Breaking News

ကျော်မင်းထွန်း(NEW YORK) - ၂၀၂၄ သင်္ကြန်

"We Can Do It!"2022, Artist Than Htay Maung

၂၀၂၄ သင်္ကြန်
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) ဧပြီ ၅၊ ၂၀၂၄

သိကြားမင်းဆင်းတာ၊ မဆင်းတာ အရေးမကြီးဘူး
စိတ်ဓာတ်တွေ မကျဆင်းဖို့ပဲ အရေးကြီးတယ်။

ပိတောက်က ရနံ့တောင် မသင်းသေးဘူး
ယမ်းနံ့၊ မီးခိုးနံ့က တပြည်လုံးသင်းနေပြီ။

သင်္ကြန်မိုး ရွာမရွာ မသေချာဘူး
ဗုံးမိုးကတော့ အခါခါရွာပြီးပြီ။

သင်္ကြန်တွင်း ဥပုသ်သီလ မဆောက်တည်နိုင်ဘူး
ဆောက်ထားတဲ့ဘုန်းကြီးကျောင်းက ပြာပုံထဲမှာ။

ကလေးတွေခမျာ ရေသေနတ်နဲ့ ရေမကစားနိုင်ဘူး
လူကြီးတွေက ကျည်သေနတ်နဲ့ အသေသတ်နေတယ်။

အတာသင်္ကြန်လို့ပဲပြောပြော မဟာသင်္ကြန်လို့ပဲခေါ်ခေါ်
ရေကစားတဲ့ပွဲတော်မှာ ရေပက်ခံရဖို့ထက်
သွေးနဲ့ပက်တာ မခံရဖို့က အဓိကပဲ။

မြနန္ဒာသီချင်းနဲ့ မန်းတောင်ရိပ် ခိုမခိုတော့ မသိဘူး
(၃၅)နှစ်အောက်တွေတော့ ပီဒီအက်ဖ်အရိပ် ခိုကုန်ပြီ။    ။

April 1st, 2024
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar