တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုနဲ့ မြန်မာ့ဒီမိုကရေစီအရေး
မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၃ မြင်ကွင်း
(မိုးမခ) ဧပြီ ၄၊ ၂၀၂၄
တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုနဲ့ မြန်မာ့ဒီမိုကရေစီအရေး
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စတွေမှာ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက သြဇာလွှမ်းမိုးတယ်၊ စွက်ဖက်တယ်ဆိုတဲ့ ကိစ္စရပ်တွေက လတ်တလော မြောက်ပိုင်းညီနောင် လက် နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီအကြား အပစ်ရပ်ဆွေးနွေးပွဲ လုပ်ဖို့ ဖိအားပေးတာ၊ ကျားဖြန့် ကိစ္စရပ်တွေ ဖမ်းဆီးအရေးယူဖို့ တရုတ်နိုင်ငံက ဖိအားပေးတာတွေမှာ တွေ့နေရတာကြောင့် တရုတ်နိုင်ငံအပေါ် မနှစ်မြို့တဲ့ အမြင်တွေ၊ မကျေနပ်တဲ့အမြင်တွေ ရှိနေကြတာ ဖြစ်ပါတယ်။ ယခုရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေ အရဆို တရုတ်နိုင်ငံက သတင်းပေးမှုကြောင့် ကျားဖြန့်ကိစ္စတွေမှာ လာဘ်ယူပြီး အကာအကွယ်ပေးခဲ့တယ်လို့ ယူဆရတဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေး ဒုဝန်ကြီးတာဝန်ယူထားတဲ့ ဗိုလ်ချုပ်တဦးကိုတောင် စစ်ကောင်စီက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေရတဲ့ အနေအထားဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း လောက်ကိုင်မှာ ဖမ်းဆီးပြီး တရုတ်နိုင်ငံဘက် လွှဲပြောင်းပေးခဲ့တဲ့ ကိုးကန့်နယ်က ယခင်အုပ်ချုပ်ရေး၊ စစ်ရေးတာဝန်ယူခဲ့သူတွေ၊ လုပ်ငန်းရှင်ကြီးတွေရဲ့ ထွက်ဆိုမှု ဖော် ထုတ်မှုတွေအရ စစ်ကောင်စီရဲ့ အတွင်းစည်းထဲက ကာကွယ်ရေး ဒုဝန်ကြီးအဆင့်ထိ စစ်ကောင်စီအနေနဲ့ စုံစမ်းစစ်ဆေးရတဲ့အနေအထား ရောက်လာတာကိုကြည့်ရင် တရုတ်နိုင်ငံဟာ မြန်မာစစ်ကောင်စီကို အနိုင်ဖဲကိုင်ထားတဲ့သဘော၊ စစ်ကောင်စီအဖို့ ကဲဘိနက်အဖွဲ့ဝင်လည်းဖြစ်၊ စစ်တပ်က ဗိုလ်ချုပ်လည်းဖြစ်သူတွေအထိ တရုတ်နိုင်ငံရဲ့ ဖိအားနဲ့ အရေးယူရမယ့်အနေအထားရောက်ရှိနေတဲ့ သဘောလည်း ဖြစ်ပါတယ်။
အချို့က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတာကို တရုတ်နိုင်ငံက အားပေးခဲ့တာလို့ စွပ်စွဲကြပေမယ့် တရုတ်နိုင်ငံနဲ့ မြန်မာစစ်တပ်ဟာ ၂၀၂၁ နဲ့ ၂၀၂၀ ခုနှစ်တွေအကြား နှီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့တာမတွေ့ရပါဘူး။ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်မှာအခြေစိုက်တဲ့ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ တွေအပေါ် သြဇာရှိတဲ့အချက်ကြောင့် မြန်မာစစ်တပ်ဟာ တရုတ်နဲ့ ဆက်ဆံရေးမှာ အကွာအဝေးတခုထား ဆက်ဆံခဲ့တဲ့သဘောရှိပါတယ်။ ဒီမြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေ လက်နက်ဘယ်ကရသလဲဆိုတဲ့အချက်အပေါ်မှာ မြန်မာစစ်တပ်က တရုတ်နိုင်ငံအပေါ် ဘဝင်မကျတဲ့သဘောမျိုးတွေ့ခဲ့ရပါတယ်။ အချို့သော သတင်းစာရှင်းလင်းပွဲတွေမှာ ဒီအချက်ကို နာမည်မတပ်ပေမယ့် တရုတ်နိုင်ငံဆိုတာကို ထင်ရှားအောင်သွယ်ဝိုက်ပြောဆိုချက်တွေရှိခဲ့တာပါ။ ဒီလို တရုတ်နိုင်ငံကို မှီခိုတာမဖြစ်ရအောင် ကမ္ဘာ့အင်အားကြီးနိုင်ငံတနိုင်ငံ ဖြစ်တဲ့ ရုရှားကို မြန်မာစစ်တပ်က ပိုပြီးရင်းနှီးမှုရဖို့ ကြိုးစားခဲ့သလို ရုရှားရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ စစ်ရေး ကျွမ်းကျင်မှုနဲ့ နည်းပညာအကူအညီတွေ၊ စစ်လက်နက်ပစ္စည်း၊ စစ်လေယာဥ် စတာတွေ ဝယ်ယူ၊ ဆက်ဆံခဲ့ပြီး တရုတ်နိုင်ငံဆီက စစ်ရေးနဲ့ ပတ်သက်လို့ ဆက်ဆံမှု နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး မပျက်ဆက်ဆံနေခဲ့ပေမယ့် စစ်ကောင်စီရဲ့ မဟာဗျူဟာမြောက် မဟာမိတ်နိုင်ငံတွေထဲ ရုရှားကို ပိုမိုအားကိုးလာတာ တွေ့ရမှာ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်တပ်အနေနဲ့ နိုင်ငံတကာ သံတမန်ရေး အကူအညီမှာလည်း တရုတ်ထက် ရုရှားကို ပိုပြီးအားထားခဲ့တာ ထင်ရှားစွာတွေ့ရမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံကိုတော့ ကင်းကင်းနေလို့မရတဲ့ အင်အားကြီး နိုင်ငံဖြစ်တယ်ဆိုတာကို စစ်ကောင်စီ အနေနဲ့ သိထားပေမယ့်လည်း ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားပြီးနောက် ကြီးထွားလာတဲ့ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ “ကျားဖြန့်” လုပ်ငန်းတွေလိုမျိုးအတွက် တရုတ်နိုင်ငံက ဒီလောက်ထိ နိုင်ငံရေး စစ်ရေးဖြစ်ရပ်တွေမှာ နောက်ကွယ်က ဖိအားပေး စွက်ဖက်လိမ့်မယ်လို့ မျှော်လင့်ထားပုံ မရပါဘူး။
၁၀၂၇ စစ်ဆင်ရေး စတင်ပြီး လအနည်းငယ်အတွင်း နယ်မြေအများအပြားနဲ့ စစ်စခန်းတွေ အထိုင်တပ်ရင်း၊ စကခ၊ ဒကစ ဌာနချုပ်တွေအထိ လျင်မြန်စွာဆုံးရှုံးရတဲ့ အဖြစ်အပျက်တွေ ကြုံရတဲ့အခါမှသာ စစ်ကောင်စီ အနေနဲ့ တရုတ်နိုင်ငံရဲ့ အင်အား၊ အရေးပါမှုကို လက်တွေ့ကြုံရတဲ့အခြေ အနေကနေ သဘောပေါက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ရေးအရ နယ်မြေ တခုပြီးတခု စခန်းတခုပြီးတခု မြို့တမြို့ပြီးတမြို့ လက်လွှတ်ဆုံးရှုံးနေတဲ့ အခြေအနေကို ရပ်တန့်နိုင်စွမ်းရှိတာ တရုတ်နိုင်ငံပဲ ရှိတဲ့ အချက်ကို စစ်ကောင်စီက ခါးသီးတဲ့ အမှန်တရားအဖြစ် လက်ခံခဲ့ရပြီး တရုတ်နိုင်ငံရဲ့ အကူအညီ အပေးအယူလုပ်ဖို့ ဆုံးဖြတ်ခဲ့ပုံပေါ်ပါတယ်။ ဒါကြောင့် အခုနောက်ဆုံး ဖြစ်ရပ်တွေဖြစ်တဲ့ ကာ ကွယ်ရေး ဒုဝန်ကြီးလို အစိုးရအဖွဲ့ဝင် တယောက်ကို စုံစမ်းမေးမြန်းတဲ့ အနေအထားထိ တရုတ်နိုင်ငံရဲ့ ဆန္ဒ၊ သဘောထားကို အလေးထားနေရတဲ့ သဘောဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ တပ်မတော်ရဲ့ အဓိကတာဝန်တွေထဲမှာ အချုပ်အချာ အာဏာထိန်းသိမ်းရေး ဆိုတဲ့ အချက်တွေ ဘယ်လိုပဲ ပြောနေပေမယ့် မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာ၊ လွတ်လပ်မှု စတဲ့အချက်တွေက အတိုင်းအတာ အကန့်အသတ်ရှိနေတယ်ဆိုတဲ့ အချက်ကို လက်မခံချင်လို့ မရတဲ့အနေအထားဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မိမိတို့နိုင်ငံထဲက လက်နက်ကိုင်ပဋိပက္ခ၊ နိုင်ငံ ရေး၊ စီးပွားရေး ပြဿနာတွေကို မိမိတို့ဘာသာ ဖြေရှင်းနိုင်တဲ့ အနေအထား၊ စည်းလုံးညီညွတ်မှုရှိပြီး ပြင်ပက စွက်ဖက်မှုတွေကို ဖိတ်ခေါ်တာမျိုး မရှိတဲ့အခြေအနေမျိုးမှာ အချုပ်အချာအာဏာက ထိပါးမခံရပေမယ့် အဲဒီအထဲက အချက်တချက် အားနည်းနေ၊ ကျိုးပေါက်နေတာနဲ့အမျှ အိမ်နီး ချင်းအင်အားကြီး နိုင်ငံရဲ့ စွက်ဖက်မှု၊ သြဇာလွှမ်းမိုးမှု၊ ပါဝင်ပတ်သက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေထဲမှာ တရုတ်နိုင်ငံက လွှမ်းမိုးခဲ့တာ၊ ပါဝင်ပတ်သက်ခဲ့တာ သမိုင်းနဲ့ချီတဲ့ ကိစ္စတခုလို့ဆိုနိုင်ပါတယ်။ ပဒေသရာဇ်ခေတ် ပုဂံခေတ်တွေကို ဖယ်ထားပြီး ခေတ်သစ် သမိုင်းမှာပင်လျင် ကွန်မြူနစ်ပါတီ (ဗမာပြည်)က ဖဆပလ အစိုးရနဲ့ ၁၉၆၂ ခုနှစ်မှာအာဏာသိမ်းပြီး တက်လာတဲ့ တော်လှန်ရေးကောင်စီ နောက်ပိုင်း မဆလ အစိုးရခေတ်တွေမှာ ကွန်မြူနစ်ပါတီကို ပေါ်ပေါ်ထင်ထင် ထောက်ခံအားပေးခဲ့တာ ဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီ အချင်းချင်း ဆက်ဆံရေး ဆိုတဲ့ ခေါင်းစဥ်အောက်မှာ ကွန်မြူနစ်ပါတီ(ဗမာပြည်) အနေနဲ့ စိတ်ဓါတ်ရေးအရ၊ နိုင်ငံရေးအရ၊ စစ်လက်နက် အထောက်အပံ့ နဲ့ စစ်ရေးကျွမ်းကျင်သူ အကူအညီအထိ ကူညီပေးခဲ့တာ မဝေးတဲ့ သမိုင်းအဖြစ်အပျက်တွေ ဖြစ်ပါတယ်။ အဲဒီသမိုင်းတွေ အဖြစ်အပျက်တွေကို ဆက်ခံတဲ့ မြန်မာစစ်တပ်က ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်တပ် ပြိုကွဲပြီးနောက် ၁၉၈၉ ခုနှစ် နောက်ပိုင်း ကမ္ဘာမှာ သံတမန်ရေးအရ အထိးကျန်ဖြစ်မှု၊ ကုလသမဂ္ဂလိုမျိုး စင်မြင့်မှာ မြန်မာစစ်အစိုးရကိုအကာအကွယ်ပေးဖို့အတွက် စီးပွားရေးအခွင့်အလမ်း၊ ရင်းနှီး မြှုပ်နှံမှု သယံဇာတထုတ်ယူမှု စီမံကိန်းတွေကို ခွင့်ပြုပြီး ဆက်ဆံခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစု၊ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ နားလည်မှုနဲ့ မူဝါဒမှာ သာမန်အရပ်သား တဦးလို့ ကြိုက်ခြင်း မကြိုက်ခြင်း၊ ချစ်ခြင်း၊ မချစ်ခြင်းထက် နိုင်ငံအတွက် အကျိုးရလဒ်၊ ဒီမိုကရေစီအရေးအကျိုးရလဒ်ကို တွက်ဆကာ ချမှတ်ဖို့ အရေးကြီးမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ အနေနဲ့ ဘက်တဘက်တည်းနဲ့ ဆက်ဆံနေတာ မဟုတ်တဲ့အချက်ကိုလည်း သတိပြုဖို့လိုသလို လက်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ပဋိပက္ခကာလ၊ ပဋိပက္ခအလွန်ကာလတွေအထိ ရှေ့နောက် ကျိုးကြောင်းဆီလျော်တဲ့ အခြေခံမူ၊ ကျင့်သုံးရမယ့် လမ်းစဥ်တွေ ချမှတ်ပြီး အဲဒီမူနဲ့ လမ်းစဥ်အပေါ် အခြေခံကာ တသမတ်ထည်း လုပ်ဆောင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာနဲ့ တရုတ်နှစ်နိုင်ငံဆိုတဲ့ နောက်ခံအခြေအနေတွေအပြင် ကမ္ဘာ့ပထဝီနိုင်ငံရေး အနေအထားကိုပါ ထည့်သွင်းတွက်ချက်ကာ မိမိတို့ ယုံကြည်တဲ့ မူဝါဒနဲ့ ပြောင်းပြန်မကျတဲ့ နိုင်ငံ တကာဆက်ဆံရေး မူဝါဒတွေဖြစ်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar