Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၇၇ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၇၇ )

(မိုးမခ) ဧပြီ ၁၄၊ ၂၀၂၄

12/4/24

Diary in the darkness 

ညက မိုးရွာ။ အပူသက်သာ။ အချို့နေရာတွေမှာ လေကြီးမိုးကြီး ကျတယ်လို့ လူမှုကွန်ရက်ပေါ်မှာတွေ့ရ။

တရေးနိုးတိုင်း အင်တာနက်ဖွင့်ပြီး မြဝတီ စစ်ရေးသတင်း ခဏ ခဏ ကြည့်မိ။ 

မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအောက်မှာ ရောက်နေ။ ထိုင်းဘက်မှာ လက်နက်ချဖို့ BGF နယ်ခြားစောင့်တပ် စောချစ်သူက ထိုင်းအစိုးရနဲ့ မြန်မာစစ်တပ်ကြား ညှိနှိုင်းမှုတွေ လုပ်ပေးနေတယ်လို့ သိရ။ လူအများစုကတော့ စစ်ကောင်စီတပ်တွေ လက်နက်ချဖို့ လုပ်‌နေတယ် ဆိုတဲ့ သတင်းကို သံသယ ရှိနေတယ်။ သင်္ကန်းညီနောင်စခန်းက လက်နက်ချဗျူဟာမှူးရဲ့ အင်တာဗျူးနဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအောက်မှာ ခံတုတ်ကျင်းတူးပြီး လက်နက် ကိုင်ကာ အသင့်အနေအထား နေရာယူထားတဲ့ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ရဲ့ လုပ်နည်းလုပ်ဟန်တွေကြောင့် ဖြစ်တယ်လို့ သိရတယ်။ နောက်တကြောင်းက BGF စောချစ်သူအပါအဝင် ၊ ကရင်ခေါင်းဆောင်အချို့အရယ် ၊ ထိုင်းစစ်ခေါင်းဆောင်တွေရယ်နဲ့ စစ်ကောင်စီဝင်တွေရဲ့ အကျိုး စီးပွားတွေဟာ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေတယ်ဆိုတဲ့ အမြင်ရှိလို့ ခုလို သံသယ ရှိဟန်တူပါတယ်။

ဒုကာချုပ်စိုးဝင်းနဲ့ ထိပ်တန်းအရာရှိတချို့ မော်လမြိုင်မှာ အစည်းဝေးလုပ်နေတုန်း ဒရုံန်းနဲ့ နှစ်ကြိမ်တိုင်တိုက်ခိုက်ခံရတဲ့သတင်း လူတွေစိတ်ဝင်စားမှုများပြား။ ဒုကာချုပ် စိုဝင်းဒရုန်းထိမှန်လို့ အပြင်း အထန် ဒဏ်ရာရ။ အိန္ဒိယက ဆရာဝန်နဲ့ ကုသနေတယ်။ ရန်ကုန်က ကန်သာယာဆေးရုံတင်ထားတယ်လို့ သတင်းတွေထွက်နေ။

မင်းအောင်လှိုင်ကို အားမရလို့ ဖြုတ်ချဖို့ ကြိုးစားတဲ့ စစ်အရာရှိဟောင်းတွေ အဖမ်းခံလိုက်ရတယ်လို့ သတင်းတွေ ထွက်နေ။ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဟောင်း အရေးယူခံထားရတဲ့ သတင်းတွေ ပြန့်နေပါတယ်။ 

နေပူပူမှာ သတင်းတွေကလည်း ဆူပွက်နေပါတယ်။ 

မြန်မာနှစ်ကူးကို သတင်းပူ သတင်းဆူတွေနဲ့ ပက်ဖျန်းဖို့ သိကြားမင်းက ဒရုန်းစီး ဆင်းလာမယ် ထင်ပါတယ်။

အန်ကယ် တူမီး

12/4/24

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar