Breaking News

သီအိုဇော် - ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်

သီအိုဇော် - ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်

(မိုးမခ) ဧပြီ ၆ ၊ ၂၀၂၄

ကုလသမဂ္ဂ ဆိုတဲ့ စကားလုံးက မြန်မာပြည်သူတွေအတွက် လှုပ်လှုပ်ခပ်ခပ် သိပ်မဖြစ်တော့တဲ့ အချိန်မှာ အထူးကိုယ်စားလှယ်သစ် နောက်ထပ်တယောက်ကို ခန့်အပ်လာခဲ့ပါတယ်။

ဒီကိုယ်စားလှယ်သစ်က လက်ရှိ Australian National University (ANU) ရဲ့ အဓိပတိဖြစ်သူ ဂျူလီဘစ်ရှော့ (Julie Bishop)ပဲ ဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ဝန်ကြီးချုပ် သုံးဆက်တိုင်တိုင် ဩစတြေးလျနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူအဖြစ် လူသိများကြပါတယ်။ သူမက ဩစတြေးလျနိုင်ငံရဲ့ ခေတ္တဝန်ကြီးချုပ် တာဝန်ကိုလည်း ယူခဲ့ဖူးသူ ဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀ ကျော် နိုင်ငံရေးသမားတဦးအဖြစ် ကျင်လည်ခဲ့စဉ်က ပညာရေး၊ သိပ္ပံ၊ လေ့ကျင့်သင်ကြားရေး ဝန်ကြီးဌာန၊ အမျိုးသမီးရေးရာဝန်ကြီးဌာန၊ သက်ကြီးရွယ်အိုရေးရာ ဝန်ကြီးဌာနတို့မှာလည်း ဝန်ကြီးတဦး ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးနယ်ထဲ ဝင်ရောက်မလာခင်က ရှေ့နေတဦးအဖြစ် အသက်မွေးခဲ့ပြီး ရှေ့နေရုံးတခုကို စီမံဦးဆောင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံဟာ အာဆီယံရဲ့ ပထမဦးဆုံး ဒိုင်ယာလော့ဂ် ပါတနာနိုင်ငံဖြစ်သလို ပထမဆုံး ဘက်ပေါင်းစုံ မဟာဗျူဟာ မိတ်ဖက်နိုင်ငံလည်း ဖြစ်ပါတယ်။ အာဆီယံအင်အားကြီး နိုင်ငံတခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကို  ရေပိုင်နက်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံလို့ သတ်မှတ်ဆက်ဆံပြီး နီးကပ်တဲ့ ဆက်ဆံရေး ဒီနှစ်နိုင်ငံကြားမှာ ရှိ ပါတယ်။ ဒီအတွက် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး၊ သို့မဟုတ် ဝန်ကြီးဌာန တာဝန်ရှိသူများဟာ အာဆီယံအရေးနဲ့ မစိမ်းကြတဲ့သူတွေလို့လည်း ပြောလို့ရပါတယ်။

တဖက်ကကြည့်ရင်လည်း အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်အုပ်စုနိုင်ငံများနဲ့ တသားတည်းကျလုနီးပါး နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးတဲ့ အာရှပစိဖိတ်နိုင်ငံတခုလည်း ဖြစ်ပါတယ်။      ဒီလို အရှေ့-အနောက် နှစ်ဖက်လုံးနဲ့ ဆက်ဆံရေး အတော်ကောင်းမွန်တဲ့ နိုင်ငံမျိုးက နိုင်ငံခြားရေးဝန်ကြီးဟောင်း တဦးကို အထူးကိုယ်စားလှယ်သစ်အဖြစ် ခန့်အပ်ခဲ့တာက ကုလသမဂ္ဂဘက်က မြန်မာ့အရေးကို အနောက်အုပ်စုနဲ့ အာဆီယံအဖွဲ့တို့နဲ့ အကြား နှစ်ဖက်မျှ အဖြေရှာပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ယူဆရပါတယ်။

ဂျူလီဘစ်ရှော့က မြန်မာနိုင်ငံနဲ့ စိမ်းသူတဦးတော့ မဟုတ်ပါဘူး။ သူမ နိုင်ငံရေးထဲ မဝင်ရောက်မီ ၁၉၉၅ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှတ်တရ တွဲရိုက်ခဲ့တဲ့ ဓာတ်ပုံကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က ဒီဇင်ဘာလ ၂ ရက်နေ့အထိ လာရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဩစတြေးလျခရီးစဉ်အတွင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က လက်ဆောင်ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မှာ ပထမဆုံး တွေ့ဆုံခဲ့ရမှုက သူမ နိုင်ငံရေးလောကထဲ ဝင်ရောက်ဖို့အတွက် အတုယူ အားကျစရာ ဖြစ်ခဲ့တယ်လို့ ဂျူလီဘစ်ရှော့က ပြောခဲ့ဖူးပါတယ်။ ၂၀၁၄ ခုနှစ် မတ်လ ၇ ရက်နေ့က နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ် သဝဏ်လွှာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အတုယူ အားကျစရာကောင်းတဲ့ ဒေသတွင်းက အမျိုးသမီးခေါင်းဆောင်တဦး ဖြစ်ကြောင်း ဖော်ပြထားပြီး၊ ရန်ကုန်မှာ ၁၉၉၅ ခုနှစ် တွေ့ဆုံခဲ့မှုက သူမအတွက် ဘဝကို ပြောင်းလဲသွားစေတဲ့ အတွေ့အကြုံလို့လည်း ပြောထားခဲ့ပါသေးတယ်။

၂၀၁၄ ခုနှစ် ဇူလိုင်လမှာ နေပြည်တော်ကို ၃ ရက်ကြာ လာရောက်ခဲ့ပြီး အဲဒီအချိန်က စစ်တပိုင်းအစိုးရ သမ္မတနဲ့ တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဇူလိုင် ၃ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှာတော့ လာအိုနိုင်ငံ ဗီယန်ကျင်းမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သူမတို့နှစ်ဦးလုံးက နိုင်ငံခြားရေးဝန်ကြီးများအဖြစ် ပြန်ဆုံခဲ့ကြပြန်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ဝန်းကျင်က နိုင်ငံရေးလောကထဲ ဝင်ရောက်စေဖို့ အားကျနမူနာယူခဲ့ရသူနဲ့ အခုလို နှစ်ယောက်လုံး နိုင်ငံခြားရေးဝန်ကြီးတွေ အဖြစ်နဲ့ ပြန်ဆုံဖြစ်ခဲ့ရတာက သူမအတွက် တကယ့်ကို အမှတ်တရတခု ဖြစ်စေခဲ့မယ် ထင်ပါတယ်။

ဒီလိုနောက်ကြောင်းတွေနဲ့ ပြန်ဆက်စပ် စဉ်းစားကြည့်ရရင် အထူးကိုယ်စားလှယ်သစ်အနေနဲ့ သူမ တာဝန်ယူချိန် ကာလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ရေးကို အထူးကြိုးစားလာခဲ့မယ် ဆိုရင်တော့ အံ့ဩစရာ မရှိဘူးလို့ပဲ ဆိုရပါလိမ့်မယ်။

ဒါ့အပြင် NUG ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ဆောင်ရွက်ထားနိုင်တဲ့ ဩစတြေးလျနိုင်ငံနေ အထူးကိုယ်စားလှယ်သစ်တဦး ဖြစ်တဲ့အတွက်၊ မြန်မာ့အရေး ဆွေးနွေးဖလှယ်မှုကို အရင်ထက်ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်လာနိုင်မယ်လို့လည်း အကောင်းမြင် မျှော်လင့်နိုင်ပါတယ်။

ဂျူလီဘစ်ရှော့ဟာ Australian National University (ANU)ရဲ့ အဓိပတိအဖြစ်လည်း ဆက်လက်တာဝန်ယူနေဦးမယ်လို့လည်း ကြားသိရပါတယ်။ ANU မှာ မြန်မာနိုင်ငံ သုတေသနဌာန သီးသန့်ရှိပြီး အဲဒီဌာနမှာ နယ်ပယ်စုံက ပညာရှင်များရှိတဲ့အတွက် အထူးကိုယ်စားလှယ်သစ်တာဝန်နဲ့ ပတ်သက်ပြီး ချဉ်းကပ်ဆက်ဆံမှုတွေ ပြုလုပ်နိုင်မယ့် အခွင့်အလမ်းလည်း ပိုရှိပါတယ်။ ဒါ့အပြင် နိုင်ငံတွင်းမှာပဲ ပါမောက္ခရှောင်တာနယ်လို ပုဂ္ဂိုလ်မျိုးနဲ့ အမြင်ဖလှယ်ကြတာမျိုးတွေလည်း ရှိလာနိုင်ပါတယ်။

ဒီအချက်တွေကို ထောက်ရှုရင် ဂျူလီဘစ်ရှော့ ခန့်အပ်ခံရမှုဟာ မြန်မာ့အရေးအတွက် အပေါင်းလက္ခဏာ ဆောင်တယ်လို့ ယေဘုယျ မြင်နိုင်ပါတယ်။ ဒါပေမယ့် ရာထူးလုပ်ပိုင်ခွင့် အနေနဲ့ကြည့်ရင် အကန့်အသတ်တွေ ရှိနေတယ် ဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး။

သူမဟာ ဩစတြေးလျနိုင်ငံရဲ့ အခုအချိန်မှာ အဓိကအတိုက်အခံပါတီ ဖြစ်နေတဲ့ လစ်ဘရယ်ပါတီရဲ့ ဒုတိယခေါင်းဆောင်အဖြစ် ယခင်က ၁၁ နှစ်ကြာ တာဝန်ယူခဲ့ဖူးတာကိုလည်း သတိပြုကြရပါမယ်။ မူဝါဒပိုင်း၊ နိုင်ငံရေး အယူဝါဒပိုင်းမှာ လစ်ဘရယ်ပါတီဟာ အမေရိကန်နိုင်ငံမှာဆို ရီပတ်ဘလစ်ကင်၊ ယူကေနိုင်ငံမှာဆို ကွန်ဆာဗေးတစ်ပါတီတို့နဲ့ နီးစပ်မှု ပိုရှိကြပါတယ်။ လူ့အခွင့်အရေး၊ လွတ်လပ်မှု၊ ဒီမိုကရေစီ စံတန်ဖိုးတွေမှာ ဒီမိုကရေစီနိုင်ငံက ပါတီကြီးတွေအနေနဲ့ ထင်သာမြင်သာတဲ့ ကွဲပြားမှုတွေ သိပ်မရှိကြပေမယ့် ချဉ်းကပ်ရှုမြင်ပုံ မတူညီနိုင်ကြတာကိုလည်း ထည့်သွင်းစဉ်းစားကြရပါမယ်။

နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှု များစွာရှိကြပါတယ်။ နိုင်ငံတကာစာမျက်နှာမှာ ဂျူလီဘစ်ရှော့ကို ပိုထင်ရှားစေတာကတော့ ၂၀၁၄ ခုနှစ်က မလေးရှားလေကြောင်းပိုင် MH17 ရုရှား ကျောထောက်နောက်ခံပြုတဲ့ ခွဲထွက်ရေးသမားတွေ ကြီးစိုးတဲ့ ယူကရိန်းနိုင်ငံ အပိုင်းပေါ်က ပျံသန်းစဉ် ရုရှားလုပ် Buk ဒုံးကျည်နဲ့ ပစ်ချခံရမှုအတွက် အမှန်တရား ပေါ်ပေါက်ဖို့ သူမရဲ့ အထူးကြိုးစားအားထုတ်မှုကြောင့် ဖြစ်ပါတယ်။

ထပ်ဖြည့်စွက်ချင်တာက ဂျူလီဘစ်ရှော့ နိုင်ငံရေးဝန်ကြီး ဖြစ်နေစဉ် ၂၀၁၇ ခုနှစ်က အမေရိကန်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံကို အင်အားချိန်ခွင်ညှာ ညှိနိုင်ဖို့အတွက် အာရှတိုက်မှာ လုံခြုံရေး ပိုတိုးမြှင့်သင့်ထားတယ်၊ ပီကင်းအနေနဲ့ အခုထက်ပို အောင်မြင်တိုးတက်ချင်ရင် ဒီမိုကရေစီကို ပိုဖော်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ဖူးတာများကိုပါ။

နိုင်ငံရေးသမားဘဝက ပြောကြားခဲ့တာ ဖြစ်ပေမဲ့ ဒီလိုအမြင်ရှိခဲ့သူ အထူးကိုယ်စားလှယ်သစ်အပေါ်  မြန်မာ့အရေး စဉ်းစားကြတဲ့အခါမှာ အဓိကဆွေးနွေးဖက် တဦးဖြစ်နေတဲ့ တရုတ်နိုင်ငံအနေနဲ့ ဘယ်လို သဘောထားမျိုး ရှိလေမလဲ ဆိုတာက စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ ပီကင်းက လက်ခံနိုင်တဲ့သူလား၊ ဒါမှမဟုတ် အနောက်အုပ်စုဘက် ယိမ်းသူဖြစ်လို့  အဆိုပြု ညှိနှိုင်းမှုတွေကို သံသယနဲ့ ကြည့်နေကြမလား ဆိုတဲ့ မေးခွန်းလည်း ရှိနေပါတယ်။ 

ချုပ်ပြောရရင်တော့ မြန်မာ့အရေး အဖြေရှာခက်နေတာဟာ အထူးကိုယ်စားလှယ်လို အစဉ်အဆက် ကြားဝင် ဆောင်ရွက်ခဲ့ကြသူများရဲ့ အားနည်းချက်လို့ မြင်လို့မရပါဘူး။ ပြောခဲ့သလိုပါပဲ၊ သူတို့တတွေရဲ့ လုပ်ဆောင်နိုင်စွမ်း ကလည်း အကန့်အသတ် များစွာရှိပါတယ်။ ပြည်ဝင်ခွင့်ဗီဇာ လိုဟာမျိုးကစပြီး  သူတို့အတွက် ပြဿနာဖြစ်ကြရတာ ရှေ့မှာဥပမာများစွာ ရှိခဲ့ပြီးသားပါ။

တကယ်တမ်းက မြန်မာ့နိုင်ငံရေး အကျပ်အတည်းရဲ့ လက်သည် တရားခံစစ်စစ်က မြန်မာပြည်သူများရဲ့ ဆန္ဒမှန်ကို လျစ်လျူရှုပြီး ပြဿနာကို ရိုးသားစွာ မချဉ်းကပ်ကြတဲ့၊ စစ်အာဏာစနစ် သက်ဆိုးရှည်ရေးကိုသာ ကျားကုတ်ကျားခဲ လုပ်ဆောင်နေကြသူများကြောင့်သာ ဖြစ်ပါတယ်။

ဒီလိုလူမျိုးတွေ တဖက်မှာ ဆက်ရှိနေသမျှ၊ အထူးကိုယ်စားလှယ်သစ်တဦး အနေနဲ့ ထူးခြားတိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်ပါ့မလားလို့လည်း အခုလို ကနဦးကာလမှာ စိတ်ပျက်အားလျော့သံ စွက်တဲ့ မေးခွန်းမျိုး မထုတ်လိုသေးပါဘူး။ အရင်ကိုယ်စားလှယ် နိုလင်းဟေဇာ ပြောကြားခဲ့တဲ့ မြန်မာပြည်သူများကသာ ဦးစီးတဲ့ လုပ်ငန်းစဥ်တရပ် ပေါ်ထွက်လာရေးတို့၊ မြန်မာပြည်သူများရဲ့ ဆန္ဒနဲ့ အကျိုးစီးပွားနဲ့အညီတို့  အစရှိတာတွေနဲ့ ပတ်သက်ပြီး  ဂျူလီဘစ်ရှော့အနေနဲ့ ဘယ်လိုသဘောရသလဲ ဆိုတာကိုတော့ သိချင်စိတ် ရှိနေပါတယ်။

အခုအချိန်မှာ‌တော့ ဝါရင့်ထိပ်တန်း နိုင်ငံရေးသမား၊ ဥပဒေပညာရှင်၊ နိုင်ငံတကာက အသိအမှတ်ပြုကြရသူ၊ သာမန် သံတမန်တဦး မဟုတ်ဘဲ ဩစတြေးလျ နိုင်ငံရေးလောကမှာ ထိုက်သင့်တဲ့ ပါဝါရှိတဲ့ အသံပိုင်ရှင်တဦး၊ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားအားကျပြီး နိုင်ငံရေးသမား ဖြစ်လာခဲ့သူတဦးက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်အဖြစ် ခန့်အပ်ခံခဲ့ရတာကိုတော့ အပြုသဘောနဲ့ပဲ မြင်ကြည့်လိုပါသေးတယ်။ သူမရဲ့ ဆောင်ရွက်ချက်တွေက မြန်မာပြည်သူများရဲ့  လိုလားချက်နဲ့ ကိုက်ညီသလား၊ သွေဖည်သွားသလား ဆိုတာကိုတော့ ဆက်စောင့်ကြည့်ပြီး ဆုံးဖြတ်ကြရပါလိမ့်မယ်။   



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar