Breaking News

မိမိတို့ဘာသာ မိမိတို့ ဖြေရှင်းကြရမယ့် မြန်မာ့အရေးကိစ္စ

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၁၃ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၄၊ ၂၀၂၄

မိမိတို့ဘာသာ မိမိတို့ ဖြေရှင်းကြရမယ့် မြန်မာ့အရေးကိစ္စ

မြန်မာ့နိုင်ငံရဲ့ နိုင်ငံရေးအရ အဖြေရဖို့ ခက်ခဲနေတဲ့ အနေအထား၊ တစတစ ကျယ်ပြန့်လာတဲ့ ပြည် တွင်းစစ်ရဲ့ တိုက်ပွဲတွေ၊ ထွက်ပြေးတိမ်းရှောင်ရတာတွေ၊ မြို့ရွာတွေ၊ နေအိမ်တွေ၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးရတာတွေ၊ ပြည်တွင်းစစ်ထဲ တိုက်ခိုက်ဖို့ ဆွဲသွင်းခံရမယ့် အရေးကို ရှောင်တိမ်းဖို့ရာ မိမိတို့နိုင်ငံကနေ ထွက်ခွာနေကြတဲ့ လူငယ်တွေ ဒီအဖြစ်အပျက်တွေ အားလုံးဟာ ဒီနေ့ မြန်မာနိုင်ငံရဲ့ မြင်ကွင်းတွေ၊ မိမိတို့ ပတ်ဝန်းကျင်မှာ ကြုံတွေ့နေကြရတဲ့ အရာတွေဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ဥပဒေမဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ၊ အသက်သေသည်အထိ ညှဉ်းပန်းနှိပ်စက်ကာ ဥပဒေမဲ့ သတ် ဖြတ်မှုတွေလည်း လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရော စစ်မြေပြင်တွေမှာသာမက လက်နက်ကိုင် တိုက်ပွဲ မဖြစ်ပွားသေးတဲ့ မြို့တွေမှာပါ ဖြစ်ပွားနေတာဖြစ်ပါတယ်။ ဒီလိုအခြေအနေထဲမှာ ကြီးမားတဲ့ ရာဇဝတ်မှုဖြစ်တဲ့ လုယက် သတ်ဖြတ်မှုတွေ လက်နက်ကိုင် ဓားပြတိုက်မှုတွေ၊ သတ်ဖြတ်မှုတွေလည်း နေ့စဥ်နဲ့အမျှ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

အခုလို မြန်မာနိုင်ငံအနေနဲ့ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းကဝိုင်းဝန်းတားဆီးကြဖို့၊ ဥပဒေမဲ့ ကျူးလွန်တဲ့ အဖွဲ့အစည်းတွေ၊ တာဝန်အရှိဆုံးသူတွေကို ဒဏ်ခတ်ပိတ်ဆို့ဖို့ကနေ အာဏာအင်အားသုံးပြီး တား ဆီးဖို့တွေအထိ မြန်မာလူထု အချို့က မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ အာဏာနဲ့ အင်အားနဲ့ ကြားဝင်တားဆီးတာမျိုး မဟုတ်တောင် နိုင်ငံတကာ အသိုင်းအဝိုင်းက စီးပွားရေး၊ စစ်လက်နက်ပစ္စည်းမရရှိရေး၊ စစ်လေယာဥ်တွေ မပျံသန်းနိုင်အောင် လောင်စာဆီ ဝယ်မရအောင် ပိတ်ဆို့တာတွေ လုပ်ပေးဖို့ မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။ ကုလသမဂ္ဂက ဖြစ်စေ၊ အင်အားကြီးနိုင်ငံတခုခုက ဖြစ်စေ ဝင်ရောက် အကောင်အထည်ဖော်ပေးဖို့လည်း မျှော်လင့်ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အချို့သော လူထုရဲ့ အဆိုပါ မျှော်လင့်ချက်တွေက ဖြစ်နိုင်ခြေတဖြည်းဖြည်း မှေးမှိန်လာနေတာလည်း သတိပြုမိဖို့ လိုအပ်ပါတယ်။ 

ကုလသမဂ္ဂ၊ တော်လှန်ရေး အင်အားစုတွေ အားကိုးကြတဲ့ အနောက်အုပ်စုက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးကို စစ်ရေးအရ ဝင်ရောက်တားဆီးမယ့် တနည်းအားဖြင့် ဝင်ရောက်စွက်ဖက်မယ့် နည်းလမ်းမျိုးကို ဘယ်တုန်းကမှ စဥ်းစားခြင်း မပြုခဲ့ကြဘဲ၊ စိတ်ဓာတ်ရေးအရ၊ သံ တမန်ရေးနည်းလမ်းတွေနဲ့သာ ကူညီဖို့ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ 

မြန်မာ့အရေးကို စစ်ရေးအရ မကူညီကြတာ၊ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို ငွေကြေးအားဖြင့်သော်လည်းကောင်း မကူညီကြတဲ့ အကြောင်းအရင်းတွေက ၄င်းတို့နိုင်ငံတွေရဲ့ အမျိုးသားအကျိုးစီး ပွားနဲ့တိုက်ရိုက်မသက်ဆိုင်တာ၊ အင်အားကြီးနိုင်ငံတနိုင်ငံဖြစ်လာနေတဲ့ တရုတ်နိုင်ငံရဲ့ အိမ်နီး ချင်းနိုင်ငံဖြစ်နေတဲ့ အကြောင်းတွေကြောင့် ဖြစ်နိုင်စရာ ရှိပါတယ်။ 

ဒါကြောင့် မြန်မာနိုင်ငံက စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ မိမိတို့အင်အားနဲ့ မိမိတို့ စစ်အာဏာရှင်တပ်တွေကို အနိုင်ရဖို့ တိုက်ခိုက်ကြရမှာ ဖြစ်သလို ဒေသတွင်းက အိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံအလိုက် အကျိုးစီးပွား၊ မဟာဗျူဟာတွေအပေါ်မှာလည်း မှီတည်ပြီး လုပ်ဆောင်ကြရတာ ဖြစ်ပါတယ်။ 

ဒီလိုအနေအထားတွေဖြစ်ပွားနေချိန်မှာ မြန်မာနိုင်ငံရဲ့အရေးကိစ္စထက် ပိုပြီးအရေးပါတဲ့ လက်နက် ကိုင် ပဋိပက္ခတွေ၊ ဒေသန္တရစစ်ပွဲလို့ တပိုင်းတစဆိုနိုင်တဲ့ စစ်ပွဲတွေ တခုပြီးတခု ဖြစ်ပွားလာပြီး မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေး ကြိုးပမ်းမှုကို အကူအညီပေးရေးတွေက ဒုတိယ ဦးစား ပေး၊ တတိယဦးစားပေးကိစ္စတွေအဖြစ်နဲ့ အခြေအနေတွေပြောင်းလဲလာခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းပြီးနောက် တနှစ် ကြာချိန်မှာ ဥရောပတိုက်ရဲ့လုံခြုံရေးအတွက် အရေးကြီးတယ်လို့ယူဆကြတဲ့ ယူကရိန်း-ရုရှား စစ်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။ 

မြန်မာ့အရေးမှာ ဒီမိုကရေစီအင်အားစုတွေဘက်က ထောက်ခံအားပေးနေတဲ့အနောက်ဥရောပ နိုင်ငံအတော်များများ ယူကရိန်းစစ်ပွဲနဲ့ အလုပ်များကုန်ကြတာ ဖြစ်ပါတယ်။ ယူကရိန်း-ရုရှားစစ်ပွဲဟာ ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်တို့ အားပြိုင်တယ်ဆိုတာထက် အဓိပ္ပာယ်ပိုကျယ်ပြန့်ပြီး အနောက်ဥရောပကို ခြိမ်းခြောက်မယ့် ကျူးကျော်မှုတရပ်အဖြစ် ရှုမြင်ကြပြီး ယူကရိန်းစစ်ပွဲအတွက် ကန်ဒေါ်လာ ဘီလျံဆယ်ဂဏန်းကနေ ရာဂဏန်းချီ ထောက်ပံ့ကြတာ ဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲလိုမျိုးမှာလည်း ကုလသမဂ္ဂရဲ့ ကြားဝင်ဖြန်ဖြေမှု၊ ဖြေရှင်းမှုတွေကို ဘယ်ဘက်ကမှ အရေးမထားခဲ့ကြသလို၊ ယူကရိန်းစစ်ပွဲအပြီး တနှစ်ကျော်အကြာမှာဖြစ်ပွားလာတဲ့ အရှေ့အလယ်ပိုင်းက ပါလစ္စတိုင်း-အစ္စရေးလ် ပဋိပက္ခမှာလည်း ကုလသမဂ္ဂက နိုင်ငံရေးအရ၊ သံတမန်ရေးအရ ကြားဝင်ဖြေရှင်းဖို့ အခွင့်အလမ်းမရှိခဲ့ပါဘူး။ 

အခုနောက်ဆုံး အရှေ့အလယ်ပိုင်း ပဋိပက္ခထဲ အီရန်နိုင်ငံက တိုက်ရိုက်နီးပါး ပါဝင်လာတော့မလားဆိုတဲ့ လက္ခဏာတွေပါ ပေါ်ထွက်လာနေပြီး ကမ္ဘာမှာ တနေရာမက ပြည်တွင်းစစ်ကို ကျော်လွန်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားလာနေပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့ တိုက်ရိုက်ထောက်ပံ့ပေးတာ၊ လက်နက်ငွေကြေးပေါ်ပေါ်ထင်ထင် ကူညီပေးတာတွေဖြစ်လာနေတဲ့အနေအထားရောက် လာနေပါတယ်။ 

အရှေ့အလယ်ပိုင်းပဋိပက္ခ၊ ဥရောပက ယူကရိန်းစစ်ပွဲ၊ ဒါတွေအပြင် အရှေ့အာရှမှာ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံအကြား၊ အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား၊ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံအကြား သံတမန်ရေး အငြင်းအခုံ၊ နယ်မြေပိုင်ဆိုင်မှုကိစ္စ၊ တရုတ်တနိုင်ငံတည်း မူဝါဒ၊ လွတ်လပ်တဲ့ ထိုင်ဝမ်နိုင်ငံ စသဖြင့် အဆိုပါကိစ္စတွေထဲက တခုခုက မီးစအဖြစ်နဲ့ လက်နက်ကိုင် ပဋိပက္ခစတင်ခဲ့ရင် ကမ္ဘာ့နိုင်ငံအသီးသီးအကြား ပူးပေါင်းဆောင်ရွက်မှုတွေ၊ လက်နက်ကိုင် စစ်မီးတွေကို တားဆီးဖို့ထက် အုပ်စုဖွဲ့ဖို့ ဘက်ကိုသာ ဦးတည်စေမယ့် သဘောလည်း ဖြစ်ပါတယ်။ 

အထက်က နိုင်ငံတကာ ပြဿနာတွေ ပဋိပက္ခတွေနဲ့ နှိုင်းယှဥ်ရင် မြန်မာနိုင်ငံက ပြည်တွင်းစစ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ ရှိနေသည့်တိုင် ဒေသတွင်းကိုကူးစက်မယ့် လက်နက်ကိုင်ပဋိပက္ခမဟုတ်ဘဲ၊ ဒုက္ခသည်တွေ လျှံထွက်လာမယ့် အနေ အထားသာ ဖြစ်တယ်လို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက အကဲဖြတ်ကောင်း ဖြတ်ထားကြပါလိမ့်မယ်။ ကမ္ဘာ့အချက်အချာနေရာတွေမှာ ဒီမိုကရေစီအရေးဆိုတာထက် အကျိုး စီးပွားနဲ့ ယှဥ်တဲ့ ပဋိပက္ခတွေ၊ စစ်ပွဲတွေ ဖြစ်ပွားလာချိန်မှာ မြန်မာ့အရေးအပေါ် အာရုံစိုက်မှုတွေ လျော့ကျလာမယ့် အလားအလာလည်း ရှိနေတာ ဖြစ်ပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့ရဲ့ နှစ်မျိုးနှစ်စားထားရှိစံနှုန်းတွေကြောင့်လည်း ဝေဖန်စရာ ထောက်ပြစရာတွေဖြစ်လာနေပြီး နိုင်ငံအချင်းအချင်းအကြား စိတ်ဝမ်းကွဲစရာတွေ ထိုးနှက်တိုက်ခိုက်စရာတွေလည်း ပိုမိုများပြားလာတဲ့ အနေအထားဖြစ်လာနေပါတယ်။ 

အိုင်စီဂျေလို နိုင်ငံတကာတရားရုံးမှာ အစ္စရေးလ်နိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွဲဆိုဖို့ လျှောက် ထားတဲ့ကိစ္စပေါ်ထွက်ပြီး မကြာခင်လအနည်းငယ်အတွင်း အစ္စရေးလ်နိုင်ငံကို လက်နက်အများအပြား ရောင်းချထားတဲ့ဂျာမဏီနိုင်ငံကိုလည်း နီကွာရာဂွါနိုင်ငံက ဂါဇာကမ်းမြောင်မှာ ဖြစ်ပွားတဲ့ သောင်းဂဏန်းနဲ့ ချီတဲ့အရပ်သားတွေ သေဆုံးမှုအတွက် လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်ရှိတဲ့ နိုင်ငံအဖြစ် တရားစွဲဆိုဖို့ လျှောက်ထားခဲ့ပြန်ပါတယ်။ 

ဒီအဖြစ်အပျက်တွေကို ကြည့်ရင် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ စိတ်ဝမ်းကွဲပြားမှုတွေ ပိုမိုနက်ရှိုင်းလာပြီး အုပ်စုဖွဲ့မှုတွေ စစ်ပွဲတွေ မြင့်တက်လာမယ့် အနေအထား ဖြစ်ပါတယ်။ 

မြန်မာ့အရေးနဲ့ပတ်သက်လို့ မိမိတို့နိုင်ငံထဲက အင်အားစုတွေအနေနဲ့ ဖြစ်မလာနိုင်တဲ့မျှော်လင့်ချက်တွေထက် လက်တွေ့ကျတဲ့အဖြေ၊ ဖြစ်နိုင်ခြေရှိတဲ့ဆုံးဖြတ်ချက်တွေကို ပိုမိုအားပြုရမှာ ဖြစ်သလို၊ လူထုရဲ့ သဘောထား ဆန္ဒတွေကိုလည်း အလေးထားဖို့ အရေးကြီးတာ ဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar