မောင်တူး - ချယ်ရီမဂ္ဂဇင်းအယ်ဒီတာ နှုတ်ထွက်ခဲ့ရတဲ့ ဒီပဲယင်းကဗျာ
Photo - Credit
ချယ်ရီမဂ္ဂဇင်းအယ်ဒီတာ နှုတ်ထွက်ခဲ့ရတဲ့
ဒီပဲယင်းကဗျာ
မောင်တူး
(မိုးမခ) မေ ၃၁၊ ၂၀၂၄
ဒီမြို့မှာ
အမျိုးသမီးတစ်ယောက်
သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ရတယ်။
(ကြည်မောင်သန်း)
၂၀၀၈ ဇွန် ချယ်ရီမဂ္ဂဇင်းပါ ဒီပရင်္ဂကဗျာမှ......
၂၀၀၈ ခုနှစ် ဇွန်လထုတ် ချယ်ရီ မဂ္ဂဇင်းပါ " ဒီပရင်္ဂ " ကဗျာ လူကြိုက်များခဲ့တယ်။ အဲ့ဒီနောက် စာပေစိစစ်ရေးက နိုင်ငံတော် မူဝါဒတွေနဲ့ ငြိတယ်ဆိုပြီး မဂ္ဂဇင်းတာဝန်ရှိသူတွေကို ခေါ်ယူစစ်ဆေးခဲ့တယ်။ ချယ်ရီ အမှုဆောင်အယ်ဒီတာ ကိုဌေးအောင်ကို ထုတ်လိုက်တယ်။
''ဒီပရင်္ဂ''
ပုံပြင်ထဲက မြို့လည်းမဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇဝင်ထဲက မြို့တစ်မြို့
ပုဂံခေတ်ထဲကရှိတဲ့ မြို့တစ်မြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်ကတည်းကရှိတဲ့ မြို့တစ်မြို့
သမိုင်းဝင် မြို့တစ်မြို့
ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်ကနတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို
အစွဲပြုလို့
ဒီမြို့နာမည်တွင်ခဲ့ရ။
(ကြည်မောင်သန်း)
* ၂၀၀၈ ဇွန် ချယ်ရီမဂ္ဂဇင်းပါ ဒီပရင်္ဂကဗျာမှ......
ဆရာလှသန်းရဲ့ ဒီပရင်္ဂ ခေါ် ဒီပဲယင်းကဗျာ အဖွင့်ပိုဒ် ဖြစ်ပါတယ်။ ဒီကဗျာကို ဘာကြောင့် အရေး ယူရတာလဲ။ ဒီလိုပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးတင်ဦးတို့ ဦးဆောင်တဲ့ NLD ပါတီဝင်တွေဟာ အထက်ဗမာပြည် စည်းရုံးရေးဆင်းနေတုန်း ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကျီရွာနားမှာ စစ်အာဏာရှင်တွေနဲ့ လက်ပါးစေတွေရဲ့ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတယ်။ ဒီပဲယင်းအရေးအခင်းလို့ လူသိများတာပေါ့။ ဒီအကြောင်းကို စောင်း မြောင်း ရေးတဲ့ကဗျာမို့ အရေးယူတာပါ။ ကြားဖြတ်ပြောရရင် ဒီပဲယင်းလူသတ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို NLD ပါတီဝင်တွေက အသေခံ ကာကွယ်ခဲ့ကြလို့ သေကံမရောက် သက်မပျောက်ခဲ့တာပေါ့။ အဲ့ဒီအကြမ်းဖက်တိုက်ခိုက်မှုဟာ ဒီနေ့ ၂၀၂၄ ခုနှစ် မေ ၃၀ မှာ ၂၁ နှစ် ရှိပါပြီ။၏
ဒီမြို့မှာ
သစ္စာဖောက်တွေ
အတောင်ပေါက်ခဲ့ရတယ် ။
ဒီမြို့မှာ
လူငယ်လေးတစ်ယောက်
သူ့ရဲ့မော်တော်ဆိုင်ကယ် ကျပျောက်ခဲ့ရတယ် ။
ဒီမြို့မှာ
အမျိုးသမီးတစ်ယောက်
သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ရတယ် ။
(ကြည်မောင်သန်း)
*၂၀၀၈ ဇွန် ချယ်ရီမဂ္ဂဇင်းပါ ဒီပရင်္ဂကဗျာမှ......
အမျိုးသမီးတယောက် ဆိုတာကတော့ အောင်ဆန်းစုကြည်ပဲပေါ့။ စည်းရုံးရေး ကားတန်းမှာ လိုက်ပါခဲ့တဲ့ NLD လူငယ်လေးတွေရဲ့ ကားတွေ ဆိုင်ကယ်တွေ အားလုံးကို စစ်အာဏာရှင် လက်ပါးစေတွေက ဖျက်ဆီး လုယူသွားခဲ့ကြတယ်။ ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရရှိသူ အရေအတွက်ဟာ ရာနဲ့ချီတယ်လို့ NLD ပါတီ ဖက်က ပြောပါတယ်။ အဲ့ဒီအချိန်က စစ်တပ် နအဖ အစိုးရကတော့ ၄ ဦးသေပြီး ဒဏ် ရာ ၅၀ ကျော်လို့ထုတ်ပြန်ခဲ့တယ်။ စစ်တပ်ဟာ စာရင်းတွေကို အမြဲလျှော့ ပေါ့ ပြောပါတယ်။ ဥပမာ - သင်္ကြန်ကာလ ၅ ရက်တာမှာ လူ ၃၀ လောက်ပဲ သေတယ်လို့ စစ်တပ်က သတင်းထုတ်လေ့ရှိတာ နှစ်စဉ်ပါ။ တကယ်က သင်္ကြန်ကာလတိုင်း လူ ၄၀၀ ကျော် သေလေ့ရှိတာကို ဆေးရုံတွေ၊ ဆေးခန်းတွေ၊ နာရေးကူညီမှုအသင်းတွေရဲ့ စာရင်းတွေအရ သိနိုင်တာပါ။ နောက်ဥပမာတခုကို ပြောရရင် NUG ဒီဒေးခေါ်အပြီး စစ်တပ် စစ်သား ရဲသား သေဆုံး ဖမ်းဆီး ရရှိဦးရေ ၅၄၀၀၀ ကျော်နေပါပြီ။ အာဏာသိမ်းစစ်ကောင်စီက သူ့ရဲ့ တပ်သား ကျဆုံးစာရင်း ကြေညာတာ ၁၀၀၀ မပြည့်သေးပါဘူး။ လွန်ခဲ့တဲ့ ၂၁ နှစ် ဒီနေ့လိုအချိန် စစ်တပ်အကြမ်းဖက်မှု ဒီပဲယင်းသွေးမြေကျပွဲတုန်းတော့ NLD ပါတီဝင်နဲ့ ထောက်ခံသူ ပြည်သူ ရာနဲ့ချီသေပြီး ဦးတင်ဦး ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် ဒဏ်ရာရသူတွေ အများအပြား ရှိခဲ့ပါတယ်။ ထုံးစံအတိုင်း အကြမ်းဖက် စစ်တပ်ကတော့ သူ့လက်ချက် မဟုတ်ပါလို့ ငြင်းနေတုန်းလေ။ ဒါပေမဲ့ ရှေ့ကဖုံး နောက်ကဖော်ဆိုသလို အဲ့သည်အချိန်က စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ခင်ညွန်ကတော့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေလက်ချက်ပါလို့ ပြောထားပါတယ်။
ဒီမြို့မှာ
အံကြိတ်ရ၊ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိတယ် ။
တစ်နေ့တော့
မိုးနည်းတဲ့ဒီဒေသ
နွေနှောင်းအခါသမယမှာ
မိုးရွာဖို့မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမဲ့
ရုတ်တရက် မိုးကြီးရွာချလိုက်တယ် ။
ဆင်ခြေရာတွေတောင်
တိမ်ကောပပျောက်သွားအောင် ရွာတဲ့မိုးမို့
အညာအခေါ် ဆင်ရာတိမ်မိုးတဲ့လေ ။
မုံရွာ ရေဦးလမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည့်မိတဲ့အခါ
အတိတ်တစ္ဆေက ငါ့ကို
ခြောက်လှန့်နေလေရဲ့ ။ ။
ကြည်မောင်သန်း
*(ချယ်ရီမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၀၈)
ချယ်ရီ မဂ္ဂဇင်းအယ်ဒီတာနှုတ်ထုတ်ခံခဲ့ရတဲ့ ဒီပရင်္ဂ ခေါ် ဒီပဲယင်း ကဗျာဖြစ်စေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် သေကံမရောက်ပေမဲ့ NLD တွေ ရာချီ သေဆုံးခဲ့တဲ့ ဒီပဲယင်း လူသတ်ပွဲကြီးကို ဗိုလ် ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် ညွှန်ကြား ခိုင်းစေခဲ့ပါ။ ဒီနေ့ ၂၀၂၄ ခုနှစ် မေလ ၃၀ ရက်မှာ ၂၁ နှစ် ပြည့်ပြီနော်။ ၂၀၀၃ မေ ၃၀ ဒီပဲယင်းလူသတ်ပွဲကာလ လျှို့ဝှက်ချက်ကို စစ်အာဏာရှင်ကြီး ဦး (ဗိုလ်ချုပ်ကြီး) ခင်ညွန့်က သူ့ရဲ့ ကိုယ်တိုင်ရေး စာအုပ် အခန်း ၂၆ ဒီပဲယင်းအကြောင်းမှာ အခုလို ရေးသားထားတာပါ။
#အခန်း ၂၆
#ဒီပဲယင်းအဖြစ်အပျက်နှင့်ကျွန်တော်
ဒီအဖြစ်အပျက်နဲ့ပတ်သက်၍ ကျွန်တော်မသိပါဟုပြောလျှင် ကျွန်တော် လိမ်ရာ ရောက်ပါမည်။ ကျွန်တော်က အတွင်းရေးမှူး (၁) ဆိုတော့ ဒီကိစ္စကလည်း နိုင်ငံရေးဖြစ်စဉ်ဖြစ်တာကြောင့် ကျွန် တော်မသိ၍မဖြစ် သိပါ သည်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ယာဉ်တန်းရှည်ကြီးဖြင့် ရှေ့ပြေးမော်တော်ဆိုင်ကယ်အုပ်စုကြီးဖြင့် လှည့်လည်ကာ စည်းရုံးရေးတရားတွေ ဟောနေသည့်အချိန်ဖြစ်ပါသည်။ ဒီလို အုတ်အော် သောင်းနင်းဖြစ်ပေါ်နေသည့်အချိန်ဆိုတော့ အစိုးရအဖွဲ့အတွက် စိုးရိမ်စိတ်ဖြစ်ပေါ်နေတာကတော့ အမှန်ဖြစ်ပါသည်။
ဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းရှည်ကြီးဟာ မန္တလေးမှ ထွက်ခွာပြီး လမ်းတလျှောက် စည်းရုံးရေးတရားတွေ ဟောရင်းနဲ့ မုံရွာမြို့လည်းရောက်ရော နအဖ ဥက္ကဋ္ဌ (ဦးသန်းရွှေ) က ကျနော်တို့လူကြီးပိုင်း ၅ ယောက်၊ ၆ ယောက်ကို သူ့အခန်းသို့ ခေါ်လိုက်ပါသည်။ ကျနော်တို့ လူလည်းစုံရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တားဆီးရမယ်၊ ဖြစ်တဲ့နည်းနဲ့ တားဆီးရမယ်လို့ ပြောပါတယ်။ ထိုအချိန်တွင် ကျနော်ကပဲ အကြမ်းဖက်တားဆီးတာမျိုး မလုပ်သင့်ကြောင်းပြောသောအခါ ကျနော်တင်ပြမှုကို လူကြီး (ဦသန်းရွှေ) က သဘောမတူပါ။ အဲ့ဒါကလည်း ကျနော်အတွက် ကောင်းသည်ဟု မြင်ပါသည်။ ဒီမှာတင်ပဲ ဒီကိစ္စနဲ့ ပတ်သက်၍ ကျနော်ကို လုံး၀တာဝန်မပေးတော့ပဲ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကို ဦးဆောင်စေကာ အဖွဲ့ဝင်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်ကို လိုက်ပါစေလျက် ရဟတ်ယာဉ်ဖြင့် မုံရွာမြို့ကို လိုက်ပါ လုပ်ဆောင် စေပါတော့သည်။
#ကျွန်တော့်မှာလည်း တာဝန်ရှိပါသည်
ထိုအချိန်က တိုင်းမှူးကတော့ ဗိုလ်မှုးချုပ်စိုးနိုင် ဖြစ်ပါသည်။ အသေးစိတ် စီစဉ်ညွှန်ကြားမှုတွေတော့ မသိတော့ပါ။ သို့သော် ထောက်လှမ်းရေးတပ်ဖွဲ့တွေက တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းမှာ တိုင်းမှူး၏ ကွပ်ကဲမှုအောက်မှာ ရှိတာကြောင့် တချို့ဖြစ်စဉ်တွေကို ကျနော် သိနေရတာ အမှန်ပဲ ဖြစ်ပါတယ်။ ထို့ကြောင့် ဒီဖြစ်စဉ်ကြီးတခုလုံးမှာ ကျနော် ဦးဆောင်ပါဝင်ရခြင်းမဟုတ်သော်ငြား လည်း ကျနော်သည် အစိုးရအဖွဲ့ဝင် ထိပ်ပိုင်းခေါင်းဆောင်တယောက်ဖြစ်တာကြောင့် ကျနော်မှာလည်း တာဝန်ရှိသည်ဟု ခံယူပါသည်။ အစိုးရအဖွဲ့ဆိုတာ အဖွဲ့ဝင်အားလုံး တိုင်ပင်ခြင်း၊ အသိပေးခြင်းဖြင့် လုပ်ငန်းတခုကို ကောင်အထည်ဖော်ရတာဖြစ်သောကြောင့် ဘယ်လိုကိစ္စရပ်မျိုးပဲဖြစ်ဖြစ် ဖြစ်ပေါ်လာသည့် အကြောင်းတရားနဲ့အကျိုးဆက်များအပေါ်မှာ အစိုးရအဖွဲ့ဝင်အားလုံးမှာ တာဝန် ရှိကြတာပါပဲ။ အားလုံးက တာဝန်ခံကြရမှာ ဖြစ်ပါတယ်ဟူ၍ ပြောလိုပါတယ်။"
အထက်စာသားတွေကတော့ ဦးခင်ညွန့် ( ဗိုလ်ချုပ်ကြီးဟောင်း)ရေးတဲ့ 'ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘ၀ အထွေထွေ' စာအုပ်ပါ ဒီပဲယင်းအကြောင်း ကူးယူဖော်ပြချက်ပါ။ တွင်း (၁) နအဖကြီး ခင်ညွန့်ကိုယ်တိုင် ဖော်ကောင်ပါပဲ။
# ဒီပဲယင်း၂၁ နှစ်နဲ့နွေဦးတော်လှန်ရေး
၂၀၀၃ မေ ၃၀ သောကြာက ဖြစ်ခဲ့တဲ့ ဒီပဲယင်းအကြမ်းဖက်မှုကြီး ၂၁ နှစ် ရှိပြီ။ ဒီနေ့ စစ်ကောင်စီ (စစ်အာဏာရှင်၊ စစ်တပ်) ဟာ ဒီပဲယင်းသတ်ပွဲတုန်းက စနစ်တကျ ကြိုတင် စီမံ ပြင်ဆင် သတ် ဖြတ် အကြမ်းဖက်ခဲ့တယ်။ NLD တွေ ဝန်းရံ ပြည်သူတွေ ကြောက်သွားအောင်လုပ်ခဲ့တယ်။ ဒါပေမဲ့ ပြည်သူလူထုတွေကမကြောက်ပဲ ရှေ့တိုး တိုက်ပွဲဆက်ဝင်ခဲ့လို့ NLD အစိုးရတောင် ဖြစ် လာခဲ့ပြီးပါပြီ။ ၂၀၂၁ ခုနှစ်မှာ စစ်ကောင်စီက မတရား အာဏာထပ်သိမ်းပြန်တော့လည်း ရဲရဲ တောက် ဆန္ဒပြခဲ့ကြပါပြီ။ ဒီနေ့အထိလဲ ဆန္ဒပြပွဲတွေ ဆက်လုပ်နေကြတုန်းပါ။ ဆန္ဒပြပြည်သူတွေ အာဏာသိမ်းတာ လက်မခံသူတွေကို စစ်တပ်က သတ်နေခဲ့တာလည်း ၅၁၆၀ ဦး ရှိပါပြီ။ ပြည်သူ ၂၀၀၀၀ ကျော်ကိုလည်း ဖမ်းထားဆဲပါ။ စစ်တပ် မီးရှို့ဖျက်ဆီးလိုက်တဲ့ နေအိမ်ပေါင်းလည်း သိန်းချီ ရှိနေပြီ။ ဒါကြောင့် စစ်အာဏာရှင်ဆိုတာ နိုင်ငံရေးစကား မပြောတတ်သူ၊ စေ့စပ်တာကို နားမလည်သူ၊ အပြုတ်တိုက်မှ ရမယ့်သူတွေ ဆိုတာကို ပြည်သူတွေနဲ့ နွေဦး တော်လှန်ရေးသမားတွေက သိရှိနေကြပါပြီ။ (တခါသေဘူး ပျဉ်ဖိုးနားလည်ရုံမက အခါခါသေဘူးကြလို့ သစ်ဆိုင်မှာတောင် မန်နေဂျာ လုပ်နေကြပါပြီ)။ ဒါကြောင့် နွေဦးတော်လှန်ရေး ၄ နှစ်ကာလအတွင်း၊ ဒီပဲယင်း ၂၁ နှစ်ပြည့်မှာ မတရားသူ စစ်အာဏာရှင်နဲ့ တရားသဖြင့် အခွင့် အရေး ပြန်ရလိုကြသူ ပြည်သူဟာ ဂူတဂူထဲက ခြင်္သေ့ ၂ ကောင် (အတူအောင်းနေလို့) မရပါ ဟု သာ ...။ ။
၂၁ နှစ်၊ ကြာပြီဖြစ်လည်း
မေ့ပြစ်ဖို့ရာ၊ မရှိပါ
သူငါရင်တွင်း၊ ဒီပဲယင်း လျှင်
ကမ္ဗည်းတင်လို့ထားလိုက်ပြီ။ ။
မောင်တူး
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar