မာန်(တောင်လုံးပြန်) - ပေါ့ပေါ့ပါးပါး မေရိကား
မာန်(တောင်လုံးပြန်) - ပေါ့ပေါ့ပါးပါး မေရိကား
(မိုးမခ) မေ ၂၁ ၊ ၂၀၂၄
(၁) အကြွေးနဲ့ ဝယ်တဲ့အိမ်
ဒီလိုဗျာ။
အိမ်ဝယ်တဲ့ကိစ္စလေး မပြောခင် ဆရာညီပုလေး ပြောဖူးတဲ့ ဟာသလေး ရှိသဗျ။
"ကျွန်တော်တို့ မန္တလေးက အညာသားတစ်ယောက်၊ ဘယ်နေရာမှ သုံးမရလို့ ဧရာဝတီမြစ်ထဲ ကန်ချ၊ ရေစီးနဲ့ အောက်ပြည်ကို မျောသွားတယ်။ ကမ်းပေါ်ရောက်တဲ့အခါကျတော့ အောက်ပြည်မှာ သူကြီးလောက်တော့ ဖြစ်သေးတယ်ဗျ" တဲ့။
ခု ကျွန်တော်လည်း အဲဒီလိုကိန်းပါပဲ။
မြန်ပြည်ကြီးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးပြင်မဟဲ့လို့၊ဆရာကိုထင် ခေါ်သမို့ အထက်ပြည်၊ အောက်ပြည် ဟိုဟိုဒီဒီ လိုက်ဟောကောင်းတာနဲ့ မြိတ်မြို့လည်း ရောက်ကရော၊ စစ်တပ်က ထတရားစွဲ။ အမှုရင်ဆိုင်။ အမှုပြီးလေတော့ ရှေ့နေကြီး ဆရာဦးကိုနီစာအုပ်ရေးဖြစ်။ အဲဒီကစပြီး မဘသတွေနဲ့ တကျက်ကျက် ဖြစ်ရတော့ပါတော့တယ်။
ဟော...စစ်တပ်က အာဏာထပ်သိမ်းတော့ KNU ထဲ သွားမယ်ဟဲ့ဆိုပြီး ထွက်လာခဲ့တာ မဲဆောက်ကို အတူပြေးကြတဲ့ မိတ်ဆွေ စာရေးဆရာကောင်းမှုနဲ့ ဒီ မေရိကားကို ခပ်ချောင်ချောင် ရောက်လာပါလေရော။
ဟုတ်ကောဟုတ်ရဲ့လား ထင်ရောပေါ့ဗျာ။
ဟုတ်ပါ့ခင်ဗျာ။
မြဝတီကနေ မဲဆောက်ကို ခိုးကူးပြီးလို့ ကျေးဇူးကြီးတဲ့ ဆေးခန်းကြီးထဲမှာ နှစ်ဦးသားကို သေသေချာချာလူမသိစေဖို့ ကိုဗစ်ရောဂါသည်များ အဆောင်တော်မှာထား၊မည်သူမှ မလာရ၊ ကန့်သတ်နေရာမှာဝှက်ထားပေးတဲ့ကာလ၊ အခန့်သား နေထိုင်စားသောက်နေဆဲပေါ့ဗျာ။
မိတ်ဆွေ စာရေးဆရာက မေးလာပါတယ်။
"ဟေ့လူ ခင်ဗျား မေရိကားကို လျှောက်လွှာတင်မလားဗျ၊ကိုဒေးဗစ်က ခင်ဗျားပါလျှောက်ပါလား"တဲ့။
ကျွန်တော် ငြင်းပါပေါ့ခင်ဗျာ။
"ဖြစ်နိုင်ရင် ကျွန်တော့ကို ထိုင်းမှာပဲ နေလို့ရအောင် လုပ်ပေးဖို့ ပြောပေးလေဗျာ။"
"နေဦးဗျ ကျွန်တော် မေးကြည့်ဦးမယ်"
မိတ်ဆွေစာရေးဆရာက သူ့ဖုန်းထဲကနေ မက်ဆေ့ပို့ပေးပြီး မေးလေသောအခါ၊ ကိုဒေးဗစ် ဖြေတာက "ဒါက သူ့ကိစ္စမဟုတ်၊ မေရိကား သွားမယ်ဆိုရင်သာ သူကူညီပေးမယ်တဲ့"
စဖြစ်ပုံက ဒီလိုဗျ။
မိတ်ဆွေက အရာရှိဒေးဗစ်ကို ရန်ကုန်ကနေ သူ ဘယ်လို ရှောင်တိမ်းလာရပုံတွေ ရှင်းပြ၊ မြဝတီကနေ မဲဆောက် ရောက်လာရပုံ၊ တောထဲ ခိုးနေခဲ့ကြပုံတွေ ပြောပြ၊ အတူပြေးလာသူလည်း စာရေးဆရာပဲ ဆိုတာ ပါသွားရာကနေ ဒီလိုဆို အဲဒီလူပါ မေရိကား လျှောက်ပါလားဖြစ်သွားတာပါ။
မိတ်ဆွေဖြစ်သူက ထပ်တိုက်တွန်းလေတော့ "ကဲ၊ ဒီလိုဆိုရင်ဖြင့် ခင်ဗျား ဖုန်းနဲ့ပဲ ကျွန်တော့်အချက်အလက်တွေ ပို့ပေးဗျာ၊ ခင်ဗျားက အင်္ဂလိပ်လို တအားကျွမ်းတယ်ဆိုတော့ လုပ်ပေးပါဗျာ"
ကျွန်တော့်စိတ်ထဲမတော့ ရရင်းလည်းရ၊မရရင်လည်းနေပေါ့လေ။ တစ်ဖက်မှာလည်း သြစီက ဒေါက်တာမြင့်ချိုတို့အကူအညီနဲ့ KNU ထဲ သွားဖို့ပြင်ဆင်ရင်း၊ ရက်ချိန်းတွေယူ။
ဒီခိုလှုံရာ ဆေးခန်းကြီးကနေ ထွက်ခွာဖို့ကာလကို စောင့်။ သြစီက ဆရာဒေါက်တာမြင့်ထွန်း၊ ကိုစိုးသီဟ၊ ကိုတင်ကိုကို တို့လို မိတ်ဆွေတွေရဲ့ ငွေကြေးကူညီပံ့ပိုးမှုတွေ ဂျာမနီက ညီမဝေဝေနဲ့ သီတာတို့အကူအညီတွေ၊ အခြားသော အပေါင်းအသင်း ရောင်းရင်းတို့ရဲ့ မစသမှုတွေကို စောင့်ရင်းပေါ့ဗျာ။
ဗြုန်းဆို မထင်မှတ်ဘဲ ကျွန်တော့်ရဲ့ အချက်အလက်တွေကို ရုံးအရာရှိ ကိုဒေးဗစ်တို့က လက်ခံလိုက်တဲ့အခါ ကျွန်တော် လန့်သွားပါတယ်။ မဲဆောက်က အစ်မညိုတို့အိမ်မှာ တစ်လတာခိုလှုံပြီးလို့၊ နောက်အိမ်ခန်းတစ်ခန်း ထွက်ငှားလို့၊ နေကြတဲ့ကာလမှာ ဖြစ်လာတာပေါ့။
သင်္ကြန်ပြီးတော့ မိတ်ဆွေ စာရေးဆရာရဲ့ မိသားစုလည်း တော်တော်လေး ခက်ခက်ခဲခဲနဲ့ ထွက်ပြေးလွတ်မြောက်လာကြတာပေါ့။ အဲဒီမှာ ဆိုင်ရာ ရုံးဌာနတွေကို ဆက်သွယ်ကြ။ ပထမအကြိမ် တွေ့ဆုံမေးမြန်းတာတွေ လုပ်ကြ။ ဓာတ်ပုံတွေ ရိုက်။ ဆေးစစ်။ ရက်ချိန်းတွေ ယူကြပါတယ်။ အားလုံးချောမွေ့လွန်းလို့ ကျွန်တော်ဖြင့် မသွားချင်သေးတာနဲ့ ခွင့်တစ်လ တင်တယ်ခင်ဗျ။
"ချစ်ဇနီး မရွှေအေးနဲ့ မခွဲခင် တွေ့ပါရစေဦး" ဆိုတော့ ရပါတယ်တဲ့။
ဒါနဲ့ပဲ မရွှေအေးတစ်ယောက် မဲဆောက်ကို မဟာစွန့်စားခန်းကြီး ပြုပြီး သူ့လင်တော်မောင် ပြည်ပြေးကြီးကို လာတွေ့ရှာလေရဲ့ဗျာ။
ဒါပေသိ ကံဆိုးချင်ပြန်တော့ ကျွန်တော် အလှူတော် လက်လွန်မိသွားတာကို မိတ်ဆွေစာရေးဆရာရဲ့တူမတော် လင်မယားက မကျေမနပ်ဖြစ်ပြီး၊ ဒေါသတကြီးနဲ့ ညကြီးသန်းခေါင် အိမ်ရှေ့မှာ လာသောင်းကျန်းရင်း ရဲခေါ်ပါလေရောဗျို့။
မိတ်ဆွေ စာရေးဆရာ မိသားစုကတော့ ဘန်ကောက် ရောက်သွားနှင့်ပါပြီ။ သူတို့နဲ့တော့ မဆိုင်တော့ပါဘူး။
မရွှေအေးလည်း ကြောက်တာပေါ့။ သူ ကိုင်ထားတဲ့ တပတ် နေထိုင်ခွင့် လက်မှတ်လေးက အဲဒီဇနီးမောင်နှံဆီက ပြန်ဝယ်ထားတာမို့ ရဲလာရင် ပါသွားမှာလေ။ ကျွန်တော် မိုက်မဲတာပါ။ ဝေသန္တရာအလုပ်လွန်မိတာကိုးဗျ။
မရွှေအေး ဒီဘက်ကို ခိုးကူးဖို့ ငွေလေးထောင်နဲ့ ခေါ်ခိုင်းချိန်မှာ အဲဒီလင်မယားဆီ စရံ ငွေချပြီးအရင်အပ်တာပါ။ တကယ်ကူးချိန်မှာ သူတို့ မလုပ်ပေးနိုင်တော့ မရွှေအေး ကူးမရဘဲ ပြန်သွားရတယ်။ နောက်ရက်ကျမှ တခြားအစီအစဥ်နဲ့ ကူးမှရပါတယ်။ အဲဒီ စရံငွေ ပြန်တောင်းတာကို ဝှေ့လည်လည်လုပ်နေတော့၊ ကျွန်တော်က အဖွဲ့အစည်းကို တိုင်မယ်ဆိုမှ ပြန်ပေးလာပါတယ်။ အဲဒီကိစ္စကို မကျေလည်ထားတာကစလို့၊ ကျွန်တော်က သူတို့လာယူမယ့် မိတ်ဆွေမိသားစု ချန်ထားခဲ့တဲ့ မိသားစုသုံး မွေ့ရာ၊ စောင်၊ ခေါင်းအုံးတွေ အစ်မညိုဆီကတဆင့် တောထဲက လိုအပ်သူတွေဆီ လှူပစ်လိုက်တာကို ပေါက်ကွဲပြီး လာသောင်းကျန်းကြတာပါ။
ကျွန်တော်လည်း ညကြီးသန်းခေါင် ညီမမြနန္ဒာရဲ့ မိတ်ဆွေကို ကျွန်တော် အကူအညီတောင်းလိုက်ရပါလေရော။ အဲဒီ မိတ်ဆွေက သူ့သူငယ်ချင်းစစ်သားတစ်ဦးကိုပါ ဆိုင်ကယ်နဲ့အဖော်ခေါ်လာပြီး ဖြေရှင်းပေးတာကြောင့် ရဲဖမ်းတာ မခံရတာပါ။ညကြီးသန်းခေါင်မှာ အတော်ထိတ်လန့်စရာပေါ့ဗျာ။ အတော်လေးကြာမှ အခြေအနေအေးသွားပါတော့တယ်။ ဒါပေသိ မရွှေအေးလည်း ဆက်မနေဝံ့လို့ ပြန်ပါလေတော့မယ်။ မပျော်ဖွယ်သော အလွမ်းနိဂုံးလေးပေါ့။
မရွှေအေး ပြန်သွားတော့မှ ကျွန်တော်လည်း နောင်တတွေရပြီး ရုံးဌာနကို လှမ်းဆက်သွယ်ပါတယ်။ငါ သွားမယ် အဆင်သင့်ဖြစ်ပြီပေါ့။
အဲဒီတော့ ရုံးဌာနဘက်က ကျွန်တော့်ကို ဒီလူ ဒီမှာ ကြာကြာထားလို့ မဖြစ်ပေဘူးဆိုပြီး ပထမ သူတို့ငှားထားတဲ့ ဟိုတယ်ကို ပို့ပါတော့တယ်။ အမယ်လေး နာမည်ဝှက်တစ်ခု ပေးပါဆိုတော့ ဒီလူဟာ "ကျော်ကြီး"ဖြစ်သွားပါကရော။ ဟိုတယ်မှာထားရင်း ဆေးခေါ်စစ်တော့ ကျသဗျာ။ ကျမှာပေါ့လေ၊ သောကပရိဒေဝတွေနဲ့ နေ့နေ့ညညသောက်နေမင့်ကိုး။
ငှားနေတဲ့ အိမ်ကလေးကိုတော့ လစာဆက်ပေးလို့ နောက်ထပ် ထွက်ပြေးလာတဲ့သူတို့ ခိုလှုံရာအဖြစ် ဆက်ဖွင့်ခိုင်းပြီး နိုင်သလောက် လုပ်ဖြစ်ကြပါတယ်။ မြနန္ဒာတို့ လက်ထဲအပ်ပြီး လိုတာဖြည့်ပေးဖြစ်ပါတယ်ဗျာ။
ဟိုတယ်ရောက်လေမှ ကိုယ်လို ထွက်ပြေးတိမ်းရှောင်လာသူတွေ ကိုယ်လိုပဲ လွတ်မြောက်ပြီး မေရိကား ရောက်စေဖို့ ကူညီနိုင်တာ ကူညီ၊ လမ်းညွှန်နိုင်တာ လမ်းညွှန်ပေးရင်း ဘာလိုလိုနဲ့ လူလေးဆယ်ကျော်ထိ မိသားစုလိုက် တစ်စုပြီးတစ်စု အောင်သွားသဗျို့။ သို့ပေသိ မအောင်မြင်တဲ့ မိသားစုတွေလည်း ရှိကြပါတယ်။ ထီထိုးရသလိုပေါ့ဗျာ။ ဒီလိုလုပ်တာမျိုးဆိုရင် ပြည်တွင်းနဲ့ မေရိကားက တချို့လူဟောင်းတွေ အမြင်မကြည်ဘဲ စိတ်ဆိုးမာန်ဆိုးမှာစိုးသမို့ ဘာမှ ထုတ်မပြောရဲသေးဘူး။တချို့က ကျွန်တော်တို့ ရောက်လာတာ တယ်မကြိုက်ကြပေသကိုးဗျ။ နောင်နှစ် ၂၀ လောက်မှ ကိုယ့်လူတွေနဲ့ ပြန်ဆုံရင်း ဟာသဖောက်ကြပါဦးမယ်။
သို့လိုပြီးသကာလ ရုံးဌာနက ကျွန်တော်မျိုးကို လေးလအတွင်း မေရိကားသို့ သွားစေသတည်းဟု ခွင့်ပြုလေ၏။
ဤဖြတ်သန်းရာခရီး၌ ဦးစွာရှိခိုးဦးတင်ရမည့် ပထမဦးဆုံး ကျေးဇူးရှင်ဖြစ်သူမှာ ပြည်တွင်းမှ မိခင်ရင်းပမာ စောင့်ရှောက်သော ကြီးကြီးဆရာမတစ်ဦးပါခင်ဗျာ။ အမည်မပြောသာသေး၍ ခွင့်လွှတ်ပါကိုယ့်လူတို့။
မြဝတီမှာ ကယောင်ကယာ ဖြစ်နေဆဲကာလ ကြီးကြီးဆရာမ ကျေးဇူးကြောင့် ကျွန်တော်နဲ့ မိတ်ဆွေစာရေးဆရာတို့အား နယ်ခံတိုင်းရင်းသား ဗိုလ်တစ်ဦးက သူ့အိမ်မှာဝှက်ပြီး ကူညီပေးခဲ့တာပါ။
ဒုတိယကျေးဇူးရှင်မှာလည်း ကဗျာဆရာတစ်ဦးပါခင်ဗျာ။ ကျွန်တော့်ကို မေရိကား ထွက်ခါနီးဆဲဆဲမှာမှ ကိုယ့်လူ နေပါဦး၊ ဆိုင်းငံ့စာရင်းထဲ ပါနေတယ်တဲ့။ ကိုယ့်လူကို ထောက်ခံပေးဖို့ လူလိုတယ်တဲ့။ အဲဒီမှာ မေရိကားက ကိုကောင်းနဲ့ ကဗျာဆရာ ပေါင်းပြီး ဒီစာရေးဆရာဟာဖြင့် ဦးကိုနီစာအုပ် ရေးလေသူ တစ်ဦးသာတည်းဆိုတဲ့ ထောက်ခံချက်နဲ့ လွတ်စေ ဖြစ်ရပါသည်ဗျာ။ ဒါဟာ အင်မတန်ကျေးဇူးကြီးတဲ့ ထောက်ခံချက် မဟုတ်ပါလား။
မူရင်းအတူပြေးလာတဲ့ မိတ်ဆွေ စာရေးဆရာကိုလည်း ကျေးဇူးတင်ရပါတယ်။ သူနဲ့ကျွန်တော် မြဝတီကို နေ့ကား၊ ညကား ခွဲစီးပြီး ပြေးလာကြတာပါ။ ကျွန်တော်က အရင်ရောက်နှင့်လို့ မြဝတီမှာ သူ့ကို ကျွန်တော် ကူညီပေးခဲ့တာကြောင့် သူ့ဘက်က ပြန်ကူညီပေးခဲ့တာ ဖြစ်ပါမယ်။
ဒီကနေ့မှာတော့ အဆက်အစပ် မပြုကြတော့ပါဘူး။
ကိုင်း၊ အကြွေးနဲ့ဝယ်သော အိမ်စခန်းဆီ ဆက်ကြဦးစို့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar