ဝင်းတင့်ထွန်း - စစ်ကိုင်း ဦးထွန်း ( သို့မဟုတ် ) ပြည်သူဘက်က ထာဝရ ရပ်တည်သွားခဲ့သူ
ထာဝရ ရပ်တည်သွားခဲ့သူ
ဝင်းတင့်ထွန်း
(မိုးမခ) မေ ၂၃၊ ၂၀၂၄
( ၁ )
၂၀၂၁ ခုနှစ်ထဲမှာ ပထမဆုံးစကြားလိုက်ရတဲ့ နာရေးသတင်းသံကတော့ ‘ဦးလေးထွန်း’တယောက်
ဆုံးရှာပြီ၊ သပိတ်ကျင်းဖက်မှာပဲ ဆုံးသွားရှာပြီ- ဆိုတဲ့အသံပါပဲ။ နှစ်ဆန်းထဲ ဝင်ဝင်ချင်း ဇန်နဝါ
ရီ (၃)ရက်နေ့မှာပဲ ဆုံးရှာတာလို့ သိလိုက်ရပါတယ်။ ကျွန်တော်က ‘အဘ’ လို့ခေါ်လေ့ရှိတဲ့ ရဲဘော်ထွန်း( ဗိုလ်ကြင်မောင် )ကွယ်လွန်ဆုံးပါးခဲ့တာကလဲ ဇန်နဝါရီ (၃)ရက်နေ့ပဲ ဖြစ်သလို၊ ကျွန်တော်က ‘ဦးလေးထွန်း’ လို့ခေါ်တဲ့၊ ဦးထွန်း(ခေါ်) စစ်ကိုင်းဦးထွန်း ကွယ်လွန်သွားခဲ့ရှာတာကလဲ ဇန်နဝါရီ (၃)ရက်နေ့ပဲ ဖြစ်တာကြောင့် ထူးထူးခြားခြားတိုက်ဆိုင်လွန်းနေ၊အမှတ်ရစရာဖြစ်နေရပါတယ်။အဘရဲဘော်ထွန်း (ဗိုလ်ကြင်မောင်) ကွယ်လွန်ပြီး (၆)နှစ်တိတိအကြာမှာ ဦးလေးထွန်း (စစ်ကိုင်းဦးထွန်း) လဲ ကွယ်လွန်သွားရရှာတာဖြစ်ပါတယ်။
ကွယ်လွန်နှစ်ချင်းသာ မတူခဲ့ပေမဲ့၊ လ နဲ့ရက်ပါ တိုက်တိုက်ဆိုင်ဆိုင်အတူတူပဲ ဖြစ်နေခဲ့တာအပေါ် ကျွန်တော်ကတော့ အံ့သြချင်သလိုလိုလဲ ခံစားလိုက်ရပါတယ်။ တိုက်ဆိုင်မှုတွေက ဘယ်လောက်တောင်များ ရှိနေပြန်သလဲဆိုတော့ အဘရဲဘော်ထွန်း(ဗိုလ်ကြင်မောင်)ဟာ စစ်ကိုင်းသားဖြစ်သလို၊ ဦးလေးထွန်းဟာလဲ စစ်ကိုင်းအနားက ရွာလေးတရွာမှာ မွေးဖွားခဲ့သူ စစ်ကိုင်သား။ ဒါကြောင့် သူ့ကိုလဲ "စစ်ကိုင်းဦးထွန်း" လို့ပဲ လူသိများခဲ့ရတယ်မဟုတ်လား။ ပြီးတော့- ဦးထွန်း(ခေါ်) ဦးလေးထွန်းတို့အဖေဟာ ဗိုလ်ကြင်မောင် (ခေါ်) ရဲဘော်ထွန်းနဲ့လဲ တနယ်တည်း တတပ်တည်းဖြစ်ခဲ့ကြရုံမက၊ အထက်ဗမာပြည်မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့တော်လှန်တဲ့သေနတ်သံတွေ စတင်ပေါ် ပေါက်လာတော့လဲ လက်နက်ကိုင်တော်လှန်ရေးထဲမှာ အတူတူပါဝင်ဆင်နွဲခဲ့ကြတဲ့၊ ရဲဘော် ရဲဘက် တိုက်ဖေါ်တိုက်ဖက်လူရင်းတွေဖြစ်ခဲ့ကြကာ၊ အတွင်းသိ အစင်းသိတွေလဲ ဖြစ်ခဲ့ကြတယ်မဟုတ်လား။ အဲဒီကာလတွေတုန်းက ဦးလေးထွန်းတို့ညီအစ်ကိုတွေဟာ (နောင်- ရဲဘော်ထွန်း ဖြစ် လာမယ့်) ဗိုလ်ကြင်မောင်ကို ‘ဦးလေး’ ‘ဦးလေး’ နဲ့ ရင်းနှီးချစ်ခင် ကျွမ်းဝင်ခဲ့ကြဖူးသူတွေ ဖြစ်ခဲ့ကြတယ်မဟုတ်လား။ ဦးလေးထွန်းတို့ရဲ့ဖခင်ကတော့ လက်နက်ကိုင်တော်လှန်ရေးထဲမှာပဲ၊ တော် လှန်ရေးရဲ့စောစောပိုင်းကာလတွေအတွင်းမှာပဲ ကျဆုံးသွားခဲ့ရပေမဲ့၊ သားတွေဖြစ်ကြတဲ့ ဦးလေးထွန်းတို့ညီအစ်ကိုကတော့ အဖေ့ရဲ့တော်လှန်ရေးအမွေကို တတ်နိုင်သလောက် တတ်နိုင်တဲ့နေရာကနေ ပါဝင်ဆက်ခံခဲ့သူတွေ ဖြစ်လာခဲ့ကြပါလေတယ်။ ဒါကြောင့်- ဦးလေးထွန်းဆိုရင်- ဖဆပလခေတ်ကတည်းက နိုင်ငံရေးနဲ့ထောင်ကျခဲ့ရဖူးသူ ဖြစ်ခဲ့သလို၊ ဦးလေးထွန်းရဲ့ညီလဲ ထောင်ကျခဲ့ရဖူးပါတယ်။ ဒါလောက်တင်ပဲလား- မကပါ။ ဦးလေးထွန်းဟာ သူကိုယ်တိုင်သာမက၊ သူ့သားသမီးတွေကိုပါ နိုင်ငံရေးအသိစိတ်ဓါတ်အမွေ ဆက်လက်လက်ဆင့်ကမ်း ပေးအပ်ခဲ့လေရာ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီးမှာ သူ့သားတယောက်ကို ဒီမိုကရေစီပြည်ချစ်တပ်မတော် (ခေါ်) DPA ထဲအထိတောင် အရောက်ပို့ဆောင်အားပေးခဲ့သူဖြစ်ပါတယ်။ တော်လှန်ရေးလုပ်ဆောင်ဖို့အားပေး
ခဲ့သူဖြစ်ပါတယ်။ အချုပ်အားဖြင့်ပြောရရင်- ဦးလေးထွန်းဟာ သူကိုယ်တိုင် သူ့အဖေရဲ့တော်လှန် ရေးအမွေကို လိုလိုလားလားဆက်ခံခဲ့သူဖြစ်သလို၊ သူကနေ သူ့သားထိအောင်လဲ တော်လှန်ရေးအမွေ ထပ်ဆင့်ပေးအပ်ခဲ့သူမျိုး ဖြစ်ပါတယ်။ ဒီလို… အဖေ ကိုယ်တိုင်နဲ့ကိုယ့်သားသမီးအထိ တော်လှန်ရေးတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တော်လှန်ရေးမျိုးဆက်မျိုးဟာ လက်တွေ့ဗမာပြည်နိုင်ငံ ရေးလှုပ်ရှားမှုတွေထဲမှာ ရှိတော့ ရှိပေမဲ့၊ ရှားပါးလွန်းတယ်လို့ပဲ ဆိုရပါလိမ့်မယ်။ ဦးလေးထွန်းဟာ အဲသလိုသော ရှားပါးမျိုးဆက်ထဲက ရှားပါးပုဂ္ဂိုလ်တဦး-လို့ဆိုရပါလိမ့်မယ်။
( ၂ )
အဲသလိုသော ဦးလေးထွန်းကို ကျွန်တော် စတင်သိရှိခဲ့ရတာက မ န ္တလေးမှာ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ ဦးလေးထွန်းကို တွေ့ဆုံမိတ်ဆက်ပေးခဲ့သူကတော့ ကျွန်တော့်ရဲ့ချစ်ဆွေကြီး ကိုကျော်မြပဲ ဖြစ်ပါတယ်။
ကာလကတော့-၁၉၉၀ပြည့်နှစ် နှစ်ဆန်းထဲမှာဖြစ်ပါတယ်။ ပြည်သူ့တိုးတက်ရေးပါတီဖျက်သိမ်းလိုက်ကြောင်း..ကြေညာခံရပြီးတဲ့နောက်၊ ဝရမ်းပြေးဘ၀ နောက်တကျော့ ထပ်မံရောက်ရှိနေရပြီး၊ မန္တလေးတဝိုက် ဟိုဟိုဒီဒီလှည့်လည်တိမ်းရှောင်နေရစဉ်ကာလကြီးထဲမှာ ဆုံဆည်းခဲ့ကြရတာဖြစ်ပါတယ်။ သိကျွမ်းခဲ့ကြပြီးတဲ့နောက် လိုအပ်သလို ဆုံဆည်းနိုင်အောင်၊ အရေးအကြောင်းအခက် အခဲရှိပါက ချိန်းဆိုနိုင်အောင် သေသေချာချာပြသပေးထားတဲ့နေရာ (၂) ခု အနက်၊ တခုကတော့ ရဟိုင်းဈေးထဲက ခရမ်းချဉ်သီးရောင်းတဲ့ ကုန်စိမ်းသည်မလေးတဦးရဲ့နေရာပဲ ဖြစ်ပါတယ်။ အဲဒီခရမ်းချဉ်သီးရောင်းနေတဲ့ ကောင်မလေးရဲ့ဆိုင်လေးရှေ့နားအထိ ကျွန်တော့်ကိုခေါ်သွားပြီး (ကျွန်တော်ကလဲ အဲဒီမိန်းခလေးကိုသေချာမှတ်သားမိအောင်၊ အဲဒီမိန်းခလေးကလဲ ကျွန်တော့်ကို မြင်တာနဲ့မှတ်မိအောင်) အချိန်အတန်အသင့်ကြာကြည့်ရှု စကားစမြည်ပြောဆိုစေခဲ့ရင်း စီစဉ်ထား ခဲ့ကြတာဖြစ်ပါတယ်။ လိုအပ်ပါက ဘယ်နေ့ ဘယ်အချိန် ဘယ်နားက ဘယ်ဆိုင်မှာတွေ့ဆုံချင်တယ်ဆိုတာကို အဲဒီ ခရမ်း ချဉ်သီးသည်လေးဆီကတဆင့် မှာကြားချိန်းဆိုနိုင်ဘို့ စီစဉ်ထားခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနေရာက ချက်ချင်းတွေ့ဆုံနိုင်ရေးအတွက်တော့ မချိန်းဆိုနိုင်၊ တရက်ကြို တင် ချိန်းဆိုကြရန်ဖြစ်ပြီး၊ ကျွန်တော့်ဖက်က ချိန်းဆိုရန်သာဖြစ်ပါတယ်။ ချိန်းဆိုချင်ရင်လဲ မနက်ပိုင်း ဈေးမကွဲသေးခင်မှာပဲ အမီသွားရောက်နိုင်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးကွဲချိန် နေ့လည် (၁၁)နာရီဝန်းကျင်ဆိုရင် ကောင်မလေးလဲအိမ်ပြန်သွားပြီ၊ ဈေးသိမ်းသွားပြီဖြစ်တာကြောင့် ဖြစ်ပါတယ်။
အဲဒီကာလက ကျွန်တော်ဟာ မန္တလေးထဲမှာ လှည့်ပတ်နေထိုင်နေရုံမက၊ တခါတရံ မတ္တရာဘက်၊ တခါတရံ စစ်ကိုင်းဘက်အထိလဲ ပြောင်းရွှေ့သွားလာနေလေ့ရှိပါတယ်။ ဒါပေမဲ့ အများဆုံးက တော့ မန္တလေးကဘုရားကြီးကျောင်းတိုက်ဝင်းနဲ့ ဘုရာကြီးနဲ့သိပ်မဝေးလှတဲ့ ပုလင်းခွံတွေ အရောင်း အဝယ်လုပ်ရာနေရာဖြစ်တဲ့ ကျွန်တော့်ရဲဘော်ကြီးတယောက်ရဲ့နေအိမ် အပေါ်ထပ်လေးမှာပဲ ဝပ်ကျင်းလုပ်နေလေ့ရှိပါတယ်။ နောက်ပိုင်းကာလတချို့မှာတော့ မန္တလေးဆင်ခြေဖုံးရပ်ကွက်လေးတခုထဲက နှင်းဆီခြံလေးတခုထဲမှာလဲ ကိုကျော်မြတို့ဇနီးမောင်နှံ၊ ကိုသိန်းသန်းဦး (ရှေ့နေကြီး)တို့နဲ့အတူ ခပ်လျှိုလျှို နေထိုင်ခဲ့ရဖူးတာတွေလဲ ရှိခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ မန္တလေးမှာ ကိုတင်ဌေးကြီး (အမြဲစိမ်း)အဖမ်းခံရပြီးတဲ့နောက်မှာတော့ မန္တလေးဘက်ကနေရာတချို့မှာ နေဘို့မသင့်လျော်တော့သလို၊ မတ္တရာဘက်က ဝပ်ကျင်းလေးတွေမှာလဲ ခိုလို့အောင်းလို့မဖြစ်တော့တဲ့အနေအထား ဖြစ်လာရပါတယ်။ မတ္တရာဘက်က နေရာတခုမှာဆိုရင်- ကိုတင်ဌေးကြီးလဲ ရောက်ဖူး သိဖူးထားရာ၊ သူ အဖမ်းခံလိုက်ရပြီး- နောက်တရက်ကျော်ကျော်မှာပဲ ကိုတင်ဌေးကိုပါ လက်ထိပ်ခတ်ကာခေါ်လာခဲ့ရင်း၊ အဲဒီနေရာကိုထောက်လှမ်း ရေးများက လိုက်အပြခိုင်းတဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ကိုတင်ဌေးကြီးနဲ့ပတ်သက်တဲ့နေရာ၊ သိထားတဲ့နေရာတွေမှန်သမျှ အလုပ်သဘောအရကို ရှောင်ကြည်ဖယ်ခွာရပါတော့တယ်။ ကိုတင်ဌေးက အရင်က နိုင်ငံရေးနဲ့ပတ်သက်ခဲ့ဖူးသူမဟုတ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေ တွန်းတင်တွန်းအားပေးလိုက်လို့သာ နိုင်ငံရေးလှုပ်ရှားမှုတွေထဲ တက်တက်ကြွကြွနဲ့ရောက်ရှိလာသူ
မျိုး ဖြစ်လေရာ၊ သူက ကျွန်တော်တို့ကို တော်တော်စောစောကတည်းက ခပ်ရှင်းရှင်းပြောထားပြီးသားတခု ရှိခဲ့ပါတယ်။ အဲဒါက ဘာလဲဆိုတော့- “ ကျွန်တော် အဖမ်းခံရ အကုပ်ခံလိုက်ရပြီဆိုလို့ကတော့ လွတ်အောင်သာ ပြေးကြနော်.. ကျွန်တော့်စွမ်းရည်က ဟိုလှည့် သည်ပတ်နဲ့ ‘မိုင်’ တွေ ‘ထောက်’တွေကို (၂၄)နာရီပဲ အချိန်ဆွဲထားနိုင်- လှည့်ပတ် ဖြီးဖြန်းပြောဆိုနိုင်လိမ့်မယ်။ (၂၄)နာရီ ကျော်လို့ကတော့ တချို့ဟာတွေ တချို့နေရာတွေ ဖေါ်ရမှာပဲ။ ကျွန်တော်က အဲသလောက်ပဲ အချိန် ဆွဲထားနိုင်-တာဝန်ခံနိုင်- အာမခံနိုင်တယ်နော်..သည့်ထက်တော့ အဆော်အတီးခံပြီး ထိန်းထားနိုင်မှာမဟုတ်ဘူးဗျ..” တဲ့။ သူက အရင်ကတည်းက အဲသလိုကို ပွင့်ပွင့်လင်းလင်းပြောထားပြီးသားဖြစ်ရာ၊ ရှောင်ကိုရှောင်ရမှာဟာ ကိုယ့်တာဝန်ပဲ မဟုတ်လား။ လုပ်ဟန်သဘောအရကလဲ ရဲဘော်တဦး ရန်သူ့အဖမ်းအဆီးခံရပါက အဲဒီရဲဘော်နဲ့ပတ်သက်တဲ့နေရာတွေ၊ ဂွင်းဆက်တွေ၊ အလုပ်တွေမှန်သမျှ အချိန်အတိုင်းအတာတခုအထိ ရှောင်ကြဉ်ဖြတ်တောက်ထားရမယ်ဆိုတာဟာ ယူဂျီလုပ် ငန်းလုပ်ဆောင်နေရသူတွေအဖို့ တကယ်ကို လိုက်နာရမယ့်စည်းကမ်းဥပဒေသ တခုမဟုတ်လား။ ဒီတော့- ကျွန်တော့်မှာ နေရာဟောင်းတချို့ကို ရှောင်ကြဉ်ဖယ်ခွါခဲ့ရပြီး၊ နေရာသစ်-ဝပ်ကျင်းသစ်လေးတွေ မလွှဲမရှောင်သာ လိုအပ်လာခဲ့ပါတယ်။ အဲသလို ဖြစ်ပေါ်လာတဲ့အခြေအနေမှာ ကျွန်တော့်ရဲ့လိုအပ်ချက်အတွက်၊ စိတ်ကောင်းနှလုံးကောင်းအပြည့်၊ တာဝန်ယူမှုအတိနဲ့ ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ရှာသူတဦး-လို့ဆိုရမှာကတော့ ဦးလေးထွန်း (ခေါ်) စစ်ကိုင်းဦးထွန်းပါပဲ။
ဦးလေးထွန်းက ကျွန်တော့်အတွက် ပထမဆုံးနေရာသစ်အဖြစ်၊ မေမြို့အထက်နားက ရွာငယ်လေးတခုရဲ့အစွန်အဖျားရှိ အိမ်ခြံလေးတခုထဲဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ ဘယ်လိုပို့ဆောင်ပေးခဲ့သလဲဆိုတာကလဲဦးလေးထွန်းနဲ့ကျွန်တော့်အကြားမှာ ဘယ်တော့မှ မမေ့နိုင်စရာလို့ပဲ ဆိုရပါလိမ့်မယ်။ ချိန်းဆိုရမယ့်နေရာကနေ ချိန်းဆိုပြီးတဲ့အခါ၊ ဦးလေးထွန်းက ကျွန်တော့်ကို မန္တလေးကနေ မေမြို့ဆီအထွက် လမ်းဟောင်းတနေရာမှာ နေ့ရက်အချိန်အတိအကျနဲ့ ထပ်မံအချိန်းအချက်ပြုပါတယ်။ ချိန်းဆိုထားတဲ့မနက်၊ ချိန်းဆိုထားတဲ့နေရာကို ကျွန်တော်ရောက်တော့- ဦးလေးထွန်းက စက်ဘီးတောင့်တောင့်တစီးနဲ့ ကျွန်တော့်အရင် ကြိုတင်ရောက်နှင့်နေပါတယ်။ ဖျတ်ကနဲကြည့်လိုက်တော့ ဝါးသုံးလေးရိုက်ကျော်ကျော်အကွာမှာလဲ အသက်(၂၀)ဝန်းကျင်ခန့် လူငယ်လေးတယောက်ဟာ စက်ဘီးတစီးနဲ့ထပ်မံရှိနေတာ သတိထားမိပါတယ်။ ချိန်းဆိုထားချက်အတိုင်း ကျွန်တော်က ဦးထုပ်လေးကိုဆောင်းထားပြီး၊ လက်ထဲမှာလဲ မုန့်ကျွပ်ထုပ်လေးပါ ကျွပ်ကျွပ်အိတ်အပြာလေးကို ဆွဲ ထားကာ၊ ပုဆိုး အင်းကျီ စွပ်ကျယ်မျက် နှာသုတ်ပုဝါပါ လွယ်အိတ်တလုံးကိုလဲ ဘယ်ဖက်ပခုံးမှာ လွယ်ထားလျက်သားအနေအထားနဲ့ဖြစ်ပါတယ်။ ဦးလေးထွန်းကတော့ ထန်းဖူးဦးထုပ်ကြီးကို ဆောင်းထားပြီး၊ သူ့ရဲ့၀၀တုတ်တုတ် တောင့်တောင့်တင်းတင့်ကိုယ်လုံးကြီးနဲ့လိုက်ဖက်ဆီလျော်လှတဲ့ စက်ဘီးတောင့်တောင့်ကြီးရဲ့လက်ကိုင်ကိုကိုင်ထားရင်း ကျွန်တော့်ကို အသင့်နေအထားနဲ့စောင့်ကြိုနေပါတယ်။ ကျွန်တော့်ကို ခပ်လှမ်းလှမ်းကတည်းက ပြုံးပြနေပြီး၊ ကျွန်တော့်လက်ထဲက ကျွပ်ကျွပ်အိတ်လေးကို လှမ်းယူကာ စက်ဘီးလက်ကိုင်ရှေ့မှာ ချိတ်လိုက်ရင်းက ကျွန်တော့်ကိုလဲ သူ့စက်ဘီးကြီးရဲ့နောက်ခုံပေါ် ထိုင်စေရင်း၊ စက်ဘီးကို ကျွမ်းကျင်စွာ နင်းထွက်လိုက်တော့၊ မလှမ်း မကမ်းက လူငယ်လေးရဲ့စက်ဘီးကလဲ ဝါးလေးငါးရိုက်အကွာကနေ ခပ်ဖြည်းဖြည်းလိုက်ပါလာတာတွေ့ရပါတယ်။ ကျွန်တော်က- “ ဦးလေး.. နောက်မှာစက်ဘီးတစီး ကပ်ပါလာတယ်နော်.. ရှဲဒိုးလိုလိုပဲ-” လို့အသံခပ်အုပ်အုပ်နဲ့သတိပေးလိုက်မိတော့ ဦးလေးက “ အဲဒါ ကျွန်တော့်သား အလတ်ကောင်ပဲ။
ကျွန်တော်စီစဉ်ထားတာ။ လိုအပ်ရင် လူချင်းလဲပြီး စီးတာဖြစ်ဖြစ်၊ အခြေ အနေအကဲခတ်နိုင်ဖို့ဖြစ်ဖြစ်၊ လိုအပ်သလိုသုံးနိုင်အောင်စီစဉ်ထားတာ..” လို့ ခပ်တိုးတိုးလေးရှင်းပြပါတယ်။ အဲဒီတော့မှ ကျွန်တော့်အတွက် ဘယ့်လောက်များ ကရိကထများလိုက်လေသလဲဆိုတာလက်တွေ့ မျက်တွေ့မြင်လိုက်ရ သိလိုက်ရရင်း၊ အားတုံ့အားနာလဲ ခံစားလိုက်ရရင်း၊ သက်ပြင်းလေးကိုဖွဖွကလေးခိုးချလိုက်မိသလို၊ ဦးလေးထွန်းရဲ့အကွက်စေ့စေ့ စဉ်းစားပြင်ဆင်တတ်မှုနဲ့တာဝန်ယူစိတ်ကြီးမားလှမှုအပေါ်တကယ်ကို အသိအမှတ်ပြုမိ လေးစားမိလိုက်ပါတယ်။
တာပေါင်ရိုးပေါ်ကနေ စက်ဘီးကို အားစိုက်နင်းနေရှာတဲ့ ဦးလေးထွန်းရဲ့ ကျောပြင်ပေါ်က စို့ထွက်လာနေတဲ့ ချွေးပေါက်ချွေးကွက်ကြီးတွေကို အနီးကပ် မြင်နေရရင်း၊ ကျွန်တော့်မှာ တော်တော်ကိုပဲ ကိုယ့်ဟာကိုယ်လဲ
ရှက်မိ စိတ်မကောင်းဖြစ်မိရရင်း ဆက်တိုက်လိုလို အားတုံ့အားနာ ခံစားနေခဲ့ရပါတယ်။ ကြည့်လေ.. အသက်(၅၅)နှစ်ဝန်းကျင်လောက်ရှိနေတဲ့လူကြီးတယောက်က အသက်(၃၅)နှစ်ကျော်လောက်ပဲ ရှိသေးတဲ့ သန်သန်မာမာ လူငယ်လူရွယ်လေးတယောက်ဖြစ်တဲ့ကျွန်တော့်ကို စက်ဘီးနောက်ခုံပေါ်တင်ကာ စက်ဘီးကို ကြုံးရုန်းအားစိုက်နင်းနေရရှာတဲ့အဖြစ်ဟာ တကယ်က ဘယ်လိုမှကြည့်မကောင်းတဲ့အဖြစ်ပါပဲ။ ဒါပေမဲ့ ဘယ် လိုမှမတတ်နိုင်၊ ကျွန်တော်က စက်ဘီးကိုလုံးဝမစီးတတ်တဲ့ ခပ်ည့ညံ့အမျိုးအစား လူရွယ်တယောက်သာဖြစ်နေလေတော့ ကိုယ့်ရဲ့ ဦးလေးဦးကြီးအရွယ်ဖြစ်နေတဲ့ ဦးလေးထွန်းကပဲ ကျွန်တော့်ကို စက်ဘီးပေါ်တင်ကာ ပင်ပင်ပန်းပန်းတာဝန်ယူ သယ်ယူပို့ဆောင်ပေးနေရတဲ့အဖြစ်ပါပဲ။ သည်ကြားထဲ လမ်းကလဲ သိပ်မကောင်းလှရာ၊ ဦးလေးထွန်းမှာ စက်ဘီးစီး ကျွမ်းကျင်လှပေမဲ့ တော်တော်ကို အားစိုက်ဂရုစိုက်နင်းနေရမှန်း သိသာလှပါတယ်။
နောက်က ဝါးလေးငါးရိုက်အကွာမှာ စက်ဘီးတစီးနဲ့သူ့သားလတ်ကိုယ် တိုင် ရှဲဒိုးသဘော လိုက်ပါလာခဲ့ပေမဲ့ သူ့သားစက်ဘီးနဲ့လဲပြောင်းမစီးစေဘဲ၊ သူကိုယ်တိုင်ပဲ အပင်ပန်းခံ နင်းနေတာကလဲ ကိုယ်တိုင်တာဝန်ယူလိုမှုအပြည့်ရှိတဲ့ သူ့ရဲ့ပင်ကိုစိတ်ဓာတ်အခံကို အတိုင်းသားဖေါ်ပြနေတဲ့သဘောပဲလို့ယူဆလိုက်မိရင်း၊ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းခံစားလိုက်ရပါတယ်။ မေမြို့အတက်က ပိုးစာခြံကြီးတွေရဲ့နောက်ဖက်က ရွာလေးတရွာအနီးကိုရောက်တော့ ဦးလေးထွန်းက စက်ဘီးကို ခေတ္တရပ်လိုက်ပြီး၊ နောက်က သူ့သားရဲ့စက်ဘီးနဲ့တင်လာတဲ့ စားစရာသောက်စရာလေးတွေပါ ကျွပ်ကျွပ်အိတ်ထုပ်ကြီးကို လက်ခံယူလိုက်ကာ၊ သူ့စက်ဘီးရဲ့လက် ကိုင်ထိပ်မှာ ပြောင်းယူချိတ်လိုက်ပါတယ်။ သူ့သားကို ဟိုးဘက်ခပ်လှမ်းလှမ်းက သစ်ပင်ရိပ်တွေအောက်ကပဲ နားနားနေနေစောင့်နေတော့ဖို့ မှာ ကြားလိုက်တာကြားရပြီး၊ဦးလေးထွန်းရဲ့စက်ဘီးနဲ့ပဲ ဦးလေးထွန်းနဲ့ကျွန် တော်ဟာ ရွာအစွန်နံဘေးက ခြံဝင်းလေးနဲ့အိမ်လေးတလုံးဆီ ခပ်ဖြည်းဖြည်းချင်း ဆက်လက်ဝင်လာခဲ့ကြပါတယ်။
ခြံဝင်းလေးထဲကအိမ်လေးထဲမှာ အိမ်ရှင်လင်မယားနှစ်ယောက်က ကျွန် တော်တို့ဝင်လာတာကို အသင့်စောင့်ကြိုနေတာတွေ့ရပါတယ်။ အိမ်ရှင်က ဦးလေးထွန်းနဲ့ သက်တူရွယ်တူလောက်အရွယ်ဖြစ်ပေမဲ့၊ ဦးလေးထွန်းလောက် တောင့်တောင့်တင်းတင်းမရှိဘဲ တော်တော်လေး ကြုံလှီပါတယ်။ အိမ်ရှင်အမျိုးသမီးကတော့ အိမ်ရှင်ယောက်ကျားထက် (၁၀)နှစ်ကျော်လောက်တောင်ငယ်မယ့် အသက်(၄၀)ကျော်လောက်ဖြစ်ကာ ရွှင်ရွှင်ပျပျလှိုက်လှိုက်လှဲလှဲအပြုံးနဲ့ကြိုဆိုကြတာမြင်ရတော့ စိတ်ထဲမှာ ပေါ့ပေါ့ပါးပါး ခံစားလိုက်ရသလို၊ ဦးလေးထွန်းဟာ ကျွန်တော့်ကို ဒီမှာထားဖို့အစီ အစဉ်ကို အခုလိုမလာခင်ကတည်းက ကြိုတင်ပြောဆိုထားပြီးဖြစ်လိမ့်မယ်ဆိုတာ ဖျတ်ခနဲ ခန့်မှန်းအကဲခတ်မိလိုက်ပါတယ်။ ရောက်ရောက်ချင်း ဦးလေးထွန်းက ယူလာခဲ့တဲ့စားစရာပါ ကျွပ်ကျွပ်အိတ်လေးတွေကို အိမ် ရှင်အမျိုးသမီးလက်ထဲ အပ်လိုက်ရင်း- “ ကိုအုပ်နဲ့မလှိုင်ရေ.. ကျွန်တော်
ပြောထားတဲ့အတိုင်းပဲ၊ သူ့ကို ထားခဲ့မယ်။ နာမယ်က ကိုသန်းဆွေ..တဲ့ဗျာ..” လို့ခပ်တိုတိုပဲ မိတ်ဆက်ပေးခဲ့ပါတယ်။ အိမ်ရှင် ဦးအုပ်တို့လင် မယားနှစ်ယောက်လုံးကလဲ “စိတ်ချပါ- ဒီဖက်မှာက စိတ်ချပါ-” လို့ ပြန်လည်တုံ့ပြန်တာကို ကြားရတော့ ပိုမိုရင်ပေါ့သွားရပါတယ်။
အဲဒီနေ့က ဦးလေးထွန်းက ဆယ့်ငါးမိနစ်လောက်ပဲ ထိုင်ပြီး၊ ရေနွေးကြမ်းလေး နှစ်ခွက်လောက်ပဲ ကောက်မော့်ကာ၊ ကျွန်တော့်ကိုရော အိမ်ရှင်လင်မယားနှစ်ဦးကိုပါနှုတ်ဆက်ပြီး ခပ်သုတ်သုတ်ပြန်သွားခဲ့ပါတယ်။ အဲဒီတော့မှ ကျွန်တော့်မှာ ‘ကျွန်တော့်နာမည်-ကိုသန်းဆွေ’ ဆိုတဲ့ဇာတ်ကို အလိုက်သင့် အလျားသင့် ဆက်လက်ကပြရရင်း၊ အဲဒီခြံလေးထဲက အဲဒီအိမ်ငယ်လေးရဲ့အဖီဆွယ်ထားတဲ့ တဲငယ်လေးထဲမှာ တစ်လခွဲကျော်ကြာမျှ သက်တောင့်သက်သာ နားခိုပုန်းရှောင်နိုင်ခွင့် ရခဲ့ရပါလေတယ်။ အိမ်ရှင်ဖြစ်တဲ့ ဦးလေးအုပ် (နာမည်လွှဲထား)ဟာ ကျွန်တော်ဘာလဲဆိုတာ တစွန်းတစလောက်တော့ သိထားပြီးဖြစ်ကာ၊ သူ့ရဲ့ဇာတ်ကြောင်း အပိုင်း အစတချို့ကိုလဲ ရေနွေးကြမ်းသောက်ရင်း၊ တခါတရံ ခြံစပ်က ဝါးရုံရိပ်မှာ အတူ နားနားနေနေထိုင်ဖြစ်ကြရင်း သံဝေဂသံဖြင့်ပြောလေ့ဆိုလေ့ရှိတဲ့အတွက် ဦးလေးအုပ်ရဲ့နောက်ခံဇာတ်ကြောင်းတစွန်းတစကိုလဲ အကြမ်း ဖျင်းတော့ ကျွန်တော် သိရှိနေခဲ့ရပြီဖြစ်ပါတယ်။ ဦးလေးအုပ်ဟာလဲ တချိန်ကတော့ ဦးလေးထွန်းတို့နဲ့ရဲဘော်ရဲဘက် လုပ်ဖေါ်ကိုင်ဖက် ရဲဘော်ဟောင်းတဦး။
ဒါပေမဲ့- ဦးလေးအုပ်က ‘လက်နက်ချ’ ဖြစ်သွားရပြီး၊ ဦးလေးထွန်းကတော့ ဘယ်တုန်းကမှ လက် နက်မချခဲ့လေသူ၊ ရပ်တည်ချက် မပျက်ခဲ့လေသူ ဖြစ်ခဲ့ရာ၊ လက်တွေ့နိုင်ငံရေးသိက္ခာချင်းကတော့ မိုးနဲ့မြေလို ကွာခြားနေခဲ့ပြီဖြစ်ပါတယ်။ ဦးလေးအုပ်ကိုယ်တိုင်က ဒါကို ပွင့်ပွင့်လင်းလင်း သိမြင်နားလည် ခံယူထားပြီးဖြစ်ရုံမက သူက“ ကိုထွန်းတို့က တကယ့်နိုင်ငံရေးသိက္ခာအပြည့်နဲ့လူတွေဗျ- ကျွန်တော်တို့က လက်နက်ချဖြစ်ခဲ့ရရုံမက နိုင်ငံရေးအပြစ်အနာအဆာတွေပါ ရှိခဲ့ပြီး၊ အစွန်း အထင်းအမဲအညစ်တွေသာမက နိုင်ငံရေးအကြွေးတွေပါ ရှိနေခဲ့တဲ့သူတွေပါဗျာ.. အဲဒါတွေကို အခုအချိန်မှာ တတ်နိုင်သလောက် ပြန်ဆပ်တဲ့အနေနဲ့ ကိုယ်တတ်နိုင်တဲ့နေရာလေးတွေကနေ ကိုယ်ဆပ်နိုင်သလောက် ပြန်ဆပ်နိုင်ဖို့ဆိုတဲ့သဘောထား မျိုးပဲမွေးထားပါတယ်။ ဟိုတုန်းကတည်းက တွဲခဲ့ဖူးရုံမက တဦးအကြောင်းတဦး ဂဃနဏသိပြီးသားဖြစ်တဲ့ ကိုထွန်းတို့လို လူရင်းကြီးတွေကစိတ်ချရတဲ့လူတွေက တာဝန်ပေးလာ အကူအညီတောင်းလာရင်တော့ ဘယ်ငြင်းပါ့မလဲ၊ လုပ်နိုင်သမျှလုပ်ဖို့အသင့်ပါပဲဗျာ..” လို့သံဝေဂသံအပြည့်နဲ့ပြောဆိုလာခဲ့တာကိုလဲ ကြားနာခဲ့ရပါတယ်။ ကျွန်တော့်မှာ ရင်ခုန်ခဲ့ရပါတယ်။ တဆက်တည်းမှာ ဦးလေးထွန်းရဲ့နိုင်ငံရေးအရှိန်နဲ့စည်းရုံးထားနိုင်စွမ်းအခြေ အနေကိုပါ လက်တွေ့ကျကျ သဘောပေါက်လိုက်မိရပါတယ်။ လူဟောင်းတွေထဲက လက်နက်ချဖြစ်သွားရသူမျိုးတွေကိုတောင် ရန်သူ့ဘက်သား ဖြစ်မသွားစေဘဲ၊ ရန်သူ့ဘက်ရောက်မသွားစေဘဲ၊ တတ်နိုင်သမျှ ကိုယ့်ဘက်ထဲမှာပဲ ရှိနေရအောင် ထိန်းထားနိုင်စွမ်းရှိတဲ့ ဦးလေးထွန်းရဲ့စည်းရုံးရေးလုပ်ဟန်ဟာ တကယ်ကိုမှတ်သားစရာတခု ဖြစ်ရပါလေတယ်။ အဲဒီရွာလေးရဲ့အစွန်က ခြံဝင်းလေးထဲမှာ ခိုအောင်းနေရစဉ်မှာ ဦးလေးထွန်းဟာ တပတ်တခါသူ့စက်ဘီးလေးနဲ့ ရောက်ရောက်လာတတ်ပါတယ်။ လာတိုင်းလိုလို ငါးခြောက်ပြားလေးအစ၊ လက်ဖက်ခြောက်၊ ပဲကြီး လှော်နဲ့မြေပဲယို၊ ကရေကရာလေးအစ စားစရာလေးတွေလဲ တခေါက်တမျိုးမရိုးရအောင် ပါပါလာလေ့ရှိပါတယ်။ ဒီမှာနေရတဲ့ကျွန်တော့်အတွက် မျက်နှာမငယ်ရအောင်၊ အိမ်ရှင်ဦးလေးအုပ်တို့လဲ ဝန်ထုပ်ဝန်ပိုးကြီးကြီးမားမားမဖြစ်ရအောင် ယူယူလာတဲ့သဘောလို့ထင်မြင် ခံစားမိပါတယ်။ ဒီကြားထဲမှာ မန္တလေးမှာ ဖြစ်ပေါ်နေတဲ့ လက်ရှိအခြေအနေနဲ့ အဖမ်းအဆီးသတင်းမျိုးတွေအပါ၊ နိုင်ငံရေးသတင်းပတင်းမျိုးစုံတွေကိုလဲ မပျက်မကွက် အမြဲလိုလို ယူဆောင်လာလေ့ရှိရာ၊ ကျွန်တော့်မှာ ဒီနေရာလေးမှာ တော်တော်လေးကို အဆင်ပြေချောမွေ့နေခဲ့ပါတယ်။ ဒါပေမဲ့- တစ်လခွဲလောက်အကြာမှာတော့..ဒီနားတဝိုက်မှာ လူဝင်လူထွက်တွေက သိသိသာသာများလာခဲ့ပါတယ်။ ပါးစပ်သတင်း အရပ်သတင်းတွေအဆိုအရ၊ ဒီနားတဝိုက်မှာ တိမွေးကုတက္ကသိုလ်သစ်တခု တည် ဆောက်ဖို့လိုလို၊ စီမံကိန်းလုပ်ငန်းကြီးတခု တည်ဆောက်ဖို့လိုလို၊ အဲဒီအတွက် တောနင်း မြေတိုင်း ဆာဗေးလုပ်ဖို့ စတင်တော့မှာလိုလို သတင်းမျိုးစုံတွေလဲ ရှိလာခဲ့လေရာ၊ ကျွန်တော့်မှာ ထပ်မံနေ ရာပြောင်းရတော့မယ့် အခြေအနေဆိုက်လာခဲ့ပါတယ်။ အဲဒီမှာလဲ ဦးလေးထွန်းကပဲ ကျွန်တော့်အတွက် ထပ်မံတာဝန်ခံခဲ့ တာဝန်ယူခဲ့ပြန်ပါတယ်။ ထုံးစံအတိုင်း- ကျွန်တော့်ကို စက်ဘီးနောက်ခုံပေါ်ထိုင်စေကာ၊ သူ့ရဲ့လက်စွဲတော်စက်ဘီးကြီးနဲ့ပဲ အရွှေ့အပြောင်းပါ လုပ်ပေးခဲ့ပြန်ပါတယ်။ ကျွန်တော့်မှာ တော်တော်ကြီးကိုအားနာလှပေမဲ့ ဘာမှမတတ်နိုင်ပဲ ဦးလေးထွန်းရဲ့အစီအစဉ် အရွှေ့အပြောင်းအတိုင်းသာ လိုက်နာခံယူခဲ့ရပါလေတယ်။
ဦးလေးထွန်းရဲ့အစီအစဉ်နဲ့ ဒုတိယမြောက်နေရာအဖြစ် ရောက်ခဲ့ရ နေခဲ့ရတဲ့နေရာသစ်လေးက တော့ ရန်ကင်းတောင်နဲ့သိပ်မဝေးလှတဲ့ ခြံကျယ်ကြီးတခုထဲမှာ ဖြစ်ပါတယ်။ ခြံထဲမှာရှိနေတာက ခြံစောင့် ခြံအလုပ်သမားမိသားစု။ ခြံရှင်အစစ်က မန္တလေးမြို့ပေါ်မှာပဲနေထိုင်ကာ၊ ဒီခြံစောင့်မိသားစုကိုပဲ ခြံတွင်းကိစ္စတွေ လုပ်ဆောင်ရေးအတွက်ရော ခြံစောင့်အဖြစ်နဲ့ပါ အပ်ထား တာဝန်ပေးထားပြီး ခြံရှင်ကိုယ်တိုင်က ခြံလေးထဲသို့တစ်လ တခေါက်တောင် ရောက်အောင်လာလေ့မရှိ လို့ဆိုပါတယ်။ ခြံစောင့်မိသားစုက လစာကို လကုန်တိုင်း မန္တလေးက ခြံရှင်အိမ်အထိ သွားထုတ်ယူရပြီး ခြံတွင်းမှာ နှစ်ရှည်ပင်များ၊ ပန်းပင်မျိုးစုံများအပါအဝင် ရာသီအလိုက်သီးနှံတွေကိုလဲ စိုက် ပျိုး ပြုစု စောင့်ရှောက်ပေးရတဲ့တာဝန်တွေကိုပါ ယူထားပေးရတယ်ဆိုပါတယ်။ ဒီခြံဝင်းကျယ်ကြီးထဲမှာ သစ် သားအိမ်တလုံးနဲ့ ထရံကာ သွပ်မိုး နှစ်ထပ်အိမ်လေးတလုံးလဲ မလှမ်းမကမ်းစီ တည်ရှိနေရာ၊ သစ်သားအိမ်မှာက ခြံစောင့်မိသားစုတစုလုံး နေ ထိုင်ရပါတယ်။ ထရံကာ နှစ်ထပ်အိမ်လေးကိုတော့ စိုက်ပျိုးရေးပစ္စည်း ပစ္စယမျိုးစုံထားရာ ဂိုဒေါင်လေးသဖွယ်အသုံးပြုထားရင်း၊ အမြဲလိုလို သော့ခတ်ထားပါတယ်။ အဲဒီဂိုဒေါင်အိမ်လေးရဲ့သော့ကိုလဲ ခြံစောင့်မိသားစုရဲ့လက်ထဲမှာပဲ ပေးအပ်ထားပါတယ်။
အဲဒီတော့ အဲဒီခြံကျယ်ကြီးတခုလုံးဟာ ခြံစောင့်မိသားစုရဲ့တာဝန်ယူ လှုပ် ရှားမှုအောက်မှာပဲ ရှိနေတဲ့အနေအထားဖြစ်ပါတယ်။ အဲဒီခြံရှင်လင်မယားဟာ ဦးလေးထွန်းရဲ့မွေးရာဇာတိ စစ်ကိုင်းမြို့နယ်ထဲက ရွာနီးချုပ်စပ် ရွာနီးသားချင်းတွေ ဖြစ်ရုံမက၊ ဦးလေးထွန်းအပေါ် တော်တော်လေး ယုံကြည်လေးစား ချစ်ခင်ကြသူမျိုးတွေ-လူရင်းတွေလဲ ဖြစ်နေပြန်တာ သတိထားမိပါတယ်။ ဒါကြောင့် ကျွန်တော့်ကို သူတို့ဆီမှာ လက်ခံထားပေးဖို့ ဦးလေးထွန်းက ခေါ်လာတဲ့အခါ၊ သူတို့တမိသားစုလုံးကလဲ ကြည်ကြည်လင်လင် ရွှင်ရွှင်ပျပျနဲ့ကြိုဆိုလက်ခံခဲ့ကြတာ တွေ့ရပါတယ်။ ခြံထဲမှာ လက်ရှိအိမ် ရှင်သဖွယ် ဖြစ်နေတဲ့ ခြံစောင့်ကြီးရဲ့နာမည်က ဦးတွတ်နီ ( နာမည်လွှဲထား )ဖြစ်ပြီး၊ သူ့ဇနီးကလဲ ဦးတွတ်နီလို အသက်ငါးဆယ်ကျော်အရွယ်လောက်ရှိကာ၊ တော်တော်လေးဖေါ်ဖေါ်ရွှေရွေ မျက်နှာထားရှိသူ ဖြစ်ပါတယ်။ သူတို့မှာ အသက်(၂၀)ဝန်ကျင် မစွမ်းမသန်သားကြီးတယောက်နဲ့ဆယ့်လေးငါးနှစ်အရွယ် သွက်သွက်လက်လက် သမီးငယ်လေးတယောက်လဲ ရှိတာတွေ့ရပါတယ်။ သူတို့ကလဲ ဦးလေးထွန်းရဲ့မျက်နှာကြောင့် ကျွန်တော့်အပေါ် တော်တော်လေးပျူပျူငှာငှာရှိကြပါတယ်။ ခြံဝင်းက အကျယ်ကြီးဖြစ်ကာ ရှေ့မှာ အုံးပင်တွေ၊ သရက်ပင်တွေ အစီအရီရှိရုံမက၊ ကျောက်သပြေ၊ ရွက်လှမျိုးစုံနဲ့ ပန်းပင်မျိုးစုံတွေလဲ အများအပြားစိုက်ထားလေတော့ တော်တော်ကို ဝေေ၀ဆာဆာရှိလှသလို၊ သံဆူးကြိုး အခိုင်အမာခတ်ထားတဲ့ ခြံစည်းရိုးတလျောက်မှာလဲ ဇီဇဝါပင်တွေ ခပ်စိပ်စိပ်စိုက်ထားတဲ့အပြင် အိမ်လေးနှစ်လုံးနဲ့ကလဲ တော်တော်လေးလှမ်းတာကြောင့် ခြံရှေ့လမ်းမပေါ်ကနေ လှမ်းလင့်အကဲခတ်ကြည့်ရင်တောင်၊ ခြံထဲက လှုပ်ရှားလုပ်ကိုင်နေမှုတွေကို ရုတ်တရက် သဲသဲကွဲကွဲမမြင်ရနိုင်တဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ခြံရှေ့တံခါးကလဲ အခိုင်အခန့်ဖြစ်သလို၊ အတွင်းဖက်ကနေ အမြဲလိုလို သော့ခတ်ပိတ်ထားလေ့ရှိရာ၊ လုံခြုံရေးရှုဒေါင့်ကကြည့်မယ်ဆိုရင်လဲ တော်တော်လေးကို စိတ်ချရတဲ့အနေအထားဖြစ်ပါတယ်။ ဒီဘက်တလျောက်မှာက ဒီလိုခြံဝင်းကျယ်ကျယ်နဲ့ ဥယျာဉ်လိုလို ခြံကြီးခြံကောင်းတွေက တခုနဲ့တခု ဆက် တိုက်လိုလိုရှိနေကြရာ၊ သီးသန့်ဆိတ်ငြိမ်ရပ်ကွက်လေးတခုလိုလဲ ဖြစ်နေပါတယ်။ ခြံစောင့်ကြီးဖြစ်တဲ့ဦးတွတ်က ကျွန်တော့်ကို ဂိုဒေါင်လုပ်ထားတဲ့ နှစ်ထပ်အိမ်လေးရဲ့အပေါ်ထပ်မှာပဲ ခိုအောင်းနေဖို့ နေရာချထားပေးခဲ့ပါတယ်။ အဲဒီ ဂိုဒေါင်အိမ်လေးရဲ့ အောက်ထပ်တခုလုံးမှာက ဓါတ်မြေသြဇာအိတ်တွေ၊ ပိုး သတ်ဆေးဗူးနဲ့ရေပိုက်အကြီးအသေးမျိုးစုံတွေ၊ ပေါက်တူး ပေါက်ပြား တံစဉ်အပါအဝင်၊ လယ်ယာသုံး ခြံသုံးပစ္စည်းကရိယာမျိုးစုံတွေနဲ့ ပြည့်နှက်နေပါတယ်။ အစီအရီ ထပ်ထားတဲ့ ဓါတ်မြေသြဇာအိတ်မျိုးစုံနဲ့ ပီနန်အိတ်ခွံအလွတ် အထပ်လိုက်အထပ်လိုက်တွေရဲ့နောက်မှာ-အကွယ်မှာ လှေကားလေးတခု ရှိနေပြီး၊ အပေါ်ထပ်ကို တက်လို့ရပါလေတယ်။ အပေါ်ထပ်ခပ်ကျဉ်းကျဉ်းလေးထဲမှာတော့- သစ်သားကုတင်လေးတလုံး ရှိပါတယ်။ သင်ဖျာလေး တချပ်ခင်းထားပြီး၊ ခေါင်းအုံးနဲ့စောင်လေးလဲ ရှိပါတယ်။ ပက်လက်ကုလားထိုင်လေးတလုံးရှိသလို၊ မီးပွင့်လေးတပွင့်လဲ ရှိရာ၊ ကျွန်တော့်အတွက် တော်တော်အဆင်ပြေပါတယ်။ နောက်ဖက်တည့်တည့်မှာ ပြတင်းပေါက်လေးတခု ရှိပြီး၊ လှပ်ကြည့်လိုက်ရင်- အိမ်နောက်ဖေးတခုလုံးအပြည့် ငှက်ပျောပင်တောအုပ်အုပ်လေး ရှိနေတဲ့အတွက် စိမ်းညို့အုပ်ဆိုင်းနေပါတယ်။ ဦးလေးထွန်း ပို့ပေးခဲ့တဲ့ ဒုတိယမြောက်ဖြစ်တဲ့ဒီနေရာလေးဟာလဲ ကျွန်တော့်အတွက် တော်တော်ကို လုံခြုံစိတ်ချရတဲ့နေရာလေး-လို့ဆိုရပါမယ်။ ဦးလေးထွန်းရဲ့ရေရှည်အမြော်အမြင်နဲ့ပေါင်းသင်းဆက်ဆံတတ်မှုဟာ တော်တော်ကို အသုံးဝင်လှတာ လက် တွေ့သိမြင်နေရပြီး၊၊ ကျွန်တော့်အတွက် ဦးလေးထွန်းရဲ့ နေရာရွေးချယ် စီစဉ်ခန့်ခွဲပေးနိုင်မှုဟာလဲ တကယ်ကိုဟာကွက် မရှိ၊ ပိရိသေသပ်လှပါတယ်။ ဒီနေရာလေးကို ခိုအောင်းနေရစဉ်မှာလဲ ဦးလေးထွန်းဟာ တပတ်တခါ လူကိုယ်တိုင်ရောက်ရောက်လာတတ်ကာ၊ ထုံးစံအတိုင်း-နိုင်ငံရေးသတင်း၊ အဖမ်းအဆီးသတင်းတွေကိုလဲ အချိန်နဲ့တပြေးညီလိုလို ပြောပေးနိုင်လေ့ရှိခဲ့ပါတယ်။ ဒီနေရာလေးမှာလဲ တလကျော်ကျော်လောက်ခိုအောင်းနေထိုင်ခဲ့ရရာမှာ ဦးလေးထွန်းရဲ့အရှိန်အဝါ ကျေးဇူးကြောင့် အစစအရာရာအဆင်ပြေခဲ့ရပါတယ်။ ဒါပေမဲ့ နောက် ပိုင်းမှာတော့ ကျွန်တော်ကိုယ်တိုင် ပြည်ပအထိထွက်မှ ဖြစ်တော့မယ့်အနေအထားဆီရောက်လာရာ၊ လိုအပ်တဲ့စီစဉ်မှုနဲ့ လမ်းစရိတ်ငွေကြေးကိစ္စမျိုးကအစ ကိုယ်တိုင်ဆောင်ရွက်ဖို့လိုအပ်လာတဲ့အတွက် မလွှဲသာမရှောင်သာ ဒီခြံလေးထဲကနေ အပြီးအပိုင်ထွက်ခွာဖို့လုပ်ဆောင်လာခဲ့ရပါတယ်။ ခြံလေးထဲသို့နောက်ဆုံးတခေါက် ဦးလေးထွန်းကိုယ်တိုင် ရောက်လာစဉ်ကတည်းက ကြိုတင်အသိ ပေးထားပြီးဖြစ်တာကြောင့်၊ ဒီခြံလေးထဲကနေ ကျွန်တော်တယောက်တည်း ပြန်လည်ထွက်ခွါလာခဲ့ရချိန်မှာတော့ ဦးလေးထွန်းကို လူကိုယ်တိုင်တောင် နှုတ်ဆက်နိုင်ခြင်းမရှိတော့ပါ။ ခြံစောင့်ကြီး ဦးတွတ်တို့ဇနီးမောင်နှံကိုပဲ ဦးလေးထွန်းထံ အဆင်ပြေသလို သွားရောက်ပြောကြားပေးပါရန်၊ ဒါမှမဟုတ် ဦးလေးထွန်း ခြံထဲသို့နောက်တခေါက်ရောက်လာတဲ့အခါမှာ ပြောကြားပေးပါရန်လို့ပဲ မှာ ကြားနှုတ်ဆက်ခဲ့ရပြီး၊ နောက်ဆုံးခွဲခွါလာခဲ့ရပါတယ်။ အဲဒီအတွက် ဦးလေးထွန်းနဲ့ပတ်သက်ပြီး အကြောင်းအားလျော်စွာ သတိရစရာတွေပေါ်လာလေတိုင်း ကျွန်တော့်မှာ စိတ်မကောင်းလဲ ဖြစ်ရပါတယ်။
( ၃ )
ကျွန်တော် နယ်စပ်မျဉ်းကိုကျော်လာပြီးတဲ့နောက် ပထမဆုံးစတင်ကြားလိုက်ရတဲ့ အမင်္ဂလာသတင်းကတော့- ကျွန်တော့်ချစ်ဆွေကြီး ကိုကျော်မြတို့ဇနီးမောင်နှံ ရန်ကုန်မှာ ထောက်လှမ်းရေးရဲ့အဖမ်းအဆီးကိုခံလိုက်ရတဲ့သတင်းပါပဲ။ ကိုကျော်မြတို့တွေ အဖမ်းအဆီးခံလိုက်ရတော့ ကိုကျော်မြနဲ့အမြဲလိုလို အဆက်အစပ်ရှိနေတဲ့ ဦးလေးထွန်းတယောက်ကော ဒီတကြိမ်အစုလိုက်အပြုံလိုက်လူဖမ်းပွဲကြီးအတွင်း လွတ်လွတ်ကင်းကင်းမှ ရှိပါ့မလား၊ စက်ကွင်းမှ လွတ်ပါ့မလားလို့တွေးတောကြည့်မိရင်း၊ စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့မိပါသေးတယ်။ ဒါပေမဲ့ ဦးလေးထွန်းနဲ့ပတ် သက်တဲ့သတင်းကိုတော့ တော်တော်နဲ့မကြားရဘဲ၊ ဘယ်သူ့ဆီကမှလဲပြောသံဆိုသံ ထွက်လာခဲ့ခြင်းမရှိခဲ့ပါ။
ဒီကြားထဲမှာ ဦးလေးထွန်းရဲ့သားတယောက်ကိုတော့ ကျွန်တော်တွေ့လိုက်ရပါတယ်။ သူက DPA တပ်ဖွဲ့ကိုရောက်နေတဲ့သားငယ်ဖြစ်ပြီး၊ DPA တပ်ဖွဲ့ကစဉ့်ကလျားအဖြစ်မှာ ကျွန်တော်နေတဲ့မြို့ဘက်ဆီရောက်လာတာဖြစ်ပါတယ်။ ကျွန်တော်ကလဲ အိမ်ထောင်မကျသေးဘဲ၊ မြို့ဆင်ခြေဖုံးတနေရာက အခန်းငယ်လေးတခန်းထဲ တယောက်တည်းငှားရမ်းနေထိုင်နေချိန်ဖြစ်တာကြောင့်၊ ဦး လေးထွန်းရဲ့သားငယ် နေမင်းထွန်းကို ကျွန်တော့်ဆီနေလိုက နေနိုင်တယ်ဆိုပြီး (ဦးလေးထွန်းရဲ့ကျေးဇူးတွေကိုလဲ သတိရကာ) နွေးနွေးထွေးထွေး လက်ခံထားမှုလုပ်ခဲ့ပါတယ်။ ကျွန်တော် ငှား ရမ်းထားတဲ့၊ ခုတင်(၂)လုံးရှိတဲ့ အခန်းကျဉ်းလေးထဲကို သူက ညစဉ်ညစဉ် (၁၅) ရက်လောက်တော့ လာလာအိပ်လေ့ရှိပါတယ်။ နောက်ပိုင်းမှာ သူတို့ DPA က လူငယ်ရဲဘော်သူငယ်ချင်းတချို့နဲ့အတူ၊ လူငယ်အချင်းချင်းပဲ သွားလာလှုပ်ရှားနေကြရင်းက နေရာသစ်တခုဆီရောက်ရှိသွားပါတော့တယ်။ သူ ကျွန်တော့်အခန်းလေးထဲမှာ လာလာအိပ်စဉ်ကာလအတွင်းမှာ “ မင်းအဖေသတင်းကော ဘာများ ကြားမိသေးလဲ..” လို့သတိတရ မေးမြန်းကြည့်မိသေးပေမဲ့၊ အဲဒီအချိန်ကတော့ သူလဲ ဘာမှတိတိကျကျ မပြောနိုင်တဲ့အခြေအနေဖြစ်နေခဲ့ပါတယ်။ လပေါင်းများစွာကြာလေမှ ဦးလေးထွန်းရဲ့သတင်းကို ဦးလေးထွန်းရဲ့အရင်းနှီးဆုံး ဆွေမျိုးသားချင်းတဦးထံမှ အခိုင်အမာကြားသိလာရပါတယ်။ ဦးလေးထွန်းလဲ အခုတော့ ထောင်ထဲမှာ..တဲ့။ ‘၄၈၂၈ အမှုတွဲ’ နဲ့ ထောင်(၅)နှစ်လား အချခံရပြီး၊ မန္တလေး အိုးဘိုထောင်ထဲမှာ..တဲ့။ ကျွန်တော့်မှာ အဝေးကနေပဲ စိတ်မကောင်းဖြစ်ရရင်း၊ သက်ပြင်းဖွဖွ ချခဲ့ရပြန်ပါတယ်။ နောက်တော့- ဦးလေးထွန်းထောင်က ပြန်လွတ်လာပြီ၊ ‘အခုက သပိတ်ကျင်းဘက်မှာ ရွှေတောမှာ ရွှေတူးနေတယ်’..စတဲ့ စတဲ့သတင်းမျိုးတွေကို ရံဖန်ရံခါကြားလိုက်ရပြီး၊ အနည်းငယ် စိတ်လက်ပေါ့ပါး ခံစားလိုက်ရပါတယ်။ ၂၀၁၇-၂၀၁၈ ခုနှစ်ထဲလောက်မှာတော့- ဦးလေးထွန်း ကျန်းမာရေး သိပ်မဆိုးလှသေး၊ ရန်ကုန်မှာ ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းကပေးတဲ့ နိုင်ငံရေးအကျဉ်း သားဟောင်းများအတွက်-သူ့အတွက် ထောက်ပံကြေးငွေလေးကိုတောင် ပြုံးပြုံးရွှင်ရွှင်နဲ့လာရောက်ထုတ်ယူသွားသေးတယ်၊ ရန်ကုန်က မိတ်ဟောင်း ရဲဘော်ဟောင်းတချို့နဲ့တောင် ပြုံးပြုံးရွှင်ရွှင်တွေ့ဆုံသွားဖြစ်သေးတယ်ဆိုတဲ့ စိတ်ချမ်းသာစရာသတင်းလေးတွေကိုပါ ကြားလိုက်ရရင်း၊ မုဒိတာဖြစ်လိုက်ရပါသေးတယ်။ တချိန်ချိန်မှာ ပြန်လည်တွေ့ဆုံနိုင်လိမ့်ဦးမယ်လို့လဲ စိတ်ထဲမှာ မျှော်လင့်လိုက်မိပါသေးတယ်။ ဒါပေမဲ့ ...
အခုတော့ ၂၀၂၁ ခုနှစ်ဆန်းထဲမှာပဲ ဦးလေးထွန်းတယောက် ဆုံးရှာပြီ။
ဇန်နဝါရီ (၅)ရက်နေ့နေ့လည်မှာ ဦးလေးထွန်းရဲ့ဈာပနကို သပိတ်ကျင်း ‘လိပ်ကျ’ ဘက်မှာ သင်္ဂြိုဟ် တဲ့သတင်းဓါတ်ပုံလေးတွေ အီးမေးလ်ထဲကနေတက်လာတာကိုလဲ (၆) ရက်နေ့မနက်ပိုင်းမှာပဲ နောက်ဆုံးအဖြစ်ထပ်မံတွေ့မြင်လိုက်ရပါတယ်။ တူတံစဉ်ကြယ်နီသင်္ကေတကြီးရဲ့အောက်မှာ ‘ စစ်ကိုင်း ဦးထွန်း (မိုင်းထွန်း)၊ ၁၉၃၅ - ၂၀၂၁ လို့ဖော်ပြထားတာကိုပါ တွေ့လိုက်ရတဲ့အပြင် ဦးလေးထွန်းရဲ့ပြောကြားချက် ကောက်နှုတ်ချက်လေးကိုလဲ ရိုးရိုးရှင်းရှင်းနဲ့ တည်တည်ငြိမ်ငြိမ်ဖော်ပြထားတာ တွေ့လိုက်ရပါလေတယ်။ အဲဒါကတော့...‘ ပြည်သူကို မျက်နှာမူထားရင် အဲဒီတော်လှန် ရေး ဘယ်တော့မှမကျရှုံးဘူး ’ တဲ့။ မှန်ပါတယ် ဒါဟာ ခေတ်အဆက်ဆက်ရဲဘော်ဟောင်းကြီးဦးလေးထွန်းရဲ့ ခိုင်မာတဲ့ရပ်တည်ချက်ပေါ်ကနေ ထွက်ပေါ်လာခဲ့တဲ့သဘောထားအမြင် လို့ပဲ ဆိုလိုက်ချင်ပါတယ်။ ဟုတ်ပါတယ်၊ ဦးလေးထွန်းဟာ အဲဒီသဘောထားအမြင်အတိုင်းပဲဆုပ်ကိုင်ကာ၊ အဲဒီရပ်တည်ချက်အတိုင်းပဲ အစဉ်တစိုက်လုပ်ကိုင်ဆောင်ရွက်သွားခဲ့ပါတယ်။ ပြည်သူကို မျက်နှာမူထားရုံမက၊ ပြည်သူကြားထဲမှာပဲ နေထိုင်ရင်း၊ ပြည်သူအတွက် ပြည်သူဘက်ကနေ ထာဝရရပ်တည်လှုပ်ရှားသွားသူ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဦးလေးထွန်းကို ‘စစ်ကိုင်း ဦးထွန်း (သို့မဟုတ်) ပြည်သူဘက်က ထာဝရ ရပ်တည်သွားခဲ့သူ..’ လို့ပဲ ဝိဂြိုဟ်ပြုလိုက်ချင်ပါတယ်။
ဦးလေးထွန်းရေ… ပြန်လည်ဆုံဆည်းခွင့် မရတော့တဲ့အတွက် ကြေကွဲဝမ်းနည်းရပါတယ်။ဦးလေးထွန်းနဲ့ကျွန်တော်အကြား- မမေ့နိုင်စရာ အဖြစ် အပျက်လေးတွေကိုလဲ မကြာခဏ တကျော့ပြန် တကျော့ပြန်ပြန်လည်အမှတ်ရနေမိခဲ့ပေမဲ့၊ အခုမှပဲ ဦးလေးထွန်းအတွက် အမှတ်တရရုပ်ပုံလွှာလေးကို လက်စသတ် ရေးသားပြီးစီးနိုင်ခဲ့တာအပေါ်မှာတော့ သက်ဆိုင်သူများအနေနဲ့ ခွင့်လွှတ်ကြစေချင်ပါတယ်။
ဦးလေးထွန်းရေ… အဝေးကနေပဲ ကျွန်တော် နောက်ဆုံး ထပ်မံ ဦးညွှတ်လိုက်ပါတယ်။ ။
ဝင်းတင့်ထွန်း
၂၅ - ၁- ၂၀၂၁
*** * မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပါမကြွင်းမကျန် ပျက်သုဉ်းချုပ်ငြိမ်းသွားရေးအတွက် တိုက်ပွဲဝင်ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ခေတ်အဆက်ဆက်မှ လူ ပုဂ္ဂိုလ်တို့အား မျိုးဆက်သစ်နှောင်းလူများ မှတ်တမ်းတင်ထားနိုင်ရန် စာရေးသူ၏ခွင့်ပြုချက်အရ မိုးမခမှ လက်လှမ်းမီသမျှတင်ဆက်ခြင်းဖြစ်ပါသည်။
မိုးမခ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar