟု ခံယူပြီးသကာလ တပ်ပြင်သို့ ဈေးဝယ်မျှပင် မထွက်ရဲတော့သောအခြေသို့ ဆိုက်လေပြီတကား။ စစ်ကြောင်းလိုက် ထွက်ပြန်လျင်လည်း ထွက်သည်မှစ တကွေ့ကျော် တမိုင်းနင်း တခင်းဖြတ်တချက်ဆော် တခေါ်ရောက် တတောက်တောက်ပစ် မသေမချင်း တပ်ရင်းမပြန်ရကိန်း ဆိုက်ချေပြီတကား။ တပ်ပြင်မထွက် တပ်နဲ့မကွာနေပြန်ပါလည်း အမြောက်မိုးရွာ ဒရုန်းမိုးဖြာ မသာဖြစ်ကိန်း ရှောင်တိမ်းမရ မရဏစက် သူ့ပိုင်နက်တွင် သွက်သွက်လည်ကာ ပါရရှာပြီး ခန္ဓာအနိစ္စ ဖြစ်နေလေပြီတကား။ ကိုယ့်ခန္ဓာတင် ပါသည်မဟုတ် အလံဖြူမထုတ်လျင် မိသားစုပင် မနေရ သေရကိန်းဆိုက်လေပြီတကား။ တပ်ရင်းလိုက်ပြုန်း စမုံတုံး၍ နိဂုံးကမ္ပတ် တပ်မလိုက် အဆုံးသတ်ပြီး မရပ်သေးချေ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်မည်ဆိုသည့် အာမဘန္တေနှင့်အညီ စစ်တိုင်းများကိုအမြစ်ပိုင်းအလုပ် လုပ်နေရင်းမှာပင် စစ်ဌာနချုပ်ရှိရာ နေပြည် တော်သုသာန်သို့ စစ်ခေါင်းဆောင် အယုတ်တမန်များကို မြှုပ်နှံရန် ရောက်ရှိလာကြပါကြောင်း။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar