တင်ဇော်လွင် - ဗုဒ္ဓနေ့
တင်ဇော်လွင် - ဗုဒ္ဓနေ့
(မိုးမခ) မေ ၂၂ ၊ ၂၀၂၄
“ကဆုန်လကို ရောက်လာတော့ ငယ်ငယ်တုန်းက ဆယ့်နှစ်လရာသီပွဲတော်တွေကို အရကျက်ခဲ့ရတာတွေကို မှတ်မိသေးလား သူငယ်ချင်း၊ တန်ခူးလ သင်္ကြန်ပွဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲ... ဆိုတာတွေလေ”
“မှတ်မိပါ့ကွာ၊ ဆရာ ဆရာမတွေနဲ့ တို့ကျောင်းသားတွေ ဘုရားကြီးထဲက ညောင်ပင်ကို ရေသွားလောင်းကြသေးတယ်လေ”
“ငယ်ငယ်တုန်းက အကြောင်းတွေ တွေးမိတော့ လွမ်းသကွ။ အခုတောင် ပြေးပြီးတော့ လောင်းလိုက်ချင်သေး”
“မင်းကတော့ လုပ်ပြီ။ ဒါနဲ့ လကဆုန် ဆိုတဲ့ ကိုမင်းနောင် သီချင်းကိုကော မင်း မှတ်မိသေးရဲ့လား၊ ရသေးရဲ့လား”
“ရပါသေးတယ်ကွ။ ဘာတဲ့... ရေအိုးကလေး ရွက်လာတယ်၊ ဘယ်ကို သွားမလဲကွဲ့ ခင်ရယ်... ဆိုတာလေ၊ ရွှေပြည်အေး လက်ရာပေါ့၊ ဘယ်မေ့ပါ့မလဲ”
“အင်း... ကဆုန်လပြည့်ကတော့ တို့ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ အထွတ်အမြတ်ထားရမယ့်နေ့ပါပဲ။ ဗျာဒိတ်တော် ရတဲ့နေ့၊ ဖွားတော်မူတဲ့နေ့၊ ဘုရားအဖြစ်ကို ရောက်တဲ့နေ့၊ ပရိနိဗ္ဗာန်ပြုတဲ့နေ့တွေဟာ အားလုံး ကဆုန်လပပြည့်နေ့မှာ ဖြစ်ပျက်ခဲ့တာချည်းပဲမို့ ‘ဗုဒ္ဓနေ့’ လို့ သတ်မှတ်ခဲ့ကြတာကိုး။ ဗျာဒိတ်တော်ခံ-ဖွား-ပွင့်-စံ၊ အဲဒီလို မဟုတ်လား”
“သီချင်းထဲမှာတောင် ဝိသာခါနက္ခတ်နဲ့အညီ ရက်မြတ်တဲ့ ချိန်ခါမှီ၊ ဘုရားအဖြစ်ကို ဧကန်စင်စစ် ရတော်မူလေသည်လို့ ထည့်ပြီး စပ်ဆိုခဲ့သေးတာပဲ။ အဲဒီ ဝိသာခါနက္ခတ်ကို အစွဲပြုပြီး သီရိလင်္ကာလို နိုင်ငံက wesak (Vesak) Week လို့ ခေါ်ပြီး တပတ်လုံးလုံး ပူဇော်ပွဲတွေ၊ အခမ်းအနားတွေ လုပ်ကြတာ တွေ့ရတယ်ကွာ။ ဗုဒ္ဓနေ့ (Buddha Day) လို့ ဆိုလိုတာပေါ့ကွာ။ အေး... ဒီနေရာမှာ စကားစပ်လို့ ပြောရမယ်ဆိုရင် တကမ္ဘာလုံး အတိုင်းအတာနဲ့ ကုလသမဂ္ဂက ဗုဒ္ဓ ဖွားမြင်တဲ့နေ့ (ဗုဒ္ဓနေ့)ရယ်လို့ တရားဝင် သတ်မှတ်ကြေညာပေးတာက ၂၀၀၀ ပြည့်နှစ်ကမှကွ။ သိပ်မကြာသေးဘူး”
“ဟင်... ဘာဖြစ်လို့ နောက်ကျနေရတာလဲ၊ ကမ္ဘာ့ဘာသာကြီး ၄ ခုထဲမှာ တခုအပါအဝင် ဖြစ်ပြီးတော့”
“မင်း ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ တို့ ဗုဒ္ဓဘာသာဝင်တွေက လူနည်းစုလေကွာ၊ အဲဒါလည် ပါမှာပေါ့။ ဘာပဲဖြစ်ဖြစ် Buddha Birthday ကို အသိအမှတ်ပြု ကျင်းပပေးကြတော့ ဝမ်းသာစရာပေါ့ကွာ”
“ဟိုးအရင်နှစ်တွေက သီရိလင်္ကာက ထုတ်ဝေတဲ့ Vesak Week အထိမ်းအမှတ် တံဆိပ်ခေါင်းတွေ မင်း ထုတ်ပြတာ ငါ မှတ်မိသေးတယ်၊ ပြစမ်းပါဦးကွ၊ ထပ်ကြည့်ရအောင်၊ သူတို့က တနှစ် တခါ ပုံမှန်ထုတ်တာ မဟုတ်လား”
“ကဲ... ဒီမှာ ကြည့် သူငယ်ချင်း၊ အကုန်လုံးတော့ မဟုတ်ဘူး၊ တချို့တဝက်ပေါ့ကွာ”
သီရိလင်္ကာနိုင်ငံထုတ် VESAK Week ဗုဒ္ဓနေ့ အထိမ်းအမှတ်ထုတ် တံဆိပ်ခေါင်းများ
“
နှစ်စဉ်နှစ်တိုင်း ဝေဝေဆာဆာ ထုတ်ဝေတယ်ကွ။ အဲဒါတွေအပြင် ဖွား-ပွင့်-စံ တံဆိပ်ခေါင်းတွေလည်း ပြရဦးမယ်ကွ။ မင်းလည်း ဗုဒ္ဓဂါယာ ဘုရားဖူးရောက်ဖူးသားပဲဥစ္စာ။ ဖွားတော်မူတဲ့ နီပေါက လုမ္ဗိနီဥယျာဉ်၊ ဘုရားပွင့်တဲ့ အိန္ဒိယက မဟာဗောဓိ ဗုဒ္ဓဂါယာနဲ့ ပရိနိဗ္ဗာန်စံတဲ့ ကုသိနာရုံ စတာတွေကို တံဆိပ်ခေါင်းထုတ်ထားတာတွေပေါ့ကွာ။”
“တို့နိုင်ငံကကော ထုတ်ဖူးလား”
“မထုတ်ဖူးဘူးကွ။ နီပေါ၊ အိန္ဒိယကတော့ အဓိကပေါ့ကွာ။ ယိုးဒယားနဲ့ တရုတ်ပြည်ကလည်း ထုတ်ဖူးတယ်။ ဒီမှာကြည့်ကွ”
(ဖွား) နီပေါ - လုမ္ဗနီဥယျာဉ်
(ပွင့်) အိန္ဒိယ - ဗုဒ္ဓဂါယာ
(စံ) အိန္ဒိယ - ကုသိနာရုံ
ယိုးဒယား (၁၉၁၇)
(ပွင့်) တရုတ် - ဗုဒ္ဓဂါယာ
“ဒါနဲ့ နေစမ်းပါဦး၊ စောစောက မင်း ပြောတဲ့ သီချင်းတပိုင်းတစ၊ ဘာတဲ့ ဝိသာခါနက္ခတ်နဲ့အညီ ရက်မြတ်တဲ့ ချိန်ခါမီ ဆိုတာ ဘယ်သီချင်းထဲကလဲ၊ ငါ မေ့တေ့တေ့ ဖြစ်နေလို့”
“ဒီမှာ နားထောင်၊ ဘဂဝါဇိန အရှင်သည် တဏှာရှိသမျှ စင်တော်မူပြီ အပရာဇိတပလ္လင်ကိုတဲ့ အောင်မြင်ငတော်မူပြီ”
“ဟုတ်ပြီ၊ မှတ်မိပြီကွ၊ ဗောဓိပင်နှင့် ရွှေပလ္လင် မဟုတ်လား”
“ဟုတ်တာပေါ့ကွာ၊ မင်း မှတ်ဉာဏ်ကောင်းနေတုန်းပဲ၊ ရေးတာ ရွှေတိုင်ညွန့်ကွ၊ တဆက်တည်း ပြောရမယ်ဆိုရင် ပရိနိဗ္ဗာန်ပြုတဲ့အကြောင်း ရေးထားတဲ့ ကုသိနာရုံသီချင်းကလည်း သူ့လက်ရာပဲ။
‘အာယုသင်္ခါရ လွှတ်တော်မူသည်၊ ဘဝဂါဘုရား အမတာကို ကြွလေပြီ” ဆိုတာလေ၊ မင်း မှတ်မိတယ် မဟုတ်လား”
“အေး အေး၊ ပြန်မှတ်မိပါပြီ။ ငါကတော့ နန်းတော်ရှေ့ရဲ့ စွယ်တော်ခိုးခန်းကို ပိုကြိုက်တယ်ကွ။ ငါသာ ဝေသည်၊ ငါသည် ဘာမှ မရပါကလား၊ ဒေါနပုဏ္ဏား ယုံစားမိသည်...”
“အောက်လက်ယာ စွယ်တော်မြတ်ကို ခြေမကြားမှာ ထားကာ ဝှက်သည်”
“ဪ... မင်းနဲ့ ငါလည်း ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း ပြောရင်းနဲ့ တရားနာ၊ တရားနှလုံးသွင်းရမယ့်အစား နစ္စ ဂီတတွေ လုပ်နေမိပါပေါ့လား”
“ဂီတဟာ အသက်ရှည်ဆေး တမျိုးလို့ ဆိုထား မဟုတ်လားကွာ”
“ဪ... ဒါနဲ့ မင်း ဗုဒ္ဓဂါယာ ဘုရားဖူးရောက်တော့ ဘာဆုတွေ တောင်းခဲ့လဲ”
“အဲဒီဗုဒ္ဓဂါယာမှာ လူဖြစ်ရပါလို၏ လို့ ဆုတောင်းခဲ့တယ်ကွ”
“ဟင်... ဘာဖြစ်လို့တုံး။ တို့ ဘုန်းကြီးတွေ ဟောတာ ကြားမိသလောက်ကတော့ မြန်မာပြည်မှာ လူဖြစ်ရတာ ကံအကောင်းဆုံးဆို၊ အဲဒါ မမှန်ဘူးလား”
“ဒီလိုရှိတယ် သူငယ်ချင်းရ... မင်းလည်း သိမှာပေါ့။ ပွင့်ခဲ့ဖူးတဲ့ ဘုရားအဆူဆူ နောင်ပွင့်မယ့် ဘုရားအဆူဆူဟာ ဗုဒ္ဓဂါယာ နေရာဌာနတွေမှာပဲ ပွင့်စမြဲပဲ၊ ပွင့်ကြမှာပဲ ဆိုတာလေ”
“အေး... အဲဒါတော့ ငါလည်း ဖတ်ဖူးပါတယ်”
“အဲဒီတော့ကာ အဲဒီဒေသမှာ လူဖြစ်ရတာ၊ ဘုရားရိပ်နဲ့ အနီးဆုံး ဆိုတော့ ပိုပြီး မကောင်းဘူးလား၊ ကျွတ်တန်းဝင်ဖို့ နိဗ္ဗာန်ရောက်ဖို့ ပိုပြီး အခွင့်အလမ်း မသာဘူးလား၊ ပြောစမ်းပါဦးကွ”
“အဲဒါတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ အိန္ဒိယပြည် အဲဒီနယ်တွေက ဆင်းရဲတွင်းက နက်ပါဘိသနဲ့”
“အခုတော့ တိုးတက်စပြုလာပါပြီကွ။ နောင် အနှစ် ၃၀ မင်းရော ငါရော သေလောက်မယ့်အချိန် ကျရင် သူတို့နယ်မြေတွေဟာ အရမ်းတိုးတက်စည်ကားနေလောက်ပါပြီ. တို့ပြည်ကြီးသာ နောင်အနှစ် ၃၀ အတွင်းမှာ မီးတောင် မှန်မှန်လာပါဦးမလား ဆိုတာ မသေချာဘူး မဟုတ်လား၊ ငါ ပြောတာ ဟုတ်ရဲ့လား”
“မင်းကတော့ လုပ်ပြီ”
#MoeMaKaMedia
#WhatsHappeningInMyanmar