Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၈၈ )


အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၈၈ )

(မိုးမခ) မေ ၂၂ ၊ ၂၀၂၄

21/5/24

Diary in the darkness 

ဒီရက်ပိုင်း မနက်စောစော လမ်းလျှောက်ဖြစ်တယ်။ ကျောင်းဆရာဟောင်း တယောက်နဲ့ အတူပါ။ သူက သမိုင်း အဓိကသမား။ ရခိုင်လူမျိုး။ နိုင်ကျဉ်းဟောင်း။ အသက် ရှစ်ဆယ် ကျော်ပြီ။ သူက စာတွေအများကြီး ဖတ်တယ်။ သူနဲ့အတူ လမ်းလျှောက်ရင်း စကားပြောရတာ ဗဟုသုတတွေ အများကြီး ရတယ်။ သူက အေအေကို လေးစားမျှော်လ့င်တယ်။ အေအေ ခေါင်းဆောင်တွေဟာ ရခိုင်အမျိုးသားအစွန်းရောက်ဝါဒီတွေ မဟုတ်ဘူး။ နိုင်ငံတကာနဲ့အတူ ယှဉ်တွဲ လျှောက်လှမ်းနိုင်မယ့် လူငယ်တွေ ဖြစ်တယ်။ ရခိုင်ပြည်နယ်ရဲ့ ရေမြေအနေအထားကလည်း ပင်လယ်ဆိပ်ကမ်းမြို့ကြီးတွေ ပါဝင်နေတာကြောင့် ကမ္ဘာနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ပြီး အတူယှဉ်တွဲနေထိုင်မှုအခွင့်အလမ်းကို အလိုလိုရရှိပြီးသားသူတွေ ဖြစ်တယ်။ ရခိုင်အမျိုးသားလွတ်မြောက်ရေး ကြွေးကြော်သံဟာ အဆင့်တခုအထိပဲ ရှိမယ်လို့ သူက ယုံကြည်တယ်။ 

ရခိုင်ရဲ့ သမိုင်းကိုကြည့်ရင် အန္ဒိယ၊ ပေါ်တူဂီ၊ ဒချဒ်၊ ဂျပန်၊ အင်္ဂလိပ်တို့နဲ့ ကုန်သွယ်ကူးသန်းပြီး ကြီးမားတဲ့ မြို့ပြတွေတည်ဆောက်နိုင်ခဲ့တယ်လို့ဆိုတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ရဲ့ ရုပ်ပိုင်းအခြေအနေက ကျဉ်းမြောင်းတဲ့ ရခိုင်လူမျိုး အမြင်ထက် နိုင်ငံတကာ အမြင် ဖွံ့ဖြိုးလာမယ့် ဒေသ ဖြစ်တယ်လို့ သူက မြင်ပါတယ်။ သူက သမိုင်းဆရာတယောက်မို့ သူအမြင်က စူးရှပါတယ်။ 

ဒါပေမဲ့ နိုင်ငံတကာ မျက်နှာစာမှာတော့ ရိုဟင်ဂျာအရေးကိုသာ ဦးစားပေးနေပြီ ရိုဟင်ဂျာအရေး သာ နိုင်ငံတကာအရေးအဖြစ် အလွန်အကျူး ပုံဖော်နေတာ တွေ့ရပါတယ်။ မြန်မာတိုင်းရင်းသားအားလုံး စစ်အာဏာရှင်ရဲ့ ရက်စက်မှုအောက်ကျရောက်နေချိန်မှာ ရိုဟင်ဂျာ များသာ အဖိနှိပ်ခံနေရသလို အလွန်အကျွံဖော်ပြနေမှုဟာ မြန်မာတိုင်းရင်းသားများနဲ့ အဖိနှိပ်ခံ ရိုဟင်ဂျာများကို သွေးခွဲပေးသလို ဖြစ်နေပါတယ်။ စစ်အာဏာရှင်တို့ရဲ့ အကြိုက်ကို နိုင်ငံတကာက ဆောင်ရွက်ပေးသလို ဖြစ်နေပါတယ်။ 

ကျွန်တော်ဖတ်ဖူးတဲ့သတင်းထောက်တယောက်ရေးတဲ့ ငါတို့ ဗိုလ်ချုပ် ဘာလုပ်ခဲ့သလဲ အမည်ရှိစာအုပ်မှာ အင်္ဂလိပ်ထံက လွတ်လပ်ရေးယူခါနီး ဘူးသီးတောင်၊ မောင်တော ဒေသနဲ့ပတ်သက်လို့ အိန္ဒိယတာဝန်ရှိသူတွေနဲ့ ဗိုလ်ချုပ်တို့ဆွေးနွေးတဲ့အခါ မြန်မာရော အိန္ဒိယကပါ ဘာသာရေး၊ လူ မျိုးရေး နိုင်ငံထူထောင်မှာမဟုတ် ဒီမိုကရေစီနိုင်ငံထူထောင်မှာမို့ လူမျိုးနဲ့ ဘာသာရေးကို အခြေခံပြီး နိုင်ငံနယ်နိမိတ်သတ်မှတ်ခြင်း မပြုခဲ့ကြပါ။ သဘာဝမြေအနေအထားကိုသာ အခြေပြုပြီး နယ် နိမိတ်သတ်မှတ်ခဲ့ကြတယ်လို့ သိခဲ့ရပါတယ်။ 

နှစ်ဖက်နယ်စပ်နဲ့ နိုင်ငံအသီးသီးမှာ အမျိုးသားရေး၊ ဘာသာရေးကို ခုတုံးလုပ်တဲ့ မသမာသူတွေလက်ထဲ အာဏာ ကျရောက်သွားတဲ့အခါ ဒေသခံပြည်သူတွေ ဒုက္ခပင်လယ်ဝေခဲ့ကြတာပါ။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကြီးထွားမှ အကျိုးစီးပွားဖြစ်မယ့်သူတွေကတော့ ထိပ်တန်းနေရာ အသီသီးမှာ ရောက်ရှိလာတဲ့အခါ အကြမ်းဖက်မှုတွေ ပြင်းထန်လာခဲ့ပါတော့တယ်။ ဒီပြဿနာကို နိုင်ငံတကာ ငြိမ်းချမ်းရေးလိုလားသူများနဲ့ ဒေသခံ တာဝန်ရှိသူများ ပူးတွဲပြီး အကြမ်းဖက်သမားများကို နှိမ်နင်းနိုင်မယ် ဆိုရင်တော့ ပြည်သူတွေဘဝ သာယာလာမှာပါ။

ရခိုင်တော်လှန်ရေးဟာ နယ်မြေလွတ်မြောက်ရေးသာမက ဘာသာရေး လူမျိုးရေး အစွဲအလမ်းတွေကပါ လွတ်မြောက်အောင်ဆောင်ရွက်ရမှာမို့ တာဝန်ကြီးလွန်းလှပါတယ်။ ဒါပေမဲ့ ရခိုင်တော် လှန်ရေးသမားတွေဟာ စစ်ကောင်စီရဲ့ စခန်းတွေကို တခုပြီးတခု ဆက်တိုက်သိမ်ပိုက်တဲ့ သတင်းတွေ အဆက်မပြတ် ကြားနေရတာမို့ အားလုံအတွက် ရောင်နီ ပေါ်လာပါပြီ။ 

ကျွန်တော်တို့ အတူတူ လမ်းလျှောက်ရပါဦးမယ်။ အတက်အဆင်း အကွေ့အကောက် နဲ့ခလုတ်ကန်သင်းတွေကို ကျော်ဖြတ်ရင်းပေါ့။ 

အန်ကယ် တူမီး

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar