လေခဏီ - ကြိုးနှစ်ကွင်း
လေခဏီ - ကြိုးနှစ်ကွင်း
(မိုးမခ) ဧပြီ ၈ ၊ ၂၀၂၄
စစ်မှုထမ်းဥပဒေဟာ စစ်အုပ်စုအတွက် ကျည်ဆန်မဟုတ်၊ မီးကျည်ပါ။ ကယ်ပါ ကူပါ တစာစာလုပ်တာပါပဲ။
အခု စစ်မှုထမ်းဖို့ မိသားစုမျက်ရည်တွေကြားက အတင်းအကျပ် ခေါ်သွားခံရသူ အကုန်လုံးဟာ ဒီစစ်ရူးနဲ့ သုံးနှစ်ကြာ ပေါင်းသင်းပြီးမှ တပ်ထဲ ရောက်သွားတာဆိုတော့ ဒီစစ်ကြောင် ဟောင်ချင်ရာဟောင် ခွေးချင်းတောင် မခန့်တော့တာ လူက ဘာ လေးစရာရှိမလဲလေ။
“အိုင်တီထဲမှာ ဘဝတာ” လုပ်နေတဲ့လူငယ်တွေကို အာဏာသိမ်းပြီး အင်တာနက်ဖြတ်လိုက်က တည်းက ဒီမသာကောင်တွေ လောကကြီးထဲရှိလို့မဖြစ်ဘူးလို့ ဂျင်ဇီးတွေက ပိုင်းဖြတ်လိုက်ပြီးသား မဟုတ်လား။ အင်တာနက်က ခေတ်ရဲ့ အောက်စီဂျင်မှန်းတောင်မသိတဲ့ ဂျပေါင်ကုဟာ လူ့ လောကနဲ့ မထိုက်တန်ဘူးဆိုတာသိမှတ်လိုက်ပြီး “အာဏာရူးတဲ့ မင်းအောင်လှိုင် ဖုန်ရှူလိုက် ဖုန်ရှူလိုက်” ဆိုပြီး လက်ခလယ်ကွေးပြလိုက်ကြတော့တာ ဇီးအထာပေါ့။
စစ်အုပ်စု ပေးထားတဲ့ပညာရေးဘောင်အပြင်ထွက်ပြီး အင်တာနက်မှာ ပညာရှာနေတာကြာပြီဖြစ်တဲ့ လူငယ်တွေက ဒီတော်လှန်ရေးကို မောင်းနှင်နေတာလေ။ အရင်လို ဘယ်သူမှ နယ်စပ်သက် သက် တောမခိုဘဲ ကိုယ့်ရွာထဲတပ်ထောင် ကိုယ့်ရပ်ထဲ လက်နက်ထုတ် တရွာလုံးစစ်သား တနယ်လုံးရှိတာရိက္ခာ နိုင်ငံခြားရောက်မှန်သမျှ ထောက်ပို့ တောင်တန်း ပြည်မ အညမညဘရားသားဟုလုပ်ပြီး ဖုတ်လိုက်ကြတာ တလမ်းပြီးတလမ်း တစခန်းပြီးတစခန်း တကုန်းပြီးတကုန်း တရင်းပြီးတရင်း တဗျူဟာပြီးတဗျူဟာ တမပြီးတမ ဟော အခု စစ်တိုင်းတောင် မျက်စပစ်ရုံမက နေပူတော်စစ်ဌာနချုပ်နဲ့ ကာချုပ်အိမ်ပါ ဗုံးချနေကြလေပြီတကား။
အပေါ်က ဘယ်တော့မှ အဝဲမခံရဘူးတဲ့ စခန်းတိုင်းဟာ အမိုးမပါ ဗလာထီးတည်းမို့ ဒရုန်းဗုံးသီးနဲ့ တီးချင်တိုင်းတီးပြီးသကာလ နောက်က အမိန့်ပေး ညွှန်ကြားသူအိပ်ခန်းထဲထိ ဝင်လည်ကြ။ ခံစစ်မကြုံဖူးလောက်အောင် သာလွန်အင်အားသက်သက်နဲ့ တဖွဲ့တည်းကို ရှိသမျှ စစ်တိုင်း အကုန်သုံးပြီး အနိုင်ကျင့်တိုက်ပွဲပဲ ဆင်လာဖူးတဲ့ စစ်တပ်ဟာ ခုတော့ တိုက်စစ်ဆိုတာ ဘယ်လိုဟာ မေးယူရမယ့်အခြေ။ စိတ်ဓာတ်တွေ မြေစိုက်။ ဘာအတွက် တိုက်နေရမှန်းလည်း မသိ။ လူ့ဆက်ဆံရေးအပါ အဝင် ဖြတ်ငါးဖြတ်မိလို့ အားပြတ်ချည့်နဲ့။ အနာဂတ်မဲ့မှု။ လူ့အဖြစ် ပျောက်ဆုံး ခွေးလုံးလုံးဖြစ်။
မသတီစရာ ရွံရှာစက်ဆုပ်စရာ အော့နှလုံးနာစရာ နာကြည်းစရာ မကျေနိုင်စရာ လူမှုဘဝတွေကိုမုဒိမ်းကျင့်ဖျက်ဆီး၊ ဥစ္စာစီးပွားတွေကို မုဒိမ်းကျင့်ဖျက်ဆီး၊ အသက်တွေကို မုဒိမ်းကျင့် ဖျက်ဆီး၊ ကျန်းမာခွင့်တွေကို မုဒိမ်းကျင့်ဖျက်ဆီး၊ အသိတရားကို မုဒိမ်းကျင့်ဖျက်ဆီး၊ ဘာသာတရားကို မုဒိမ်းကျင့်ဖျက်ဆီး၊ ယုံကြည်မှုကို မုဒိမ်းကျင့်ဖျက်ဆီး၊ ပညာရပ်ကို မုဒိမ်းကျင့်ဖျက်ဆီး၊ ဟိရိဩတ္တပ္ပတရားကို မုဒိမ်းကျင့်ဖျက်ဆီး၊ အကျင့်မြတ်တွေ မုဒိမ်းကျင့် ဖျက်ဆီး၊ လူမျိုးစုလိုက် မုဒိမ်းကျင့်ဖျက်ဆီး၊ အိုးအိမ်စည်းစိမ်ကို မုဒိမ်းကျင့်ဖျက်ဆီး၊ ရပ်ရွာဝန်းကျင်ကို မုဒိမ်းကျင့်ဖျက်ဆီး၊ တောနဲ့ တောင်ကို မုဒိမ်းကျင့်ဖျက်ဆီး၊ မြေနဲ့ ရေကို မုဒိမ်းကျင့် ဖျက်ဆီး၊ ပြည်နဲ့ တိုင်းကို မုဒိမ်းကျင့်ဖျက်ဆီး၊ ဖျက်ဆီးရှိန်တက်လွန်းမကတက်ကာ ကိုယ့်နိုင်ငံကို မုဒိမ်းကျင့်ဖျက်ဆီးရုံ အားမရတော့ဘဲ သူတပါးနိုင်ငံပါ ကြာကူလီရိုက်လာ။
ကျားဖြန့်တဲ့။
မသမာမှု ခေါင်ဖျား မတရားမှုအချုပ် အယုတ်တမာလုပ်ငန်းတို့ ချက်ဗွေ စစ်ဘီလူးတို့ အရူးဇာတ်ကရာ မြန်မာပြည်။
လူ့လောကတခွင်မှာ ရှင်လျက် မရှိသင့်သူ ဖြစ်လာတဲ့ မြန်မာ့စစ်ခေါင်းဆောင်တွေ။
ခုတော့ ဒီမင်းဒီစိုး ဒီးသူခိုးနဲ့ ဒီမိုးဒီရေ ဒီလူတွေကို ပြည်တွင်းသာမက ပြည်ပကပါ အပြတ်ရှင်းမှဖြစ်တော့မယ်ဆိုတဲ့ ပိုင်းဖြတ်မှုတွေရဲ့ ဆုံမှတ်ဗဟိုတည့်တည့်မှာ။
ကျားဖြန့်ဟာ လက်နက်ကိုင် စစ်ဥစ္စာရူးတိုင်းအတွက် ကြိုးမိန့်ဖြစ်လာ။
နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်တခုလုံးအတွက် ကြိုးမိန့် ဖြစ်လာ။
ခုဆို လက်နက်ကိုင် ဥစ္စာရူး စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ကြိုးနှစ်ကွင်းနဲ့ တရစ်ချင်း မျှင်းခံနေရတာ။
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar