Breaking News

မြန်မာပြည်က လူထုတွေရဲ့ အခြေအနေ




မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၀ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၂၂


မြန်မာပြည်က လူထုတွေရဲ့ အခြေအနေ

မြန်မာပြည်တွင်းက လူထုရဲ့ နိစ္စဓူဝ စားဝတ်နေရေး နဲ့ စိတ်အခြေအနေက ကောင်းလှတာမဟုတ်ပါဘူး။ မိမိတို့ဘာသာ မိမိတို့ စိတ်ကို အဆိုးဆုံးအတွက်မျှော်လင့်ပြီး ရှင်သန်နေထိုင်ကြရတာမျိုးဖြစ်ပါတယ်။ ဒါက မြို့တွေပေါ်မှာနေထိုင်ကြတဲ့ လူထုကို ဆိုလိုတာဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်နေတဲ့ ရွာတွေ နေ့ဝင်စီးမလား ညဝင်စီးမလား တိုက်ပွဲက ဘယ်တော့ ကိုယ့်နေတဲ့နေရာမှာ တည့်တည့်ဖြစ်မလဲဆိုတာ မခန့်မှန်းနိုင်တဲ့ တိုင်းရင်းသားဒေသအချို့နဲ့ တိုင်းဒေသအချို့ရဲ့ ကျေးရွာက လူထုအဖို့တော့ အသက်အန္တရာယ်က လက်နက်ထိမှန်တာ၊ ဗုံးထိမှန်တာ၊ ဖမ်းဆီးသတ်ဖြတ်ခံရနိုင်တာ ၊ ရိက္ခာမလုံလောက်လို့ ငတ်ပြတ်မယ့်ဘေးနဲ့ ရောဂါဖြစ်ပွားရင် ဆေးကုသဖို့ မစွမ်းသာတဲ့ အဖြစ်အပျက်တွေက နေ့စဥ်ဘဝလို ဖြစ်နေတာမျိုးပါ။ 

ရိက္ခာသယ်ယူတာ ဆေးဝါး လောင်စာဆီ သယ်ယူတာတွေကို ကန့်သတ်ခံရ တားမြစ်ခံရတဲ့ဒေသတွေ မြန်မာနိုင်ငံမှာ တနေရာမကတော့ပဲ အများအပြားရှိလာနေပါပြီ။ ယခင်တုန်းက ရခိုင်ပြည်နယ်ထဲက ဖြတ်သန်းသယ်ဆောင်ရတဲ့ ချင်းပြည်နယ်ရဲ့ ပလက်ဝလို နေရာမျိုးမှာသာ ဖြစ်ပွားနေတာ ဖြစ်ပေမယ့် အခုအခါ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် ချင်းပြည်နယ်တို့မှာ ဖြစ်ပွားနေပြီဖြစ်ပါတယ်။ 

လက်နက်ကိုင် ပဋိပက္ခအကြားမှာ အရပ်သားအားလုံးကိုပါ ရိက္ခာဆေးဝါး လောင်စာဆီ သယ်ယူခွင့်ကန့်သတ်ထားတာ ဖြစ်ပါတယ်။ ဒီဒေသတွေက လူထုအဖို့ အခြားဒေသကို ရွှေ့ပြောင်းနေထိုင်ဖို့ ငွေကြေး အဆက်အသွယ် လုံလုံလောက်လောက်ရှိမှ ရွှေ့ပြောင်းနေထိုင်နိုင်ကြမယ့် အနေအထားမို့လို့ အများစုက မိမိတို့ဒေသမှာပဲ ဖြစ်ပွားနေတဲ့ ကျရောက်တဲ့အန္တရာယ်ကို ကိုယ်တိုင်တော့ မဖြစ်လောက်ဘူးလို့ ယူဆပြီး နေထိုင်နေကြရတဲ့ ဘဝတွေလို့ နားလည်ကြည့်မိပါတယ်။ 

စစ်ကိုင်းတိုင်း ကျေးရွာတွေမီးရှို့ခံရ ဝင်စီးခံရတဲ့ ဒေသက မိသားစု တစုအကြောင်း ကြားသိရသလောက်ဆို သူတို့ရွာတွေ အနီးအနားက ကျေးရွာတွေ စစ်ကောင်စီတပ်တွေ ဝင်လိုက် ဖြတ်သွားလိုက် မီးရှို့ခံရတဲ့ ရွာ ၊ အိမ်တွေပါသွားလိုက်နဲ့ နောက်ဆုံး  ဇွန်လကုန် ဇူလိုင်လဆန်းလောက်မှာတော့ မဖြစ်စေချင်ဆုံးအရာ ဖြစ်တဲ့ နေအိမ်မီးရှို့ ခံလိုက်ရပါတော့တယ်။ မီးရှို့ခံရချိန် ကျေးရွာအနီးအနားမှာ တိမ်းရှောင်နေပြီး ရက်အနည်းငယ်အကြာ ပြာပုံဖြစ်နေတဲ့ နေအိမ်တွေ ပြန်ကြည့်ပြီးနောက် မြို့တမြို့ကို ခေတ္တခဏ သွားရောက်နေထိုင်ခဲ့ကြပါတယ်။ နီးစပ်ရာ မှီခို သားသမီးထဲက တယောက်က မြို့မှာ အလုပ်လုပ်တာကြောင့် တတ်နိုင်သမျှစီစဥ်ပြီး အိမ်ငှားပေးကာ နေဖို့ စီစဥ်ပေမယ့်လည်း သူတို့ရွာကိုသာ စိတ်ကရောက်ပြီး လအကြာမှာတော့ ရွာကိုပြန်ကာ မီးလောင်ထားတဲ့ ကိုယ့်နေရာမှာ တဲထိုးနေကြတာ ဖြစ်ပါတယ်။ သူတို့ ရဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်း ၊ အလုပ်အကိုင်က ရွာမှာသာရှိတာကြောင့် မြို့ပေါ်မှာ နေဖို့ ကြိုးစားစီစဥ်ပေးသည့်တိုင် ကြာကြာမနေနိုင်ကြပဲ ဘာဖြစ်ဖြစ် ကိုယ့်ရွာကိုယ်ပြန်မယ်ဆိုတာမျိုး ဆုံးဖြတ်ကြတဲ့ ခံစားချက်ကို နားလည်မိပါတယ်။ 

သူတို့ထက်စာရင်တော့ မြို့တွေမှာနေထိုင်ကြသူတွေက အန္တရာယ် ရှိပေမယ့်လည်း နာရီမလတ် နေ့စဥ်နေ့တိုင်းလောက် အန္တရာယ်ရှိနေတဲ့ စစ်ကိုင်း၊ ကရင်နီ၊ မကွေးတိုင်းမြောက်ပိုင်းတွေလို မဟုတ်တာ အမှန်ပါ။ မြို့ပေါ်မှာ နေထိုင်ကြသူတွေအဖို့ စစ်ကောင်စီရဲ့ မှားယွင်း ပစ်ခတ်တာ ခံရနိုင်တာ၊ မတော်တဆ ပေါက်ကွဲမှုတွေ ပစ်ခတ်မှုတွေ နဲ့ ပက်ပင်းတိုးရင် ဒဏ်ရာရနိုင်တာ အသက်ဆုံးရှုံးနိုင်တာတွေ ရှိသလို လုယက် သတ်ဖြတ်မှု အန္တရာယ်လည်း ကြုံရနိုင်တာ ဖြစ်ပါတယ်။ 

ဒီလိုဖြစ်နိုင်ခြေက ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မော်လမြိုင်၊ တောင်ကြီး ၊ မြစ်ကြီးနား အစရှိတဲ့ မြို့တွေတိုင်းမှာ ရှိနေတာ ဖြစ်ပါတယ်။ မနက် အလုပ်လုပ်ဖို့ အိမ်က စထွက်ကတည်းက အန္တရာယ်နဲ့ ကြုံနိုင်တယ်ဆိုတဲ့ အသိက ခေါင်းထဲမှာ ရှိနေကြရတဲ့ သဘောပါ။ ဘယ်လမ်းဆုံမှာ ဘာဖြစ်မလဲ ဆိုတာ မသိနိုင်တာမို့ သေနတ်ထိမှန်နိုင်တဲ့ အန္တရာယ် ဗုံးထိမှန်နိုင်တဲ့ အန္တရာယ်က နေ့စဥ်ရှိတယ်လို့ ဆိုရမှာပါ။ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ အဖြစ်အပျက်တွေ ဖြစ်လို့ ဘယ်အချိန် ဘယ်နေရာမှာ ဖြစ်မယ်ဆိုတာ မခန့်မှန်းနိုင်ကြပါဘူး။ မိမိကိုယ်တိုင် ဆိုးရွားတဲ့ ကံကြမ္မာမကြုံနိုင်ဘူးလို့ စိတ်ကိုခံယူပြီး သွားလာ လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။ 

အန္တရာယ်ရှိတယ်လို့ ယူနိုင်တဲ့ မြို့တမြို့နဲ့ တမြို့ သယ်ယူပို့ဆောင်ရေးမှာ လုပ်ကိုင်နေကြသူတွေ စီးပွားရေး လုပ်ငန်းအရ မိသားစု လူမှုရေးအရ ခရီးသွားနေကြရသူတွေ အဆင်မသင့်တဲ့အခါ တိုက်ခိုက်ခံရတာ ဖမ်းဆီးခံရတာ အသက်ဆုံးရှုံးရတာတွေ ဖြစ်ပွားနေကြတာ သတင်းတွေထဲ နေ့စဥ်ကြားနေကြရတာပါ။ 

ရန်ကုန်လိုမြို့မှာလည်း နေ့စဥ် ကျောင်းတက်တာ ၊ စီးပွားရေး လုပ်ငန်း ရုံးတွေ ကုမ္ပဏီတွေ ပို့ဆောင်ရေး လုပ်ငန်း စားသောက်ဆိုင်တွေ ဝန်ဆောင်မှုတွေ လည်ပတ်လုပ်ကိုင်နေကြတာဖြစ်သော်လည်း လုယက်မှု သတ်ဖြတ်မှု ပေါက်ကွဲမှု နဲ့ အသက်ဆုံးရှုံးမှုတွေက နေ့စဥ်လိုလို ရှိနေတာ ဖြစ်ပါတယ်။ မိမိကိုယ်တိုင် ပစ်မှတ်ဖြစ်နေတာ မသိလို့သော်လည်းကောင်း မိမိက ပစ်မှတ်မဟုတ်ပေမယ့် တိုက်ဆိုင်မှုကြောင့် ထိခိုက်ဒဏ်ရာရတာမျိုးတွေလည်း နေ့စဥ် ဖြစ်ပျက်နေတာဖြစ်ပါတယ်။ 

အရင်ကာလတွေလို ဒီလို အဖြစ်အပျက်တွေ အသက်ဆုံးရှုံးမှုတွေအတွက် တာဝန်ရှိမှု ၊ တာဝန်ခံမှုတွေကိုလည်း အခုအခါ အရေးတယူလုပ်ကာ ပြောဆိုနိုင်ကြတဲ့ အခြေအနေမဟုတ်ပဲ ဘယ်သူ တာဝန်ရှိတယ် ဘယ်သူတွေ လုပ်တယ်ဆိုတာ မသိနိုင်တဲ့ အဖြစ်အပျက်ပေါင်း ရာ ထောင်ချီလာပြီဖြစ်ပါတယ်။ 

ဒီအခြေအနေ အောက်မှာ မြန်မာနိုင်ငံတွင်းက လူတွေအနေနဲ့က နေ့တနေ့တွက်ပဲ စိတ်ကို ပြင်ဆင်ပြီး သွားလာလှုပ်ရှားနေထိုင်ကြရတာမျိုး နောက်နှစ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိရှိနိုင် မခန့်မှန်းနိုင် အာမမခံနိုင်တဲ့ ခေတ်ကာလ အောက်မှာ နေထိုင်ကြရတဲ့ ဘဝတွေ ဖြစ်လို့နေပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar