နေပြည်တော် စစ်ရုံးနဲ့ လေယာဥ်ကွင်း ဒရုန်းနဲ့ တိုက်ခိုက်
မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၄ မြင်ကွင်း
(မိုးမခ) ဧပြီ ၅၊ ၂၀၂၄
နေပြည်တော် စစ်ရုံးနဲ့ လေယာဥ်ကွင်း ဒရုန်းနဲ့ တိုက်ခိုက်
ဧပြီလ ၄ ရက်နေ့ နံနက် ၁၀ နာရီကျော် အချိန်မှာ နေပြည်တော် ဇေယျာသီရိမြို့နယ်ထဲက စစ်ရုံးတည်ရှိတဲ့ နေရာနဲ့ အေလာလေယာဥ်ကွင်း တို့ကို NUG လက်အောက် မှာရှိတဲ့ PDF အဖွဲ့တွေက ဒရုန်း အစင်းရေ ၃၀ နီးပါး နဲ့ တိုက်ခိုက်ခဲ့တယ်လို့ PDF တပ်ဖွဲ့ဘက်က အရင် သတင်းထုတ်ပြန်ခဲ့ပြီးနောက် ညနေပိုင်းမှာတော့ စစ်ကောင်စီဘက်ကလည်း ဒရုန်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်လေတပ်က ရန်သူ အမေရိကန် ရေတပ်စစ်သင်္ဘောတွေကို လေယာဥ်နဲ့ အသေခံ ထိုးစိုက်ဆင်းပြီး ဖောက်ခွဲဖျက်ဆီး ခဲ့တဲ့ လေယာဥ်တွေကို ကာမိကာဇဲ (မြန်မာ ဘာသာနဲ့ “နတ်ဘုရားရဲ့ လေ” လို့ အဓိပ္ပာယ်ရ) လို့ ခေါ်ဝေါ်ခဲ့ပြီး ယခု လူမပါတဲ့ ဖောက်ခွဲရေး လေယာဥ်ငယ်တွေ ထဲက ဗုံးချပြီး ပြန်မလာပဲ အဆုံးခံဖောက်ခွဲတဲ့ ဒရုန်းအချို့ကိုလည်း ကာမိကာဇဲ လို့ အမည်ပေးထားတဲ့ သဘောဖြစ်ပါတယ်။ အထူးသဖြင့် ယူကရိန်းစစ်ပွဲမှာ အီရန်နိုင်ငံက ထုတ်တဲ့ ကာမိကာဇဲ ဒရုန်းတွေကို ရုရှားစစ်တပ်က အသုံးပြုနေတဲ့ သတင်းတွေ ဖေါ်ပြကြတာတွေ့ရပါတယ်။
အခု ရှားထူးဝေါ် နည်းပညာ တပ်ဖွဲ့ရဲ့ အောက်က Kloud Wing တပ်ခွဲနဲ့ အခြားတပ်ခွဲ တခုတို့က ခုလို နေပြည်တော်က အရေးကြီးတဲ့ ပစ်မှတ် ၂ခုကို ဒရုန်းနဲ့ တိုက်ခိုက်ဖို့ တာဝန်ယူခဲ့ကြတာ ဖြစ်ပါတယ်။ သတင်းဓါတ်ပုံတွေမှာတော့ လက်လုပ် ဒရုန်းတွေကို တွေ့ရပြီး တိုက်ခိုက်တဲ့ PDF အဖွဲ့ဘက်ကတော့ ၂၉ စင်းလို့ ဆိုပြီး စစ်ကောင်စီဘက်ကတော့ အရေအတွက်ကို ၁၃ စီးသာ ဖေါ်ပြထားခဲ့တာ ဖြစ်ပါတယ်။ အေလာ လေယာဥ်ကွင်း လေယာဥ်ပြေးလမ်း အနီးမှာ ပစ်ချထားတဲ့ ဒရုန်း လေယာဥ်တွေနဲ့ ပေါက်ကွဲပျက်စီးထားတဲ့ဒရုန်းလေယာဥ်တွေကိုသာ စစ်ကောင်စီဘက်က သတင်းဓါတ်ပုံထုတ်ပြန်ခဲ့ပြီး စစ်ရုံးချုပ်ဘက်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို စစ်ကောင်စီဘက်က ထုတ်ဖေါ်ပြောဆိုတာ မတွေ့ရပါဘူး။
သတင်းဌာနတွေ ဖြစ်တဲ့ ဘီဘီစီနဲ့ လွတ်လပ်တဲ့အာရှအသံ မြန်မာပိုင်းအစီအစဥ်တို့ကတော့ နေလပြည်တော် အေလာလေယာဥ်ကွင်း ခေတ္တပိတ်ထားတဲ့ အခြေအနေနဲ့ လေယာဥ်ကွင်းကို လုံခြုံရေး တိုးချထားတယ်လို့ဖေါ်ပြထားပြီး အနီးအနားမှာ နေထိုင်သူတွေအနေနဲ့တော့ ထူးထူးခြားခြား ပေါက်ကွဲမှု အသံ၊ မီးလောင်ပျက်စီးမှုတွေမသိရှိရဘူးလို့ ဖေါ်ပြကြပါတယ်။ စစ်ရုံးဘက် အခြေ အနေနဲ့ပတ်သက်လို့တော့ သတင်းဌာနတွေက ထိခိုက်မှုရှိမရှိ သီးခြားသတင်းအချက်အလက် မရ ရှိကြလို့ ဖေါ်ပြထားခြင်းမရှိကြပါဘူး။ စစ်ကောင်စီဘက်ကတော့ စစ်ရုံးချုပ်ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဇေယျာသီရိ မြို့နယ်ဘက်ကို ပျံသန်းလာတဲ့ ဒရုန်းတွေကို ပစ်ချနိုင်ခဲ့တယ်လို့သာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနကတော့ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပြီး ဝန်ကြီးဖြစ်သူ ဦးရည်မွန်က ဒရုန်းတွေမှာ ပါရှိတဲ့ယမ်းရဲ့ ပေါက်ကွဲအားက ၁၀၇ မမ ထက်ပိုပြင်းတယ်လို့ ဆိုပါတယ်။
နေပြည်တော် နဲ့ ထိစပ်နေတဲ့ မြို့နယ်ဒေသအချို့ဟာ အရှေ့ဘက် ရိုးမနဲ့ ထိစပ်နေတဲ့ဒေသတွေ ဖြစ်သလို လတ်တလော လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်ရဲ့ မြောက်ဘက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း နဲ့ ကရင်နီပြည် ဒေသတွေနဲ့ ထိစပ်နေတဲ့ ဒေသတွေ ဖြစ်လို့ အခုလို နေပြည်တော်ကို ထိုးဖောက်ဝင်ရောက်ပြီး မျှော်လင့်မထားတဲ့ တိုက်ခိုက်မှုမျိုးတွေ လုပ်ဆောင်နိုင်တဲ့ အနေအထား ရှိတာဖြစ်ပါတယ်။ သို့ပေမယ့် ဗျူဟာမြောက် ထိုးစစ်လိုမျိုး၊ နေရာယူစစ်လိုမျိုးတော့ လုပ်နိုင်သေးတဲ့ အခြေအနေမဟုတ်သေးတာ တွေ့ရမှာပါ။ ပြောက်ကျား အနေနဲ့ တိုက်ခိုက်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာမျိုးနဲ့ ရန်သူ စစ်ကောင်စီကို စိတ်ဓါတ်ရေးအရ အနိုင်ယူနိုင်တဲ့ သဘောမျိုးလို့ ကောက်ချက်ချနိုင်ပါတယ်။ PDF တွေ မရောက်နိုင်ဘူး၊ အန္တရာယ်မပေးနိုင်ဘူးလို့ ယူဆထားတဲ့ နေပြည်တော် ရဲ့ အချက်အချာကျတဲ့နေရာကို ဒရုန်းနဲ့ တိုက်ခိုက်ဖို့ လုပ်ဆောင်နိုင်ခြင်းက စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုတွေကို စိတ်ဓါတ်ရေးအရ အားတက်စရာ ဖြစ်စေတာပါ။
စစ်ကောင်စီအနေနဲ့တော့ နေပြည်တော်လုံခြုံရေးကို အခုထက်ပိုပြီး တင်းကြပ်အောင် လုပ်ဆောင်ကောင်း လုပ်ဆောင်လာနိုင်ပါတယ်။ သို့သော် နည်းပညာခေတ်မှာ လူကိုယ်တိုင်ရောက်စရာမလိုပဲ နေရာ အတိအကျကို ရောက်အောင် ဖေါက်ခွဲနိုင်တဲ့ ဒရုန်းလို ပစ္စည်းတွေ ကျယ်ကျယ်ပြန့်ပြန့်သုံးလာနိုင်တဲ့ အနေအထားမှာ ဒါကို အကြားအလပ်မရှိ ကာကွယ်နိုင်တဲ့ နည်းပညာတွေ ပစ္စည်းတွေက ပိုခက်ခဲ ကုန်ကျစရိတ်များပြီး ၁၀၀ ရာနှုန်းအာမခံချက် မရှိတဲ့အနေအထားလည်း ဖြစ်ပါတယ်။
အခုလို နေပြည်တော်ကို ဒရုန်းနဲ့ တိုက်ခိုက်နိုင်ခြင်းဟာ စိတ်ဓါတ်ရေးအရ အားတက်စရာ ဖြစ်တာအမှန်ပဲ ဖြစ်ပါတယ်၊ ဒီလို စိတ်ဓာတ်ရေးအရ အားတက်စရာ အနေအထားလည်း လိုအပ်သလို ဗျူဟာမြောက် တိုက်ခိုက်နိုင်တဲ့ အင်အား၊ မဟာဗျူဟာ၊ လက်ရှိရှိနေတဲ့ အင်အားစုတွေကို စုစည်းနိုင်မှုတို့လည်း အရေးကြီးပြီး မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား ဒေသတွေမှာ နယ်မြေထိန်းချုပ်မှုတွေ ပိုရလာတာနဲ့ အတူ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီနဲ့ ရန်ကုန်တိုင်းတို့လို ဒေသတွေမှာ သိ သာထင်ရှားတဲ့ နယ်မြေစိုးမိုး ထိန်းချုပ်နိုင်ခြင်း၊ လက်နက်ကိုင်အဖွဲ့တွေအကြား နိုင်ငံရေးအရရော စစ်ရေးလှုပ်ရှားမှုအရပါ စုစည်းနိုင်ဖို့ကလည်း အရေးကြီးတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေ လိုအပ်ချက်တွေက နှစ်ကာလဘယ်လောက်အတွင်း ဖြည့်ဆည်းနိုင်မလဲဆိုတဲ့အချက်အပေါ် အဆုံး သတ်အောင်ပွဲက မူတည်နေတဲ့အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar