Breaking News

ကောင်းဇေလူ - မြန်မာနှစ်သစ်မှာ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်ရောင်ခြည်သစ် ထွန်းလင်းပါစေ

မြန်မာနှစ်သစ်မှာ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်ရောင်ခြည်သစ် ထွန်းလင်းပါစေ

ကောင်းဇေလူ 

(မိုးမခ) ဧပြီ ၁၄ ၊ ၂၀၂၄

လက်ရှိ မြန်မာ့အရေးဟာ အရေးပေါ်အခြေအနေဖြစ်နေတယ်လို့ ယူဆနေကြတယ်။ မြန်မာနိုင်ငံအနှံ့ တိုင်းရင်းသားပြည်နယ်အသီးသီးနဲ့ စစ်ကိုင်း၊ မန်းတလေး၊ မကွေး၊ ပဲခူး အစရှိတဲ့ ဒေသတွေမှာ စစ်ရေးအရှိန်တွေ မကြုံစဖူး မြင့်တက်နေတာ တွေ့ရတယ်။ နွေဦးတော်လှန်ရေးဘက်က စစ်ပွဲတိုင်း အနိုင်ရရှိနေပြီး အကြမ်းဖက် စစ်ကောင်စီ မရှုမလှ စစ်ရေးနိမ့်နေတာ ထင်ရှားလာတယ်။

တိုင်းရင်းသားတပ်တော်တွေ အပါအ၀င် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အောင်မြင်မှုပန်းတိုင်ကို လှမ်းမျှော်မြင်နေရပြီလို့ ဆိုနိုင်တယ်။ ဒီအခြေအနေမှာ ဒိမိုကရေစီ မလိုလားတဲ့ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေ ဂနာမငြိမ် ဖြစ်နေတာ တွေ့ရတယ်။ အထူးသဖြင့် တရုတ်နိုင်ငံက ရှမ်းမြောက်မှာ စစ်ရှိန်သေသွားအောင် ကြား၀င် ဖိအားပေးခဲ့တာဟာ သိသာလွန်းတယ်။ ဒီ့အပြင် ရခိုင် စစ်မျက်နှာဘက်မှာလည်း အလားတူ ကြား၀င် စစ်‌ပြေငြိမ်းရေး ကြိုးပမ်းနေတယ်။ ဒါပေမဲ့ အာရက္ခတပ်တော် AA က အမြော်အမြင်ရှိရှိ ပယ်ချခဲ့ပုံရတယ်။ အကြမ်းဖက် စစ်တပ် သက်ဆိုးရှည်နေသမျှ မြန်မာ့အနာဂတ် ငြိမ်းချမ်းဖွယ်မရှိဘူးလို့  AA ခေါင်းဆောင်ပိုင်းက တွက်ဆထားပုံရပါတယ်။ အလားတူ  CNF၊  KIO/KIA၊  KNU၊  KNPP  တို့အပါအ၀င် EAOs အဖွဲ့အားလုံးကလည်း အလားတူ သဘော ထားရှိကြတယ်ထင်ပါတယ်။ 

NUG ယာယီ   သမ္မတကြီး အကြံပြုထားသလို သံပူခိုက်မှာ ထိထိရောက်ရောက် ၀ိုင်း၀န်းထုနှက်ကြဖို့လိုပါတယ်။ တရုတ်နဲ့ အာဆီယံနိုင်ငံတွေ ဖြားယောင်းနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေပွဲ အတုအပေါ်  စိတ်မယိုင်ကြဖို့လိုပါတယ်။ ရေရှည်အမြင်နဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်က လှန်နိုင်ရေး တညီတညွတ်တည်း ဦးစားပေးအားထုတ်ကြဖို့လိုတယ်။

ယခု ၂၀၂၄ ဧပြီလဆန်းကစလို့ မြန်မာ့နိုင်ငံရေးမျက်နှာစာမှာ အလှုပ်အခတ်တွေ များလာတာတွေ့လာရတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေ အပါဝင် မြန်မာ့ထိပ်တန်း ခေါင်းဆောင်ဟောင်းတချို့ကို သွားရောက်တွေ့ဆုံခဲ့တဲ့ သတင်းပေါ်ထွက်လာတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ဧပြီ ၅ ရက် We Chat စာမျက်နှာမှာ အဆို ပါသတင်းကို ထုတ်ပြန်ခဲ့တာဖြစ်တယ်။ မြန်မာနှစ်ကူး သင်္ကြန်အကြိုအဖြစ် အခုလို တွေ့ဆုံခဲ့တာဖြစ်ပြီး၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အရင် စစ်အစိုးရလက်ထက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့အတူ လက်တွဲအလုပ်လုပ်ခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကိုတွေ့ဆုံခဲ့တယ်လို့ ဆိုထားတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လာရင် တရုတ်ဟာ အမြဲခြေသွက်လက်သွက် ၀င်ရောက်စွက်ဖက်တဲ့ အစဉ်အလာရှိတာကို သတိပြုကြရမယ်ထင်တယ်။ အခုလည်း ကချင်၊ ကရင်၊ ကရင်နီ၊ ရခိုင်နဲ့ ချင်းပြည်နယ်အသီးသီးရဲ့ ရှေ့တန်းစစ်မျက်နှာတွေမှာ  မင်းအောင်လှိုင်တပ်တွေ အလဲလဲအကွဲကွဲ စစ်ရေးရှုံနိမ့်နေချိန်မှာ တရုတ်ရဲ့ နေပြည်တော်ခရီးတွေ ခပ်စိပ်စိပ်ဖြစ်လာတာဟာ သတိထားစရာဖြစ်တယ်။

ဧပြီလ ၄ ရက်နေ့ကကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတံခါးဖွင့်အစည်းအဝေးမှာ ရခိုင်ပြည် နယ်ပဋိပက္ခနဲ့ပတ်သက်ပြီး တည်ငြိမ်အေးချမ်းအောင် အပြုသဘောပါ၀င်ဆောင်ရွက်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ် ဒုတိယအမြဲတမ်းကိုယ်စားလှယ် Geng Shuang က ပြောခဲ့ကြောင်း ဗွီအိုအေ သတင်းအရ သိရတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းရဲ့ ဧပြီလ ၁ ရက်နေ့ နေပြည်တော်ခရီးစဉ်အတွင်းမှာလည်း စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်လုံခြုံရေးကိစ္စ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးနဲ့ နယ်စပ်ကုန် သွယ်ရေးကိစ္စတွေဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့တယ်။ နိုင်ငံရေးအကဲ ခတ်တွေကတော့ ဒီထက်မကတဲ့အကြောင်းချင်းရာတွေ ရှိနိုင်တယ်လို့ ယူဆကြတယ်။

ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စဂျူလီဘိရှော့ပ် (Julie Bishop) ကို ခန့်အပ်လိုက်ကြောင်း ဧပြီလ ၅ ရက်နေ့မှာ ကြေညာခဲ့တယ်။ အခုလိုတာဝန်ပေးခံရတဲ့အတွက် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း သူ့အနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကပေးအပ်လိုက်တဲ့လုပ်ပိုင်ခွင့်တာဝန်တွေနဲ့ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလကချမှတ်ထားတဲ့ ကုလလုံခြုံ ရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်တွေအောင်မြင်အောင် ကူညီသွားမယ်လို့ လူမှုကွန်ရက်စာမျက်နှာကနေပြောဆိုခဲ့တာ တွေ့ရတယ်။ 

အဲဒီဆုံးဖြတ်ချက်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ အာဆီယံနဲ့ရထားတဲ့ သဘောတူညီချက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့မဲဆန္ဒကို လေးစားလိုက်နာဖို့၊ လူ့အခွင့်အရေးနဲ့ တာဝန်ခံမှုစံနှုန်းတွေကိုလိုက်နာဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို အကန့်အသတ်မရှိ ခွင့်ပြုပေးဖို့နဲ့ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ (RFA) လက်ရှိအခင်းအကျင်းအရ  Julie Bishop ရဲ့ စိတ်မျှော်မှန်းချက် အ‌ကောင်အထည်ပေါ်ဖို့ ဖြစ်နိုင်‌ခြေ မမြင်ပါ။ 

မြန်မာဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ် ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ ဧပြီလ ၁၀ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့တယ်။ မြန်မာပြည်တွင်းပဋိပက္ခရပ်တန့်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုဖော်ဆောင်ရေးနဲ့ နယ် စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုတယ်။ ဧပြီလ ၁၁ ရက်နေ့မှာတော့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ထပ်မံတွေ့ဆုံခဲ့ပြီး အွန်လိုင်း ငွေလိမ်ဂိုဏ်းနှိမ်နင်းရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ တရုတ်သံရုံးက ဆိုတယ်။ နိုင်ငံရေးအကဲ ခတ်တွေကတော့ အမေရိကန်ရဲ့ ဒေါ်လာ ၁၂၁ သန်း ထောက်ပံ့မယ့်အစီအစဉ် အတည်ပြုပြီးနောက် တရုတ်က စစ်ကောင်စီဘက်ကို ဘယ်လိုအထောက်အကူပေးသင့်သလဲလို့ လာရောက်တီးခေါက်ပုံရတယ်လို့ ဆိုတယ်။  

မကြာသေးမီ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက်၊ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) က မိုက်ကယ်ရှစ်ဖာတို့ဟာ NUG အစိုးရအဖွဲ့ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ NUG ခေါင်းဆောင်ပိုင်းတချို့နဲ့တွေ့ဆုံခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တယ်။ တွေ့တဲ့နေရာကိုတော့ ဖော်ပြမထားဘူး။ မြန်မာပြည်မှာ အားလုံးပါဝင်ပြီး ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်ရေးအတွက် NUG က ကိုယ်စားပြုဆောင်ရွက်နေတာကို ကြိုဆိုတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက်က ပြောကြောင်း သိရတယ်။ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို အမေရိကန်က ထောက်ပံ့ကူညီနေတဲ့အကြောင်းလည်း သူက အထူးပြုပြောဆိုတယ်။ အဲဒီအကူအညီတွေထဲမှာ လူသန်းပေါင်းများစွာဆီ လူသားချင်းစာနာမှုအကူအညီတွေရောက်ဖို့၊ ဒေသန္တရအုပ်ချုပ်ရေးစွမ်းရည် မြှင့်တင်ဖို့တွေလည်း ပါဝင်ကြောင်းသိရတယ်။ အနာဂတ်မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ပေါ်လာပြီး တိုင်းရင်းသားတွေရော ရိုဟင်ဂျာတွေပါ အားလုံးပါဝင်ပူးပေါင်းဆောင်ရွက်နိုင်အောင် NUG ကကြိုးစားနေတာတွေကိုလည်း ဒဲရစ်ချောလက်က ချီးကျူးခဲ့တာ တွေ့ရတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ အမြန်ဆုံး အဆုံးသတ်အောင် ဖိအားပေးဖို့၊ မတရားဖမ်းဆီးခံထားရသူတွေ ပြန်လွတ်ဖို့၊ ပဋိပက္ခတွေ အဆုံးသတ်ပြီး ဒီမိုကရေစီစနစ်တည်ဆောက်ရေးမှာ သက်ဆိုင်သူ အားလုံး ပါဝင်ဆွေးနွေးဖို့ကိစ္စတွေ ထပ်လောင်းပြောဆိုဆွေးနွေးခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားတယ်။ 

အမေရိကန်အစိုးရက မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁ သန်း ထောက်ပံ့ဖို့ အတည်ပြုပြီး မကြာခင် မတ်လ ၂၈ ရက်နေ့ကလည်း မစ္စတာချောလက်ဟာ K3C လို့အမည်ပေးထားတဲ့ ကချင်လွတ် မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကို တွေ့ဆုံခဲ့တယ်လို့ သတင်းတွေအရ သိရတယ်။

လတ်တလောအခြေအနေမှာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို ကရင်လွတ်မြောက်ရေးတပ် မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်လိုက်ကြောင်း ဧပြီ (၁၁)ရက်နေ့ သတင်းတွေအရ သိရတယ်။ တချိန်တည်းမှာပဲ ထိုင်း-မြန်မာနယ်စပ်အနီးမှာ ပိုဆိုးလာတဲ့ လက်ရှိမြန်မာအခြေ အနေနဲ့ပတ်သက်ပြီး အာဆီယံ ပူးတွဲကြေညာချက်ထုတ်ပြန်ဖို့ လိုအပ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-nukara က ပြောဆိုကြောင်း ကြားရတယ်။ ဘန်ကောက်မှာ ဧပြီလ ၁၁ ရက်နေ့က ကျင်းပတဲ့ ၅ ကြိမ်မြောက် ထိုင်းနဲ့ ဗီယက်နမ် နှစ်နိုင်ငံ ပူးတွဲကော်မရှင်အခမ်းအနားမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree နဲ့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son တို့ တွေ့ ဆုံချိန် အထက်ပါအတိုင်းတောင်းဆိုခဲ့တာလို့ ထိုင်းနေရှင်းသတင်းစာမှာ ဖော်ပြခဲ့တယ်။ မြန်မာအရေးအတွက် ငြိမ်းချမ်းပြီး အားလုံးလက်ခံတဲ့နည်းလမ်းတွေနဲ့ အာဆီယံဘုံသဘောတူညီအတိုင်း ဖြေရှင်းနိုင်ဖို့ အတွက် သဘောတူကြောင်း နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေက ပြောပါတယ်။

တချိန်တည်းမှာ နယ်စပ် မြန်မာဘက်ခြမ်း မြဝတီမှာတော့ ရက်ဆက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီရဲ့ လက်ကျန်မြို့စောင့်တပ်ဖြစ်တဲ့ ခြေလျင်တပ်ရင်း ခ-လ-ရ ၂၇၅ တပ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဧပြီ(၁၁) ရက်နေ့ကသိမ်းပိုက်ခဲ့ကြောင်း သိရတယ်။ စစ်ကောင်စီဘက်ကလည်း မြဝတီက အဲဒီတပ်စခန်းအနီးကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ ခ-လ-ရ ၂၇၅ က စစ်ကောင်စီ တပ်သား ၂၀၀ လောက်ဟာ ထိုင်း-မြန်မာ နယ်စပ် တံတားအမှတ်(၂) ဘက်ကို ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်။

မဲဆောက်မြို့ကို ရောက်ရှိလာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဖြစ်နေတာကို ထိုင်းနိုင်ငံဘက်က မလိုလားကြောင်းနဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ ထိုင်းအစိုးရက စစ်ကောင်စီကိုတိုက်တွန်းသလို ဆွေးနွေးပွဲဖြစ်ဖို့လိုအပ်ရင် ထိုင်းနိုင်ငံက ကြားဝင်ပေးမှာဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ဧပြီ ၁၂ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားတယ်လို့ ဆိုတယ်။(ဗွီအိုအေသတင်း)

ထိုင်း မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ အရေးကြီးတဲ့မြဝတီမြို့မတည်မငြိမ်ဖြစ်နေတဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့ စိုးရိမ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးက ပြောတယ်။ ကုန်တွေသယ်ယူပို့ ဆောင်နိုင်ဖို့ တခြားလမ်းတွေကို ပြောင်းလဲအသုံးပြုဖို့အတွက်လည်း မဲဆောက်မြို့က ကုန်သည်တွေနဲ့ ဧပြီ ၁၂ ရက်နေ့တွေ့ဆုံစဉ် သူဆွေးနွေးပြောဆိုခဲ့တာကို ဝန်ကြီးက သတင်းစာရှင်းပွဲမှာ ပြောကြားသွားတယ်။ 

မြန်မာနိုင်ငံဘက်က ထိုင်းဘက်ထွက်ပြေးလာသူတွေရှိနေချိန်မှာ ဒေသခံထိုင်းတွေရဲ့ လိုအပ်ချက်တွေ၊ မြန်မာဘက်ကပြေးလာသူတွေလိုအပ်နိုင်တာတွေကိုလည်း ထိုင်းတာဝန်ရှိသူတွေဘက်က ပံ့ပိုးပေးနိုင်အောင်ပြင်ဆင်ထားတယ်လို့ လည်း ပြောတယ်။ မြန်မာဘက်ကနေ ထိုင်းလည်း မဟုတ် မြန်မာလည်းမဟုတ်ဘဲ တခြားလူမျိုးတွေ ပါလာနိုင်တာကြောင့် ရာဇဝတ်မှုကင်း၊ မကင်း စိစစ်နိုင်ဖို့လည်း နယ်စပ်လုံခြုံရေးတွေ ဆောင်ရွက်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က မဲဆောက်မြို့မှာ သတင်းထောက်တွေကို ပြောကြားသွားခဲ့တယ်လို့ သိရတယ်။

တကယ်တော့ ထိုင်းနိုင်ငံအပါအ၀င် အာဆီယံအဖွဲ့၀င်နိုင်ငံတွေဟာ မြန်မာ့အရေးအတွက် မြန်မာပြည်သူတွေဘက်က ဘယ်တုန်းကမှ ရပ်တည်ထောက်ခံမှု မပြုခဲ့ပါ။ တရုတ်နဲ့ အာဆီယံအဖွဲ့တို့ရဲ့ မြန့်အရေးအပေါ် တည်ပုံတွေဟာ မတိမ်းမယိမ်းပါပဲ။ မြန်မာလူထုဘက်က မရပ်ဘဲ စစ်အာဏာရှင်ဘက်ကပဲ အစဉ်တစိုက် ရပ်တည်ခဲ့ကြတာဟာ အလွန် စိတ်ပျက်ဖွယ်ဖြစ်တယ်။ ဒါကြောင့် မြန်မာ့အရေးဟာ အဓိကအားဖြင့် ကိုယ့်အားကိုယ် အားကိုးကြရမှာပါပဲ။ ဒါကြောင့် နွေဦးတော်လှန်ရေးအင်အားစုများနဲ့တကွ တိုင်းရင်းသား EAOs အဖွဲ့အားလုံး သွေးစည်းညီညွတ်မှုရှိရှိ ဖက်ဆစ်စစ်အာ ဏာရှင်စနစ်ကို အခွင့်သာခိုက်မှာ အပြီးသတ်ချေမှုန်းပစ်ကြဖို့ အရင်ဆုံးဆောင်ရွက်သင့်ပါတယ်။

မကြာသေးမီက မြန်မာနှစ်သစ်ကြိုဆိုတဲ့ မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက်သစ်တွေ ဆောင်ကြဉ်းပေးဖို့ အမေရိကန်ပြည်ထောင်စုက သင်္ကြန်ဆုတောင်းပေးပို့ခဲ့တာ သတိပြုမိတယ်။ အမေရိကန်ပြည်သူတွေကိုယ်စား မြန်မာပြည်သူတွေအတွက် အကောင်းဆုံးဆုတောင်းတွေနဲ့အတူ မြန်မာပြည်သူတွေနဲ့ တသားတည်း ရပ်တည်နေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က‌ ထုတ်ပြန်ခဲ့သလို၊ မြန်မာနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ Susan Stevenson က Video ဆုတောင်းပေးပို့ပါတယ်။ ပဋိပက္ခတွေ အဆုံးသတ်စေဖို့နဲ့၊ အားလုံး ပါဝင်တဲ့ ဒီမိုကရေစီအနာဂတ်ဖြစ်စေဖို့ ကြိုးစားနေသူအားလုံးကို အမေရိကန်ပြည်ထောင်စုက ဆက်ပြီးထောက်ခံနေတယ်လို့လည်း ဝန်ကြီးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဖော်ပြလို့မရနိုင်လောက်တဲ့အခက် အခဲတွေ ကြုံကြရပေမဲ့ မြန်မာပြည်သူတွေရဲ့ သူမတူတဲ့ရဲစွမ်းသတ္တိနဲ့ ခံနိုင်ရည်စွမ်းကိုလည်း အမေရိကန်အစိုးရက အသိအမှတ်ပြုထားပါတယ်။

လက်ရှိပြဿနာတွေဖြစ်နေပေမဲ့ နှစ်သစ်မှာ မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက်သစ်တွေ ဆောင်ကြဉ်းလာအောင် သင်္ကြန်ဆုတောင်းပေးပို့ပါကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ ကြေညာချက်မှာဖော်ပြထားတာ သတိပြုမိတယ်။ အမေရိကန်ကတော့ မြန်မာ နိုင်ငံကို တရုတ်သြဇာရိပ်က လွတ်စေလိုတဲ့သဘောရှိနေပုံပါပဲ။ 

လက်ရှိစစ်ကောင်စီ သက်ဆိုးရှည်နေသရွေ့ မြန်မာဟာ တရုတ်သြဇာထီးရိပ်အောက်က နယ်ရုပ်ဖြစ်နေဉီးမှာ ဖြစ်တယ်။ တရုတ်ရဲ့ စီးပွားရေးချုပ်ကိုင်ခံရမှု၊ နိုင်ငံရေးအရသြဇာလွှမ်းမိုး ခံရမှု တွေအပြင် လူမျိုးရေးအရ ၀ါးမြိုခံရမယ့်အရေးကလည်း ရင်လေးဖွယ် နီးကပ်လာနေတာမြင်သာပါတယ်။ စစ်ဗိုလ်ချုပ်တွေအကျင့်ပျက် ခြစားမှုကြောင့် မြန်မာတိုင်းရင်းသားတွေက နိုင်ငံသားမှတ်ပုံ တင်မရရှိကြဘဲ ရာဇ၀တ်ဂိုဏ်၀င် တရုတ်တွေက မြန်မာမှတ်ပုံတင်ကိုင်ထားကြပြီး မြန်မာ့စီးပွား ရေးမှာ ခြယ်လှယ်နေကြတာ ရင်လေးစရာကောင်းလှပါတယ်။ ဒါကြောင့် အနာဂတ်မျိုးဆက်သစ်တွေ တရုတ်နိုင်ငံရဲ့ လူမျိုးရေး၀ါးမျိုမှု မခံရရေးဟာ အလွန်အရေးကြီးတဲ့ အကြောင်းအရာ ဖြစ်နေပါပြီ။ 

ဒီလိုအခြေအနေဆိုးအောက် ကျရောက်ခဲ့ရတာကလည်း အကျင့်ပျက်ခြစားတဲ့ စစ်အာဏာရှင်စနစ်အောင်မှာ ဆယ်စုနှစ်များစွာ မြန်မာနိုင်ငံကျရောက်ခဲ့လို့ဖြစ်ကြောင်း လုံး၀မမေ့သင့်ဘူးလို့ထင်ပါတယ်။

နိဂုံးချုပ်ရရင် လက်ရှိနွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ကို ရပ်တန့်သွားအောင် တရုတ်နဲ့ အာဆီယံနိုင်ငံတချို့ကလုပ်နေကြတာကို အထူးသတိထားဖို့လိုတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်း ရင်း နှီးမြှုပ်နှံမှုအများဆုံးဖြစ်တဲ့ တရုတ်ဟာ ကုလသမဂ္ဂမှာ ဗီတိုအာဏာရရှိထားပြီး သူ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့ စစ်ကောင်စီကို ထောက်ခံမှုပေးနေတဲ့အချက်ကို မမေ့ဖို့လိုတယ်။ တရုတ်ဟာ ကုလသမဂ္ဂမှာ တလျှောက်လုံး ဗီတိုအာဏာကိုအလွဲသုံးစားလုပ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ စစ်ကျွန်ဘ၀ကမလွတ်မြောက်ခဲ့တာကို သတိပြုသင့်တယ်။ 

ဒါကြောင့် စစ်အာဏာရှင်စနစ်ကို အရင်ဆုံးအပြတ်ရှင်းနိုင်မှသာ တိုင်းရင်းသားပြည်သူလူထုအား လုံးရဲ့ အနာဂတ်ဘ၀တွေ သာယာချမ်းမြေ့ဖွယ် ရှိပါတယ်။ ဒါကြောင့် တရုတ်ရဲ့ဖိအားပေးမှုဟူသမျှကို နွေဦးတော်လှန်ရေးအင်အားစုများနဲ့တကွ တိုင်းရင်းသား EAOs အဖွဲ့အားလုံး သွေးစည်း ညီ ညွတ်မှု ခိုင်ခိုင်မာမာဖြင့် ပြိုင်တူရုန်းကန် တွန်းလှန်ကြချိန်ရောက်ပြီလို့ နှလုံးသွင်းသင့်ပြီ ဖြစ်ပါတယ်။ မြန်မာနှစ်သစ်မှာ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်ရောင်ခြည်သစ် ထွန်းလင်းပါစေ။

ကောင်းဇေလူ

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar